လမ်းသွားနေတဲ့အချိန် သင့်နောက်ကို တစ်စုံတစ်ယောက်က လိုက်လာရင် ပြုလုပ်သင့်တဲ့အချက် (၁၁) ချက်

ပုံမှန်ဆိုရင်တော့ သင့်ကိုစိတ်ဝင်စားနေတဲ့ တစ်စုံတစ်ယောက်ရှိတာက အကောင်းဆုံးပါပဲ။ ဒါပေမယ့် ချစ်လို့ကြိုက်လို့ နောက်ကလိုက်နေတာ မဟုတ်ဘဲ သင့်အသက်ကို ရန်လိုချင်လို့ပဲဖြစ်ဖြစ်၊ ပစ္စည်းတွေကို လုယက်ချင်လို့ပဲဖြစ်ဖြစ် နောက်ကနေ လိုက်နေတယ် ဆိုရင်တော့ အန္တရာယ်များလွန်းပါတယ်။

ဒါကြောင့် အပြင်သွားတဲ့အချိန် တစ်ယောက်ယောက်က သင့်ကို နောက်ယောင်ခံ လိုက်လာတယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲ ဆိုတာကို love media ကနေ ပြောပြပေးပါမယ်နော်။

၁။ သင့်ပတ်ဝန်းကျင်ကို သတိထားကြည့်ပါ။

လမ်းနာမည်တွေ၊ အိမ်နံပါတ်တွေ၊ အဆောက်အဦတွေ၊ စတိုးဆိုင်တွေနှင့် ကော်ဖီဆိုင်တွေအပါအဝင် အသေးစိတ်အားလုံးကို ဂရုပြုပါ။ သင်ရဲ့ တည်နေရာကိုအတိအကျကိုသိခြင်းက သင့်ကို လိုအပ်တဲ့ အကူအညီတွေရဖို့ ကူညီပေးပါလိမ့်မယ်။ အဝင်အထွက်လမ်း တစ်ခုတည်း ဒါမှမဟုတ် ၂ လမ်းသာရှိတဲ့ လမ်းကြားတွေနှင့် စင်္ကြံတွေလိုမျိုး ကျဉ်းမြောင်းပြီး မီးမှိန်မှိန်ရှိတဲ့ လမ်းကြောင်းတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

၂။ အကူအညီတောင်းပါ။

အနီးနားမှာရှိတဲ့ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုဝင်တွေကို ဖုန်းခေါ်ဆိုဖို့ သင့်ဖုန်းကို အသုံးပြုပါ။ သင့်ရဲ့တည်နေရာကိုပြောပြပြီး သင့်ကိုလာခေါ်ခိုင်းပါ။ ကော်ဖီဆိုင် ဒါမှမဟုတ် စတိုးဆိုင်လိုမျိုး အများသူငှာနေရာတွေမှာ ချိန်းတာက ပိုကောင်းပါတယ်။

သင့်မှာ ဖုန်းပါမလာတာပဲဖြစ်ဖြစ်၊ အားကုန်သွားတာပဲဖြစ်ဖြစ် နီးစပ်ရာနေရာကနေ ဖုန်းငှားပြီး ဆက်ပါ။ သင့်နောက်ကို လူတစ်ယောက်လိုက်နေကြောင်း သူတို့ကိုပြောပြပြီး ဖုန်းလေး ခဏငှားပေးဖို့ အမှန်အတိုင်း ပြောပြပါ။

၃။ လူစည်ကားတဲ့ နေရာတွေကိုသွားပါ။

သင့်နောက်ကို တစ်ယောက်ယောက်က လိုက်နေတယ်ဆိုရင်တော့ လူစည်ကားတဲ့ နေရာတွေထဲကို တိုးဝင်လိုက်တာ အကောင်းဆုံးပါပဲ။ သူကလည်း သင့်ကို ရှာတွေ့ဖို့ ခက်ခဲနိုင်သလို သူလုပ်မယ့် အရာအတွက်လည်း ခက်ခဲသွားစေနိုင်ပါတယ်။

တကယ်လို့ သင်ကလူရှုပ်တဲ့ လမ်းမကြီးကနေ ထွက်လာခဲ့ရင်လည်း ရုတ်တရက် တစ်ခုခုကို မေ့သွားခဲ့သလိုလုပ်ပါ။ သင့်အိတ်ကပ်တွေကို စစ်ဆေးပြီးတော့ ကျယ်လောင်စွာ သက်ပြင်းချပါ၊ သင့်ပိုက်ဆံအိတ်ကို မေ့သွားကြောင်း လူကြားအောင်ပြောပြီး လမ်းကြောင်းပြောင်းပါ။

၄။ သင့်အိမ်ကို တိုက်ရိုက်မပြန်ပါနဲ့။

သင့်အိမ်ကို ပြန်တာက အလုံခြုံဆုံးဆိုပေမယ့် နောက်တစ်ခါကျရင် သင့်အိမ်ရှေ့မှာ လာစောင့်နေနိုင်ပါတယ်။ ဒါကြောင့် သင့်နောက်က တစ်စုံတစ်ယောက် လိုက်တာတာ မသေချာတော့ဘူးဆိုမှ အိမ်ကိုပြန်ပါ။

၅။ မထင်မှတ်ထားတဲ့ နေရာတွေမှာ ရပ်နားခြင်းတွေ ပြုလုပ်ပါ။

ကော်ဖီဝယ်ဖို့ လမ်းဖြတ်ကူးပါ။ အလုပ်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ဝင်လည်ပါ။ ကုန်တိုက်မှာ ဈေးဝယ်ထွက်ပါ။ သင့်လမ်းကြောင်းကို တတ်နိုင်သမျှ ရှုပ်ထွေးအောင်လုပ်ပါ။ ဒီလိုတွေ လျှောက်သွားနေတာက သင့်ကို ခြေရာခံဖို့ ပိုမိုခက်ခဲစေမှာဖြစ်ပြီး stalker ကတောင် သင့်နောက်လိုက်နေရတာ ငြီးငွေ့လာမှာပဲဖြစ်ပါတယ်။

၆။ သင့်နောက်လိုက်နေတဲ့သူကို မျက်ခြေမပြတ်စောင့်ကြည့်ပါ။

သင်ကလည်း သင့်နောက်လိုက်နေတဲ့သူရဲ့ အခြေအနေကို ကြည့်သင့်ပါတယ်။ သူသတိထားမိအောင် တိုက်ရိုက်ကြီးမကြည့်ပဲ ကားနောက်ကြည့်မှန်တွေ၊ စားသောက်ဆိုင်မှန်တွေကနေ မသိမသာ အကဲခတ်ပါ။ ဒီလိုကြည့်တာက သင့်နောက်ကို လိုက်နေတဲ့သူရဲ့ ရုပ်သွင်ကို မှတ်မိနိုင်ပြီး အကူအညီ တောင်းခံတဲ့အခါမှာလည်း အသုံးဝင်လာနိုင်ပါတယ်။

၇။ သင်ရဲ့ အသွင်အပြင်ကို ပြောင်းလဲပါ။

တကယ်လို့ သင်က အနွေးထည်ဝတ်ထားတယ်ဆိုရင် အနွေးထည်ကို ချွတ်လိုက်ပါ။ ဂျာကင်အင်္ကျီ၊ hoodie ဒါမှမဟုတ် ကုတ်အင်္ကျီမပါတာက လူစုလူဝေးထဲမှာ သင့်ကို ရှာတွေ့ဖို့ ခက်ခဲစေပါလိမ့်မယ်။ ပုဝါကို ခြုံလိုက်တာပဲဖြစ်ဖြစ်၊ နေကာမျက်မှန်ကို တပ်လိုက်တာပဲဖြစ်ဖြစ် အဓိကက သင့်ကို မမှတ်မိစေဖို့ လိုပါတယ်။

၈။ တစ်ယောက်ယောက်ကို စကားပြောပါ။

လမ်းပေါ်က တစ်ယောက်ယောက်နဲ့ စကားပြောဖို့ ကြိုးစားပါ။ သင်တစ်ဦးတည်းမဟုတ်ကြောင်းကို သင့်နောက်လိုက်နေသူ အထင်လွဲသွားစေဖို့နဲ့ သင့်သူငယ်ချင်းတွေနဲ့ အတူတူ ရှိနေတယ်လို့ ထင်ရအောင် ဟန်ဆောင်ပါ။

သင်ဆုံဖူးတဲ့ ဘယ်သူမဆိုနဲ့ စကားပြောပါ။ သင့်နောက်ကို တစ်ယောက်ယောက်က လိုက်နေကြောင်း သူတို့ကို အသိပေးပြီး အိမ်ပြန်ဖို့ လိုက်ပို့ပေးနိုင်မလား ဆိုတာကို မေးပါ။

၉။ တစ်ချက်တစ်ချက် နောက်လှည့်ကြည့်ပါ။

တကယ်လို့ သင့်ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူး ဆိုရင်တော့ သူ့ကို ရဲရဲတင်းတင်း လှည့်ကြည့်လိုက်ပါ။ လှည့်ကြည့်တဲ့ အချိန်မှာလည်း မျက်လုံးချင်းဆုံအောင် ကြိုးစားပြီးတော့ ငါမကြောက်ဘူးဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်ပါ။ ယုံကြည်ချက်ရှိတဲ့ ခံစားချက်ကို ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ။ ဒါပေမယ့် သူကို ငုံ့ကြည့်ဖို့ မကြိုးစားပါနဲ့။ သင့်ရဲ့ကြိုးစားအားထုတ်မှုက အလကား ဖြစ်သွားနိုင်ချေရှိပြီး သူ့ကိုတောင် ဒေါသထွက်စေပါလိမ့်မယ်။

၁၀။ ဆူဆူညံညံတွေ လုပ်ပါ။

သင်က ကျဉ်းထဲကျပ်ထဲ ရောက်နေတယ်လို့ ခံစားရရင် “မီး” လို့သာ ထအောင်လိုက်ပါ။ "ကူညီကြပါ" ဆိုတဲ့စကားထက် ဒီစကားလုံးက လူတွေကို ချက်ချင်းတုံ့ပြန်စေနိုင်ပါတယ်။ ကျယ်လောင်တဲ့အသံတွေက အခြေအနေကို တစ်ပြိုင်နက်တည်း အာရုံစိုက်နိုင်ပြီး နောက်ယောင်ခံလိုက်နေသူကို ကြောက်လန့်စေနိုင်ပါတယ်။ ဒါပေမယ့်လည်း တချိုု့ကိစ္စတွေမှာတော့ တဖက်လူကို ပိုပြီး စိတ်တိုစေနိုင်ပါတယ်။

၁၁။ သင့်ရဲ့ သော့တွေကို အဆင်သင့်ပြင်ထားပါ။

တကယ်လို့ သင့်မှာ ကားပါလာတယ် ဆိုရင်တော့ ကားထဲကို အဆင်သင့် ဝင်လို့ရအောင် သော့တွေကို အသင့်ပြင်ထားပါ။ ကားထဲမှာ သင့်ကိုဘေးကင်းစေနိုင်ပြီး သင်သွားချင်တဲ့ နေရာကိုလည်း မြန်မြန်ရောက်စေနိုင်ပါတယ်။ တကယ်လို့ ကားထဲဝင်ဖို့ အခက်အခဲ ဖြစ်တယ်ဆိုရင်လည်း လက်ထဲမှာ သော့ကိုထည့်ပြီးတော့ ဆုံးမပေးလိုက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments