နှစ်ဦးကြားက စကားများစေတဲ့အရာတွေကို ဒီအချက် (၇) ချက်နဲ့ အဆုံးသတ်လိုက်ပါ

စုံတွဲတွေကြားမှာ အကြောင်းမယ်မယ်ရရမဟုတ်ဘဲ စကားများရန်ဖြစ်တာတွေက အဖြစ်အများဆုံးပါပဲ။ အဲဒီလို စကားများ ရန်ဖြစ်ရင်းကနေ တချို့တွေက အမြဲတမ်း ဝေးကွာသွားကြပါတယ်။ အဲဒါကြောင့် နှစ်ဦးကြားက ဝိရောဓိတွေကို နည်းပါးသွားစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ စကားကို ထပ်ခါထပ်ခါ ပြောတတ်တဲ့အကျင့်ကို ရှောင်ပါ။

စကားများရန်ဖြစ်တဲ့အခါ ပြောပြီးသား စကားတစ်ခွန်းကို ထပ်ခါထပ်ခါ ပြောဖြစ်သွားတတ်ကြပါတယ်။ အဲဒီအခါ လေသံတွေက ပြောင်းလဲပြီး ရန်ဖြစ်တဲ့အရှိန်ကလည်း တက်လာပါတယ်။ ဒေါသထွက်နေတဲ့အချိန်မှာ ပြောတဲ့စကားတွေက အမှားတွေအများကြီး ပါနိုင်တာကြောင့် ဒေါသကို လျှော့ပြီး စိတ်တည်ငြိမ်သွားမှ ပြောပါ။

၂။ အဆိုးမြင်တဲ့ စကားလုံးတွေကို ရှောင်ကြဉ်ပါ။

တစ်ခါတရံမှာ ဆိုလိုရင်းတူပေမယ့် ဂယက်အနက်မတူတဲ့ စကားလုံးတွေကြောင့် အထအနကောက်ပြီး စကားတွေ များတတ်ကြပါတယ်။ မှန်တယ်၊ မှားတယ်လို့ ငြင်းခုံကြရင်း တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ လျော့ပါးသွားကြပါတယ်။

သင့်ချစ်သူက အရာရာပြီးပြည့်စုံနေတဲ့ လူသားမဟုတ်တာကြောင့် မှန်တယ်၊ မှားတယ်လို့ မငြင်းဘဲ သဘောတူတယ်၊ မတူဘူး၊ လက်ခံတယ်၊ လက်မခံဘူးဆိုတဲ့ စကားလုံးတွေက ပိုပြီး အဆင်ပြေစေမှာပါ။

၃။ သင့်ရဲ့ခံစားချက်ကို အရင်ဆုံးနားလည်အောင် ပြုလုပ်ပါ။

သင်က ကိစ္စတစ်ခုခုကြောင့် ဒေါသထွက်နေတဲ့အချိန်မှာ သင့်ချစ်သူရဲ့ အပြုအမူက တစ်ခုခုလေး လွဲသွားလိုက်တာနဲ့ ဒေါသတွေက သူ့အပေါ်ပုံချမိသလို ဖြစ်သွားမှာပါ။ အဲဒီအခါ နှစ်ယောက်ကြားမှာ မလိုအပ်ဘဲ အဖုအထစ်တွေ၊ အထင်လွဲတာတွေ ဖြစ်ပေါ်စေပါတယ်။

အဲဒါကြောင့် သင့်ခံစားချက်တွေ၊ မကျေမနပ်ဖြစ်တာတွေကို အရင်ဆုံး နားလည်အောင် ကြိုးစားကြည့်ပါ။

၄။ ကောက်ချက်ချ မစောလိုက်ပါနဲ့။

ကောက်ချက်ချစောပြီးတော့ လွဲသွားတဲ့အတွဲတွေ အများကြီးပါပဲ။ စကားများနေချိန်မှာ ဒေါသတွေ ထွက်နေတာကြောင့် ဆုံးဖြတ်ချက်တွေက လွဲမှားနိုင်ပါတယ်။ သင့်ရဲ့တစ်ဖက်သက် အမြင်တွေနဲ့ ကောက်ချက်ချတော့မယ်ဆိုရင် တစ်ဖက်သားရဲ့အတွေးကို ဝင်ပြီးခံစားပေးလိုက်ပါ။

၅။ ကိုယ်သိကိုယ်တတ် မလုပ်လိုက်ပါနဲ့။

ငါပဲ အကောင်းဆုံး၊ ငါအသိဆုံးဆိုပြီး အခြားသူရဲ့အမြင်တွေ၊ အတွေးတွေကို နားမထောင်ပေးတာ စကားများစေတဲ့ အရာတွေထဲက တစ်ခုပါပဲ။ ကိုယ်သိကိုယ်တတ်လုပ်ပါများတဲ့အခါ တစ်ဖက်လူက စိတ်ပျက်သွားမှာပါ။ အဲဒါကြောင့် တစ်ဖက်တည်းကနေ အမှန်လို့မတွေးဘဲ မျှတတဲ့အမြင်နဲ့ ကိုယ်ချင်းစာတရား လိုအပ်ပါတယ်။

၆။ အပြစ်တင်တဲ့ပုံစံနဲ့ မပြောဆိုလိုက်ပါနဲ့။

"နင်ငါ့ကို အမြဲတမ်း ပစ်ထားတယ်" လို့ အပြစ်တင်တဲ့ပုံစံနဲ့ ပြောမယ့်အစား "နင်အိမ်ပြန်ရောက်လာတိုင်း ငါ့ကိုပစ်ထားသလို ခံစားရတယ်" ဆိုပြီး သင့်ခံစားချက်ကို ဖော်ပြတဲ့ပုံစံနဲ့ ပြောပါ။

အဲဒီအခါ တစ်ဖက်သားရဲ့ အပြုအမူလွဲမှားနေတာကို သင့်ဘက်က အပြစ်တင်တဲ့ပုံစံ မဖြစ်တော့ဘဲ သင့်ခံစားချက် သက်သက်ကိုသာ ဖော်ပြတဲ့ပုံစံ ဖြစ်သွားစေပါတယ်။ ဒီနည်းက အရမ်းကို ထိရောက်ပြီး မလိုအပ်ဘဲ စကားများနေတာတွေကို နည်းသွားစေမှာပါ။

၇။ အားပေးစကားပြောပါ။

သင့်ချစ်သူကို ဆရာလုပ်တဲ့ပုံစံနဲ့ သွားပြောရင် သင်ပြောတာကို နားထောင်ချင်တော့မှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အချိန်မပေးဘဲ၊ ကိုယ်ပိုင်စဉ်းစားခွင့်မပေးဘဲ နေရာတကာ ဆရာလိုက်လုပ်နေတာက စုံတွဲတွေကို ဝေးကွာသွားစေမှာပါ။

တစ်ဖက်လူရဲ့ခံစားချက်၊ စကားလုံးတွေကို သေချာနားထောင်ပြီး အကြံပေးပါ။ အားပေးစကားပြောတာက တကယ်ကို နွေးထွေးသွားစေမှာပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments