တစ်နှစ်အတွင်း ကမ်းခြေ ၅၂ ခုမှာ ပလက်စတစ်ကင်းစင်ဆောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အသက် ၇၀ အရွယ်ဘွားဘွား

ကမ္ဘာကြီးက လူသားတွေ မှီတည်အားကိုးရာ အိမ်ကြီးတစ်အိမ် ဖြစ်နေပေမယ့် ကမ္ဘာကြီးကျန်းမာအောင် ပြုပြင်ထိန်းသိမ်းဖို့ကိုတော့ လူအများစုက သတိမမူမိကြပါဘူး။ ကမ္ဘာကြီးကို ကျန်းမာစေဖို့ ထိန်းသိမ်းတာက အနာဂတ်ကို ဂရုစိုက်တာပါပဲ။

အဲဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာကြီးကို တတ်စွမ်းသမျှလှပအောင် ထိန်းသိမ်းပေးတဲ့ ဘွားဘွားတစ်ယောက်အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

Pat Smith က ဗြိတိန်နိုင်ငံသူတစ်ယောက်ဖြစ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းလာမှုကို သတိထားမိသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အသက် ၇၀ နှစ်အရွယ် Pat Smith ဟာ ပလက်စတစ်တွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းလာတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ကြည့်မိသွားပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို စဉ်းစားခဲ့ပါတယ်။

အဲဒီညမှာ စဉ်းစားရင်းနဲ့ အိပ်လို့တောင် မပျော်ခဲ့ဘူးလို့ ဆိုပါတယ်။ မနက်မှာတော့ သူမဟာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ သူမဟာ ကမ်းခြေတစ်ခုကို တစ်ပတ်တိတိနှုန်းနဲ့ သန့်ရှင်းရေးလုပ်မယ်လို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်ပါတယ်။

Pat Smith ရဲ့မြို့ဖြစ်တဲ့ Cornwall မြို့က မြို့သူမြို့သားတွေဟာ Pat Smith ရဲ့အကြံအတိုင်း ပံ့ပိုးပေးကြပါတယ်။ Pat Smith နဲ့အတူ လုပ်အားပေးသူတွေ၊ မြေးတွေကလည်း လုပ်ကူကြပါတယ်။

၂၀၁၈ ခုနှစ်မှာ Cornwall မြို့က ကမ်းခြေပေါင်း ၅၂ ခုကို သန့်ရှင်းရေး လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အဆုံးသတ် မဟုတ်သေးပါဘူး။ သူမဟာ ကမ္ဘာကြီးကို ပိုပြီးလှပအောင် ဆက်လက်လုပ်ဆောင် ခဲ့ပါသေးတယ်။

Pat Smith ဟာ "The Final Straw" ဆိုတဲ့ ကမ်ပိန်းတစ်ခုကို ပြုလုပ်ထားပါတယ်။ သူမရဲ့ဆန္ဒကတော့ လူအများကို ပလက်စတစ်ရဲ့ အန္တရာယ်အကြောင်း သတိထားမိစေလိုပြီး ကမ္ဘာကြီးကို ပလက်စတစ် ကင်းစင်စေချင်တာပါ။

အဲဒါကြောင့် လုပ်ပေးသူတွေ၊ မြေးတွေနဲ့အတူ ပလက်စတစ်ကင်းစင်အောင် အခြားနေရာတွေမှာ ပြုလုပ်နေဆဲပါပဲ။ အအေးတွေကို တစ်ခါသုံး ပလက်စတစ်ပိုက်နဲ့ စုပ်သောက်တာက သမုဒ္ဒရာထဲမှာ ပလက်စတစ်တွေ စုလာစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

အဲဒီပလက်စတစ်တွေကြောင့် ရေနေသတ္တဝါတွေ အများကြီး ဒုက္ခရောက်ကြပါတယ်။ အဲဒီပလက်စတစ်တွေက လူသားတွေနေထိုင်ရာ ကမ္ဘာကြီးကို အကျည်းတန် ရုပ်ဆိုးလာစေပါတယ်။

ပလက်စတစ်တွေက သေးသေးမွှားမွှား ဆိုပေမယ့် များလာတဲ့အခါ ကမ္ဘာကြီးကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ပလက်စတစ်သုံးစွဲမှုကို လျှော့ချဖို့က မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အရာပါ။ Pat Smith ကတော့ လက်တွေ့ကျတဲ့ နည်းလမ်းနဲ့အတူ ကမ္ဘာကြီးကို လှပအောင် ထိန်းသိမ်းနေသူတစ်ဦးပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments