အချို့တွေက ခန္ဓာကိုယ်က မဝဘဲ ဗိုက်တစ်နေရာပဲ ကွက်ဝနေတတ်ပါတယ်။ အချို့တွေကလည်း တစ်ကိုယ်လုံး အချိုးစားညီညီ ဝကြပါတယ်။ ဒါပေမယ့် ဗိုက်ကအဆီတွေများနေရင် အဝတ်အစားတွေ ရွေးတဲ့အခါ အခက်တွေ့နေမှာပါ။ အဲဒါကြောင့် ဗိုက်ချပ်စေဖို့ မနက်ခင်းပိုင်းမှာ ဒီလိုအချက်လေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။
၁။ စိတ်ဖိစီးမှု လျော့အောင်နေပါ။
မနက်ခင်းပိုင်းမှာ စိတ်ဖိစီးမှုတွေ အရမ်များနေရင် ကော်တီဇောဟော်မုန်း ထွက်လာမှာပါ။ အဲဒီဟော်မုန်းကြောင့် အစားလျှော့စားနေပေမယ့်လည်း ဝနေဦးမှာပါ။ အဲဒါကြောင့် မနက်ခင်းပိုင်းမှာ လုပ်စရာရှိတဲ့ ကိစ္စတွေကို မလောဘဲ စိတ်အေးအေးထားပြီး လုပ်ဆောင်ပါ။
၂။ လေ့ကျင့်ခန်း အနည်းငယ်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန် လျှော့ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းပါ။ မနက်အိပ်ရာ ထထချင်း လေ့ကျင့်ခန်းလုပ်တာက ဗိုက်ကို မြန်မြန်ချပ်စေပါတယ်။ ဝမ်းဗိုက်သီးသန့် လေ့ကျင့်ခန်းအတွက် အဆင်မပြေသူတွေအတွက် လမ်းလျှောက်ပေးတာကလည်း ဗိုက်ချပ်စေပါတယ်။
၃။ မနက်စာကို ပရိုတိန်းနဲ့ အမျှင်ဓာတ် ပါဝင်အောင်စားပါ။
ပရိုတိန်းပါဝင်တဲ့ အစားအစာတွေကို မနက်စာမှာ ထည့်သွင်းစားပေးတာက ဝမ်းဗိုက်အဆီတွေကို နည်းသွားစေပါတယ်။ အသား၊ ငါး၊ ဥအမျိုးမျိုး၊၊ ပဲတွေက ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေပါ။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်း၊ ထောပတ်သီးနဲ့ မျှစ်က အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေ ဖြစ်တာကြောင့် ဗိုက်အဆီကျဖို့ အကောင်းဆုံး အစားအစာတွေပါ။
၄။ ဖျော်ရည်အစား ရေသောက်ပါ။
မနက်စာအတွက်ဖျော်ရည်သောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ဖျော်ရည်တွေမှာ သကြားဓာတ်တွေ အများကြီးပါတာကြောင့် ဝမ်းဗိုက်မှာ အဆီစုစေပါတယ်။ အချိုဓာတ်များတဲ့ ဖျော်ရည်တွေအစား ရေကိုများများ သောက်ပါ။ ရေက ကိုယ်အလေးချိန် ကျစေဖို့လည်း အကောင်းဆုံး သောက်စရာပါ။
၅။ ရေနွေး
သင်က မနက်ခင်းမှာ ကော်ဖီပုံမှန်သောက်နေကျဆိုရင် ကော်ဖီနေရာမှာ လက်ဖက်ခြောက် ခပ်ထားတဲ့ရေနွေးကို သောက်ပါ။ လက်ဖက်ခြောက်ရေနွေးမှာ ကာဖိန်းဓာတ်နဲ့ (EGCG) လို့ ခေါ်တဲ့ antioxidant epigallocatechin gallate ပါဝင်ပါတယ်။ EGCG က ဝမ်းဗိုက်အဆီ ချချင်သူတွေအတွက် အများကြီး အကျိုးပြုပါတယ်။
၆။ နေ့လယ်စာကို လျှော့စားပါ။
အချို့က နေ့လယ်စာကို များများစား တတ်ကြပါတယ်။ နေ့လယ်စာကို များများစားမိသွားရင် လေ့ကျင့်ခန်း လုပ်ထားတာတွေက အလကား ဖြစ်သွားမှာပါပဲ။ အဲဒါကြောင့် နေ့လယ်စာကို အချိန်မှန်မှန်နဲ့ အနည်းငယ်သာစားပါ။
၇။ အိပ်ရေးဝဝ အိပ်ပါ။
အိပ်ရေးမဝတာကလည်း ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ဒါ့အပြင် အစားစားပြီးချင်း အိပ်တာ၊ လဲလျောင်းတာကလည်း ဝမ်းဗိုက်အဆီတိုးစေတဲ့ အရာပါ။ အဲဒါကြောင့် အိပ်ချိန်နဲ့ စားချိန်ကို ၄ နာရီခန့်ခွာပြီး အိပ်ရေးဝဝအိပ်ပါ။
၈။ စက်ဘီးစီးပါ။
Cardio လေ့ကျင့်ခန်းတွေက ဗိုက်အဆီတွေကျစေဖို့ အများကြီး ကူညီပေးပါတယ်။ Cardio လေ့ကျင့်ခန်း အမျိုးအစားဖြစ်တဲ့ စက်ဘီးစီးတာ၊ လမ်းလျှောက်တာက အရမ်းမပင်ပန်းဘဲ ကျန်းမာလှပစေတဲ့နည်းပါ။
၉။ ဝမ်းဗိုက်အဆီကျဖို့ ထိရောက်တဲ့ လေ့ကျင့်ခန်း
အရင်ဆုံးညီညာတဲ့ ကြမ်းပြင်ပေါ်မှာ လဲချလိုက်ပါ။ အဲဒီနောက် ဘယ်ခြေထောက်ပေါ်မှာ ညာခြေထောက်ကို တင်ပြီး မြှောက်ထားပါ။ မြှောက်ထားတဲ့ အနေအထားနဲ့ ခြေထောက်ကို ဘယ်ဘက်ကိုစောင်းလိုက်၊ ညာဘက်ကိုစောင်းလိုက် ၁၀ ကြိမ် ပြုလုပ်ပါ။ ၁၀ ကြိမ်ပြည့်သွားရင် ညာခြေထောက်ပေါ်မှာ ဘယ်ခြေထောက်တင်ပြီး နောက်ထပ် ၁၀ ကြိမ်ပြုလုပ်ပါ။
Zombie (lovemedia)
0 Comments