နာနတ်သီးဝယ်တဲ့အခါ ဂျင်းမမိအောင် ရွေးချယ်နည်း

နာနတ်သီးက ပူပြင်းတဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အစားအစာပါပဲ။ နာနတ်သီးမှာ ဗီတာမင်စီ ပါဝင်တာကြောင့် ကျန်းမာရေးကိုလည်း အကျိုးပြုပါတယ်။

အဲဒါကြောင့် နာနတ်သီးဝယ်တဲ့အခါ ဘယ်လိုနာနတ်သီးကို ရွေးချယ်ဝယ်ယူသင့်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

မမှည့်သေးတဲ့ နာနတ်သီးရဲ့ လက္ခဏာများ

မမှည့်သေးတဲ့အခါ နာနတ်သီးရဲ့အခွံက မာနေပါတယ်။ အခွံကလည်း အစိမ်းရောင် ဖြစ်နေပါတယ်။ အသီးကို အနံ့ခံကြည့်တဲ့အခါ မမွှေးသေးရင် မမှည့်သေးပါဘူး။ နာနတ်သီးရဲ့ဆံပင်ကလည်း အစိမ်းရောင် ဖြစ်နေပြီး မခြောက်သေးပါဘူး။

သတိပြုရမှာကတော့ မမှည့်ဘဲ ခူးထားတဲ့ နာနတ်သီးက ဘယ်တော့မှ မမှည့်လာတော့ပါဘူး။ မမှည့်သေးတဲ့ နာနတ်သီးကို ခွဲစားလိုက်ရင်လည်း မချိုပါဘူး။ မမှည့်သေးတဲ့ နာနတ်သီးကို စားမိရင် ချွဲမြှေးကို အနှောင့်အယှက်ဖြစ်ပြီး အန်တတ်ပါတယ်။

ပုပ်နေတဲ့ နာနတ်သီးရဲ့ လက္ခဏာများ

နာနတ်သီးရဲ့အခွံက ထိလိုက်တာနဲ့ အရမ်းပျော့နေတာကို ခံစားမိမှာပါ။ တစ်ခါတရံမှာ အသီးထဲကနေ အရည်တွေ ထွက်လာတတ်ပါတယ်။ အသီးနံ့ကလည်း ချဉ်စူးစူးအနံ့ ထွက်နေတတ်ပါတယ်။ အသီးရဲ့အညှာကလည်း အဝါရောင်၊ စိမ်းဝါရောင် ဖြစ်နေပြီး ခြောက်သွေ့နေပါတယ်။

အသီးကို ခေါက်ကြည့်တဲ့အခါ အထဲမှာ ဘာမှ မရှိသလို ခံစားရရင်၊ ချောင်နေသလိုခံစားရင် အသီးက ပုပ်နေပါပြီ။ ပုပ်နေတဲ့ နာနတ်သီးကို စားမိရင် အစာအဆိပ်သင့်တတ်တာကြောင့် ပုပ်နေတဲ့အပိုင်းကို ဖယ်ပြီးတောင် မစားသင့်ပါဘူး။

ကောင်းမွန်သင့်တော်တဲ့ နာနတ်သီးရဲ့ လက္ခဏာများ

နာနတ်သီးအခွံက တင်းနေပြီး ဖိလိုက်ရင် ပျော့လည်းမပျော့သွားသလို တင်းလည်းမတင်းနေပါဘူး။ ကောင်းမွန်တဲ့ နာနတ်သီးရဲ့အခွံက ညိုဝါရောင် ရှိပါတယ်။ အနံ့က စိတ်ကြည်နူးလောက်တဲ့ နာနတ်သီးနံ့ကို ပေးပါတယ်။

နာနတ်သီးအညှာမှာ အရွက်အောက်ပိုင်းက စိမ်းနေပြီး အရွက်အဖျားပိုင်းတွေက ခြောက်သွေ့နေပါတယ်။ မှည့်နေလားဆိုတာ သေချာအောင်လို့ နာနတ်သီးကို သေချာလှည့်ကြည့်ပါ။

နာနတ်သီးကို လွယ်လွယ်ကူကူခွဲနည်း

နာနတ်သီးရဲ့အညှာနဲ့ အောက်ပိုင်းကို ဓားနဲ့လှီးလိုက်ပါ။ အဲဒီနောက် နာနတ်သီးကို ထက်ခြမ်းခြမ်းလိုက်ပြီး အူတိုင်ကို လှီးထုတ်လိုက်ပါ။ အဲဒီနောက် အစိတ်လေးတွေဖြစ်အောင် ခွဲလိုက်ပြီး နာနတ်သီးအခွံကို လှီးထုတ်လိုက်ရင် စားလို့ရပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments