ရက်အနည်းငယ်ကြာ ရေမချိုးဖြစ်ရင်တောင် ခန္ဓာကိုယ်မှာ အနံ့သက်ဆိုးမထွက်စေမယ့် နည်းလမ်း (၁၀) ခု

ရေချိုးတာက ခန္ဓာကိုယ်ကို သန့်စင်လန်းဆန်းစေပြီး အခြား အကျိုးရလဒ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ခရီးသွားတဲ့အခါ၊ ရေချိုးဖို့ အချိန်မရတဲ့အခါ စတဲ့အချိန်တွေလည်း ရှိလာတတ်ပါတယ်။

အဲဒါကြောင့် ရက်အနည်းငယ်ကြာ ရေမချိုးဖြစ်ရင်တောင် ခန္ဓာကိုယ်ကို သန့်ရှင်းနေစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ Body oil

ခန္ဓာကိုယ်မှာ အမွှေးရနံ့ ကြာရှည်စွဲနေစေဖို့ ရေမွှေးအစား Body oil ကို အသုံးပြုပါ။ Body oil မှာ ရွေးချယ်စရာ သဘာဝဆန်တဲ့ရနံ့တွေ ရှိပါတယ်။ Body oil ကို အသားထဲကို စိမ့်ဝင်‌အောင် ပွတ်တိုက်ထားပေးရုံပါပဲ။

၂။ Baby wipes

ကလေးတွေ အသုံးပြုတဲ့ Baby wipes ပိတ်စလေးက ရေမချိုးဖြစ်ရင်တောင် သန့်ရှင်းစေဖို့ ကူညီပေးပါတယ်။ Baby wipes ပိတ်စလေးတွေက အနံ့ဆိုးတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးတာကြောင့် အမြဲဆောင်ထားသင့်ပါတယ်။

၃။ ချွေးနံ့ပျောက်ဆေး

ရေမချိုးဖြစ်တဲ့အခါ ချွေးနံ့တွေက မိမိကိုယ်တိုင်တောင် စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ချွေးနံ့ပျောက်ဆေးကို တစ်နေ့နှစ်ကြိမ်ခန့် အသုံးပြုပေးရင် ချွေးနံ့တွေ အရမ်းထွက်နေမှာကို စိတ်ပူစရာ မလိုတော့ပါဘူး။

၄။ အတွင်းခံအဝတ်အစား

ခန္ဓာကိုယ်အတွင်းပိုင်းတွေမှာ ချွေးတွေနဲ့ ပူနွေးစိုစွတ်နေတတ်ပါတယ်။ အဲဒါကြောင့် ရေမချိုးဖြစ်တဲ့အခါ အတွင်းခံအဝတ်အစားတွေကို လဲလှယ်ပေးရင် အနံ့အသက်ဆိုးတွေ သက်သာသွားမှာပါ။

၅။ ခြေအိတ်

ချွေးထွက်အများဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းထဲမှာ ခြေထောက်လည်း ပါပါတယ်။ ခြေအိတ်ကို တစ်ချိန်လုံး ဝတ်ထားတဲ့အခါ အနံ့ဆိုးတွေ ထွက်နေမှာပါ။ အဲဒါကြောင့် ခြေအိတ်ကို ပုံမှန်လဲလှယ်ပေးပြီး ရှူးဖိနပ်ထဲကိုလည်း ပေါင်ဒါမှုန့်အနည်းငယ် ဖြူးထားလို့ ရပါတယ်။

၆။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အစပ်တွေကို ရှောင်ပါ။

စားတဲ့အစားအစာတွေကြောင့်လည်း ခန္ဓာကိုယ်မှာ အနံ့ဆိုးတွေ ပိုထွက်လာတတ်ပါတယ်။ အဲဒါကြောင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ အစပ်ပါတဲ့ အစားအစာတွေကို ရှောင်ပြီး အသီးအရွက်နဲ့ အသီးအနှံကိုသာ များများစားပါ။

၇။ တင်းကျပ်သော အဝတ်အစားများ

တင်းကျပ်ပြီး လေဝင်လေထွက် မကောင်းတဲ့ အဝတ်အစားတွေကြောင့် ခန္ဓာကိုယ်မှာ ချွေးတွေ ပိုထွက်ပြီး အနံ့အသက်ဆိုးတွေ ရလာမှာပါ။ ရက်အနည်းငယ်ကြာ ရေမချိုးဖြစ်တဲ့အခါ ပွပွချောင်ချောင်နဲ့ ချွေးစုပ်ယူတဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ပါ။

၈။ Dry Shampoo

ရေမချိုးဖြစ်လို့ ခေါင်းမလျှော်ဖြစ်တဲ့အခါ စိတ်ညစ်စရာမလိုတော့ပါဘူး။ Dry shampoo ကို ဆောင်ထားပြီး အသုံးပြုရင် ဆံပင်မှာ ဆီတွေထွက်လာတာကို နည်းပါးသွားစေမှာပါ။ Dry Shampoo က ရနံ့လည်းမွှေးတဲ့အပြင် အသုံးပြုလိုက်ရင် ဆံပင်ကို ထူတယ်လို့ ထင်ရစေပါတယ်။

၉။ ခေါင်းစည်းပုဝါ

Dry Shampoo လည်း ရနိုင်ဖို့အဆင်မပြေတဲ့အခါ ခေါင်းမှာ ပုဝါကို ပတ်ထားလိုက်ပါ။ အဲဒီအခါ ဆံပင်မှာ ဖုန်နဲ့အညစ်အကြေးတွေ မဝင်အောင် ကာကွယ်ပြီးသားလည်းဖြစ်သလို အနံ့ဆိုးတွေလည်း မထွက်တော့ပါဘူး။

၁၀။ အသားအရေကို ရေဓာတ်ဖြည့်ပါ။

ရေဓာတ်ဖြည့်တာက အနံ့ဆိုးတွေကို ကာကွယ်တဲ့နည်း တစ်မျိုးပါပဲ။ အဲဒါကြောင့် ရေများများ သောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တဲ့ခရင်မ်တွေကိုလည်း လိမ်းပေးလို့ ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments