ငွေထည်ပစ္စည်းတွေကို အရောင်မမှိန်သွားစေမယ့် နည်းလမ်းများ

အချိန်တွေကြာလာတာနဲ့အမျှ ဓာတုဓာတ်ပြုမှုကြောင့် ငွေထည်ပစ္စည်းတွေ အရောင်တွေ မှေးမှိန်လာတာ၊ မည်းလာတာတွေ ဖြစ်ပေါ်လာပါတယ်။ အရောင်မှေးမှိန်လာတာက ငွေထည်ပစ္စည်းတွေတင် မကပါဘူး။ ကြေးနီ၊ အလူမီနီယမ်၊ ကြေးနဲ့ အခြားသတ္တုတွေမှာလည်း အရောင်တွေ မှေးမှိန်လာပါတယ်။

ငွေထည်တွေ အရောင်မှေးမှိန်ရတဲ့ အကြောင်းအရင်း

ငွေထည်တွေ အရောင်မှေးမှိန်လာရတဲ့ အကြောင်းအရင်းကတော့ ဆာလဖာဒြပ်ပေါင်းတွေနဲ့ ဓာတ်ပြုမှုကြောင့်ပါ။ ရလဒ်အနေနဲ့ silver sulphide  ဖြစ်လာပါတယ်။ ဆာလဖာဒြပ်ပေါင်းတွေကို ကြက်ဥပြုတ်၊ မရောနိစ်တို့မှာ တွေ့ရပါတယ်။

လေနဲ့ထိတွေ့တဲ့အခါ ငွေက ဟိုက်ဒရိုဂျင်ဆာလဖိုက်နဲ့ ဓာတ်ပြုပြီး မည်းသွားပါတယ်။ ငွေထည်ပစ္စည်းတွေကို ရေငွေ့များတဲ့နေရာမှာထားရင် မည်းလာတာ ပိုမြန်ပါတယ်။ ရေမွှေး၊ ဆံပင်ဖျန်းဆေး၊ ချွေးနံ့ပျောက်ဆေး၊ moisturizers တို့နဲ့ ငွေထည်တွေ ထိတွေ့တာများရင်လည်း အရောင်မည်းသွားပါတယ်။ အရောင်မှေးမှိန်သွားတာက အပေါ်ယံလွှာမှာပဲ ဖြစ်ပေါ်တာပါ။

ငွေထည်တွေ အရောင်မမှိန်သွားအောင် ဘယ်လိုကာကွယ်မလဲ

- ငွေထည်ပစ္စည်းတွေကို သိမ်းဆည်းတဲ့အခါ အေးပြီးခြောက်သွေ့တဲ့နေရာ၊ နေရောင်ခြည်နဲ့ဝေးတဲ့နေရာမှာ သိမ်းသင့်ပါတယ်။ လေမဝင်အောင် လေလုံအိတ်နဲ့ သိမ်းဆည်းပါ။ အိတ်ထဲမှာ ဆီလီကာဂျယ်လေးတွေ ထည့်လို့ရပါတယ်။ ဆီလီကာဂျယ်လေးတွေက ရေငွေ့တွေကို စုပ်ပေးတာကြောင့် အရောင်သိပ်မမှိန်တော့ပါဘူး။

- ငွေထည်ပစ္စည်းတွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။ ရေနွေးနဲ့ဆေးကြောပြီး ငွေထည်တွေကို အရောင်တင်ပေးတဲ့ အဝတ်စလေးနဲ့ ပွတ်တိုက်ပေးပါ။

- ပန်းကန်ဆေးတဲ့အခါ၊ ထမင်းဟင်းချက်ပြုတ်တဲ့အခါမှာ ငွေထည်ပစ္စည်းတွေကို ချွတ်ထားပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ ရေချိုးတဲ့အခါတွေမှာ ငွေထည်ကို ဝတ်ထားရင် အရောင်မှိန်တာ ပိုမြန်ပါတယ်။

- ငွေထည်တွေကို rhodium နဲ့ အရောင်တင်လို့ရပါတယ်။ အဲဒီအခါ အချိန်ကြာရှည် တောက်ပနေမှာပါ။

အရောင်မှိန်နေတဲ့ ငွေထည်တွေကို သန့်ရှင်းရေးလုပ်နည်း

အိမ်မှာ အရောင်တင်မယ်ဆိုရင် အရောင်တင်တဲ့ အဝတ်စလေးကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ငွေထည်ပစ္စည်းတွေက အရမ်းကို မည်းနေတယ်ဆိုရင်တော့ ငွေထည်ဆိုင်မှာ အရောင်တင်တာ ပိုကောင်းပါတယ်။ အရောင်တက်လာစေဖို့ ငွေထည်ပစ္စည်းတွေကို ပွတ်တိုက်တဲ့အခါ အလေးချိန်က အနည်းငယ်တော့ လျော့သွားမှာပါ။

နောက်တစ်နည်းကတော့ အလူမီနီယမ်နဲ့ အရောင်တင်တာပါ။ ပန်းကန်‌ဇောက်ထဲကို အလူမီနီယမ် အလွှာပြားနဲ့ ကပ်လိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ဆားအနည်းငယ်၊ ရေပွက်ပွက်ဆူကို ပန်းကန်လုံးထဲကိုလောင်းထည့်ပါ။ အဲဒီနောက် အရောင်မှိန်နေတဲ့ ငွေထည်ပစ္စည်းကို ပန်းကန်လုံးထဲ ထည့်လိုက်ပါ။

ငွေထည်ပစ္စည်းက အလူမီနီယမ်အလွှာပြားကို ထိဖို့လိုပါတယ်။ အဲဒီနောက် ဓာတုဓာတ်ပြုမှုတွေ ဖြစ်လာပါတယ်။ နောက်ဆုံးမှာတော့ ငွေထည်ပစ္စည်းပေါ်က အရောင်မှိန်တာတွေ ပျောက်သွားပါတယ်။

lovemedia

Post a Comment

0 Comments