မောင်နှမတွေကြား မနာလိုမှုတွေ ကင်းဝေးစေမယ့်နည်းလမ်း (၈) ခု

ညီအစ်ကိုချင်း မနာလိုဖြစ်တာက မောင်နှမချင်း မနာလိုဖြစ်တာထက် ပိုဆိုးတယ်လို့ ဆိုပါတယ်။ ဒီလိုမနာလိုဖြစ်မှုတွေဟာ ကလေးတိုင်းမှာ ရှိနေတတ်ပြီး ဒီလိုအကျင့်တွေ ပျောက်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ love media ကနေ ပြောပြပေးပါမယ်နော်။

၁။ ကလေးရဲ့ စိတ်ခံစားချက်တွေကို လက်ခံပါ။

ကလေးတွေရဲ့ စိတ်ခံစားချက်တွေကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ မိဘတစ်ဦးအနေနဲ့ သင့်ကလေးက စိတ်ဆိုးနိုင်တယ်၊ မနာလိုဖြစ်နိုင်တယ် ဒါမှမဟုတ် ဝမ်းနည်းနေမယ် ဆိုတာကို လက်ခံတတ်ဖို့ လိုအပ်ပါတယ်။ အဲဒါကို ဝန်ခံပြီး အဆိုးမြင်စိတ်တွေကို ခံစားရတာက ပုံမှန်ပါပဲလို့ ကလေးတွေကို ရှင်းပြပြီး အဆိုးမြင်စိတ်တွေကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ သင်ပေးသင့်ပါတယ်။

၂။ ကလေးတွေကို တစ်ယောက်ချင်း အချိန်ပေးပါ။

ကလေးတစ်ယောက်ချင်းစီကို သင့်ရဲ့ အချိန်တွေခွဲပြီးတော့ နေပေးသင့်ပါတယ်။ တစ်ယောက်တည်းကိုသာ ကွက်ပြီးပေးနေမယ် ဆိုရင်တော့ နောက်တစ်ယောက်က အပြစ်မြင်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အကုန်လုံးကို တန်းတူညီမျှနဲ့ အချိန်ပေးပါ။

၃။ သူတို့ချင်းကို မနှိုင်းယှဉ်ပါနဲ့။

မောင်နှမအချင်းချင်း ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ကလေးတစ်ဦးနှင့် တစ်ဦးကို နှိုင်းယှဉ်ခြင်းက သူတို့ထဲက တစ်ယောက်ကို အခြားတစ်ယောက်ထက် သင်က ပိုချစ်နေတယ်လို့ ခံစားရစေပါတယ်။ သူတို့အချင်းချင်း မနာလိုဝန်တိုစေရုံသာမကပဲ ကိုယ့်ကိုယ်ကိုယ် လေးစားမှုကို လျော့ပါးစေပြီး စိုးရိမ်ပူပန်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးတွေ တစ်ဦးချင်းစီကို တန်ဖိုးထားလေးမြတ်ပြီး သူတို့ကို ထပ်တူထပ်မျှ ချစ်ကြောင်း ပြသပါ။

၄။ သင့်ကလေးတွေကို ပျော်ရွှင်ရယ်မောအောင် လုပ်ပေးပါ။

ရယ်မောခြင်းက လူသားတွေအတွက် များစွာသော ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။ ပြီးတော့လည်း ရယ်မောခြင်းက စိုးရိမ်ပူပန်မှုအဆင့်ကို လျှော့ချပေးနိုင်ပါတယ်။ စိတ်ပညာရှင်တွေက မောင်နှမတွေကြားထဲ ရန်ဖြစ်စကားများရင် ရယ်မောအောင်လုပ်ဖို့ အကြံပေးထားပါတယ်။ ဒီလို လုပ်လိုက်တာက စိတ်ပူပန်မှု လျော့နည်းစေပြီး မနာလိုမှုကို အပျော်သဘောနဲ့ အစားထိုးလိုက်သလိုပါပဲ။

၅။ ကျားမရေးရာ ဘက်လိုက်မှုမှန်သမျှကို မေ့ထားပါ။

မိဘတွေက ကလေးတွေကို သူတို့ရဲ့ လိင်အပေါ်အခြေခံပြီး ကွဲပြားစွာ ဆက်ဆံလေ့ရှိပါတယ်။ မိန်းကလေးတွေကို သိမ်သိမ်မွေ့မွေ့နေတတ်ဖို့၊ ရှက်တတ်ဖို့နဲ့ လှလှပပနေတတ်ဖို့ မျှော်လင့်ထားကြပြီး ယောက်ျားလေးတွေကိုတော့ သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ သန်မာကြဖို့ မျှော်လင့်ကြပါတယ်။

ဒါပေမယ့် အရုပ်က မိန်းကလေးတွေအတွက် ဖြစ်နေရင် သင့်ရဲ့ သားက မဆော့ရတဲ့အတွက် မနာလိုဖြစ်လိမ့်မယ်။ အကောင်းဆုံး ဖြေရှင်းချက်ကတော့ သင့်ကလေးတွေ ကျားမကွဲပြားပေမယ့်လည်း အတွေ့အကြုံရှိစေအောင် ဆော့ခိုင်းခြင်းပဲဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး တူညီတဲ့ရွေးချယ်ခွင့်တွေ ရှိနေပါတယ်။

၆။ ညီတူညီမျှ ဆက်ဆံပါ။

ကလေးအချင်းချင်း ရန်ဖြစ်ရင် တစ်ယောက်တည်းကိုပဲ အပြစ်တင်လို့ မရပါဘူး။ တစ်ဖက်က ခံရတဲ့သူပဲဖြစ်ဖြစ်၊ လုပ်တဲ့သူပဲဖြစ်ဖြစ် နှစ်ယောက်လုံးကို ဒဏ်ပေးသင့်ပါတယ်။ ဘယ်သူမှန်တယ်မှားတယ်လို့ မသတ်မှတ်ပဲနဲ့ တန်းတူ အပြစ်ဒဏ်ခံသင့်ပါတယ်။ ဒါမှသာ တစ်ယောက်နဲ့တစ်ယောက် မနာလိုစိတ်တွေ လျော့သွားမှာဖြစ်ပါတယ်။

၇။ ကလေးကို အပြစ်မတင်ပါနဲ့။

ဒီနေရာမှာ ဘာကအရေးကြီးဆုံးလဲဆို‌တော့ ကလေးတွေကို အပြစ်မတင်မိဖို့ပါပဲ။ ကလေးက ငြိမ်ငြိမ်မနေပဲ ဆော့နေရင်တော့ မဆူမငေါက်ပဲနဲ့ ပန်းချီဆွဲတာပဲဖြစ်ဖြစ်၊ အရုပ်တွေ သိမ်းခိုင်းတာပဲဖြစ်ဖြစ် လုပ်ခိုင်းပါ။ စကားလုံးတွေကို ဒီကလေးအတွက် ဟိုကလေးအတွက်လို့ မတွေးပဲနဲ့ အကုန်လုံးကို တန်းတူပဲပြောပါ။ တစ်ယောက်ကိုလည်း ပိုမပြောသင့်သလို တစ်ယောက်ကိုလည်း မဆိုစလောက်လေး မပြောသင့်ပါဘူး။

၈။ ညီအစ်ကိုမောင်နှမရှိခြင်းက အကောင်းဆုံးဆိုတာကို ပြောပြပါ။

ညီအစ်ကို မောင်နှမတွေ ရှိနေတာက ဘယ်လောက်ကောင်းတယ် ဆိုတာကို စာအုပ်တွေ၊ ကာတွန်းတွေနဲ့ ပြောပြပေးတာက သူတို့အချင်းချင်း အချစ်တွေ ပိုတိုးစေပါတယ်။ ဥပမာ Laura Numeroff ရေးထားတဲ့ What Brothers Do Best စာအုပ်က အစ်ကိုအကြီးဆုံးတွေအကြောင်းကို ဂုဏ်ပြုပြီး ရေးထားတာပါ။ Frozen ကတော့ ညီအစ်မဆက်ဆံရေးရဲ့ အရေးပါပုံကို ရေးသားထားပါတယ်။

lovemedia

Post a Comment

0 Comments