ဦးရေပြားနာကျင်တာကို လျော့ပါးသက်သာစေတဲ့နည်းလမ်း (၁၀) ခု

ဦးရေပြားနာကျင်တာက အရမ်းကို ခံစားရတဲ့ ဝေဒနာတစ်ခုပါပဲ။ သင့်မှာ ထိခိုက်လွယ်တဲ့ ဦးရေပြားရှိတဲ့အခါ မကြာခဏ ဦးရေပြားနာကျင်မှုကို ခံစားရမှာပါ။ အဲဒါကြောင့် ဦးရေပြာနာကျင်တာကို သက်သာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကလန်ဒူလာရေနွေးကြမ်း

ဦးရေပြားနာကျင်တာကို သက်သာစေတဲ့ အပင်ကတော့ ကလန်ဒူလာပန်းပင်ပါ။ ကလန်ဒူလာပန်းခြောက်လေးတွေကို ရေနွေးထဲထည့်စိမ်ပြီး သောက်ပေးရင် ဦးရေပြားနာကျင်တာကို သိသိသာသာသက်သာစေပါတယ်။ အလုပ်မရှုပ်ဘဲ တကယ်ထိရောက်ပါတယ်။

၂။ အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်က အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။ သင့်ဦးရေပြားက ခြောက်သွေ့နေရင် အုတ်ဂျုံမှုန့်ကို အမျိုးမျိုးပြင်ဆင်ပြီး စားပေးလို့ရပါတယ်။ ဒါမှမဟုတ် အုတ်ဂျုံမှုန့်ကို ဦးရေပြားမှာ တိုက်ရိုက်လိမ်းပေးလို့လည်း ရပါတယ်။

၃။ လက်ဖက်စိမ်း

လက်ဖက်စိမ်းဟာ ရှေးတုန်းကတည်းက နာမည်ကြီးသောက်စရာ တစ်မျိုးပါပဲ။ သူ့မှာ အရေပြားနာကျင်မှုတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ လက်ဖက်စိမ်းရေနွေးကို သောက်လို့ရသလို လက်ဖက်စိမ်းမှုန့်ကို ဦးရေပြားမှာ လိမ်းပေးထားရင်လည်း ဦးရေပြားနာကျင်တာ သက်သာပါတယ်။

၄။ ရှားစောင်းလက်ပတ်နဲ့ ပျားရည်

အရေပြားပြဿနာများစွာကို ရှားစောင်းလက်ပတ်နဲ့ ပျားရည်က ဖြေရှင်းပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်အနှစ်နဲ့ ပျားရည်ကို ရောနယ်ပြီး မိနစ်အနည်းငယ်ပေါင်းထားလိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်း ခေါင်းလျှော်ချလို့ရပါပြီ။ ရှားစောင်းလက်ပတ်နဲ့ ပျားရည်ပေါင်းစပ်လိုက်တဲ့အခါ ဆံပင်တွေနူးညံ့စေတဲ့အပြင် ဦးရေပြားနာကျင်တာကိုလည်း သက်သာစေပါတယ်။ အပိုဆုအနေနဲ့ ဆံပင်ကိုလည်း ထူလာစေပါတယ်။

၅။ ချာမိုမိုင်းရေနွေး

ချာမိုမိုင်းက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုတဲ့ ပန်းလေးပါပဲ။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတာကြောင့် အချို့က ပုံမှန်သောက်သုံးကြပါတယ်။ အရေပြားနာကျင်ရောင်ရမ်းတာကို သက်သာစေတာကြောင့် အရေပြားဆေးတွေမှာလည်း အသုံးများကြပါတယ်။ ချာမိုမိုင်းရေနွေးကို အအေးခံပြီး ဦးရေပြားတစ်ခုလုံးကို နှံ့အောင် နှိပ်နယ်ပေးပါ။

၆။ ဦးရေပြားကို နှိပ်နယ်ပေးခြင်း

သင်က မကြာခဏ ဦးရေပြားနာကျင်သူဆိုရင် လက်ချောင်းလေးတွေနဲ့ ဦးခေါင်းကို နှိပ်နယ်ပေးပါ။ ဒီနည်းက နာဗ်ကြောလေးတွေ၊ သွေးကြောလေးတွေကို လှုံ့ဆော်ပေးသလိုဖြစ်ပြီး သွေးလည်ပတ်မှုလည်း အားကောင်းစေပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် တက်နေတဲ့အချိန်မှာတော့ မနှိပ်နယ်သင့်ပါဘူး။

၇။ ရေများများသောက်ပါ။

ရေက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အသားအရေတင်းရင်းစေဖို့ ရေက ကူညီပေးပါတယ်။ ဦးရေပြားနာကျင်တာကြောင့် အခြားနည်းလမ်းတွေကို ပြုလုပ်ဖို့အဆင်မပြေတဲ့အခါ ရေများများသောက်ပါ။ ရေများများသောက်တဲ့နည်းက အလွယ်ဆုံးနဲ့ အကောင်းဆုံးပါပဲ။

၈။ အပူနဲ့အအေး

ဦးရေပြားနာကျင်နေတယ်ဆိုရင် ရေခဲတုံးလေးနဲ့ ခဏလောက်ကပ်ထားပေးလို့ ရပါတယ်။ ရေခဲက နာကျင်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ဒါပေမယ့် အချိန်အကြာကြီးတော့ မကပ်ထားသင့်ပါဘူး။ နောက်တစ်မျိုးကတော့ ဦးခေါင်းကြွက်သားတွေ အနားရစေဖို့ ရေနွေးအိတ်လေး ကပ်ထားပေးပါ။ ရေနွေးအိတ်ကိုလည်း အချိန်အကြာကြီး ကပ်ထားလို့ မရပါဘူး။

၉။ ကော်ဖီ

ကော်ဖီကလည်း ခန္ဓာကိုယ် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေတဲ့အရာပါ။ ကော်ဖီမှာ chlorogenic acid ပါတာကြောင့် အရေပြား ရောင်ရမ်းနာကျင်တာကို ကုသပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ မကြာခဏ ဦးရေပြား နာကျင်တတ်သူတွေအတွက် ကောက်ဖီကို သောက်သုံးပေးနိုင်သလို ဆံပင်မှာ ကော်ဖီ mask အဖြစ် ပေါင်းထားလို့လည်း ရပါတယ်။

၁၀။ လေ့ကျင့်ခန်းလုပ်ပါ။

လူသားတွေအတွက် လေ့ကျင့်ခန်း လုပ်တာက မဖြစ်မနေ လိုအပ်တဲ့အရာပါ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူက ခန္ဓာကိုယ် ကြံ့ခိုင်လာတဲ့အပြင် ချွေးထွက်တာကြောင့် အသားအရေပါ ကောင်းလာပါတယ်။ စိတ်ဖိစီးမှုတွေက လေ့ကျင့်ခန်းလုပ်တဲ့အခါ တဖြည်းဖြည်း လျော့ပါးသွားမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments