ပွေ့ဖက်ခြင်းကနေ ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး (၈) ခု

တစ်ခါတရံမှာ အခြားသူတစ်ယောက်အပေါ် သင့်ရဲ့ နွေးထွေးမှု၊ ချစ်ခင်မှုကို ပြသဖို့ နည်းတစ်ခုကတော့ ပွေ့ဖက်တာပါ။ ပွေ့ဖက်ခြင်းကြောင့် ရလာမယ့်စွမ်းအားတွေက အများကြီးပါပဲ။ အဲဒါကြောင့် ပွေ့ဖက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ပွေ့ဖက်တာက ဘာ့ကြောင့် အရေးကြီးတာလဲ။

လူသားတစ်ဦးနဲ့တစ်ဦး ထိတွေ့ပွေ့ဖက်တာက ရင်းနှီးမှုကို ပြသတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ လူတွေက တစ်ယောက်တည်းရှိနေချိန်မှာ အထီးကျန်တာကြောင့် ပွေ့ဖက်မှုကို လိုချင်ကြကြောင်း လူပေါင်း ၄သောင်းပါဝင်တဲ့ စစ်တမ်းရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။ သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ မိဘနဲ့ပဲဖြစ်ဖြစ်၊ မောင်နှမပဲဖြစ်ဖြစ် ပွေ့ဖက်လိုက်တဲ့အခါ နွေးထွေးမှု၊ သက်တောင့်သက်သာရှိမှုနဲ့ ချစ်ခြင်းမေတ္တာကို ရရှိကြောင်း စစ်တမ်းမှာ ပါဝင်သူတွေက ဖြေဆိုကြပါတယ်။

၂။ အချိန်ကြာကြာ ပွေ့ဖက်ခြင်း

လူတွေတစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အခါ ပွေ့ဖက်ပြီး နှုတ်ဆက်တဲ့အချိန်က ခဏလေးပါပဲ။ ၁၀ စက္ကန့်ကြာ ပွေ့ဖက်နှုတ်ဆက်တာက စိတ်ထဲမှာ ကျေနပ်ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ ၅ စက္ကန့်ကြာ ပွေ့ဖက်တာထက် ၁၀ စက္ကန့်ကြာ ပွေ့ဖက်တာက အကျိုးသက်ရောက်မှု ပိုစေပါတယ်။

၃။ ပွေ့ဖက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့စေပါတယ်။

ပွေ့ဖက်တဲ့အခါ ပျော်ရွှင်မှုဟော်မုန်းလို့ခေါ်တဲ့ အောက်ဆီတိုစင် ဟော်မုန်းထွက်လာပါတယ်။ ချစ်ခင်ရသူတွေနဲ့ ခဏခဏ ပွေ့ဖက်လေ စိတ်ထဲမှာ ပျော်ရွှင်မှုတွေ ပိုတိုးလာလေပါပဲ။ ပျော်ရွှင်မှုဟော်မုန်းကြောင့် စိတ်ဖိစီးမှုတွေက လျော့ပါးသွားပါတယ်။

၄။ ပွေ့ဖက်ခြင်းက ကြောက်စိတ်တွေကိုလည်း တိုက်ထုတ်ပေးပါတယ်။

စိုးရိမ်စိတ်များတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတဲ့သူ၊ ကြောက်စိတ်များနေသူတွေအတွက် ပွေ့ဖက်ခြင်းက အကျိုးကျေးဇူးအများကြီး ရစေပါတယ်။ ကြောက်လန့်နေချိန်မှာ တစ်ယောက်ယောက်က ပွေ့ဖက်အားပေးလိုက်ရင် အဲဒီကြောက်စိတ်တွေက အနည်းငယ်တော့ လျော့ပါးသွားပါတယ်။ ကြောက်လန့်နေသူတစ်ဦးကို ကြင်ကြင်နာနာ ပွေ့ဖက်တာက သူ့ကို အားပေးနည်းတစ်မျိုးပါပဲ။

၅။ ပွေ့ဖက်ခြင်းကြောင့် ခဏခဏ နေမကောင်းဖြစ်နိုင်ခြေတွေလည်း နည်းသွားပါတယ်။

မကြာခဏ ပွေ့ဖက်ခံရလေ့ရှိသူတွေ အယောက် ၄၀၀ကို လေ့လာကြည့်တဲ့အခါ တုပ်ကွေးဗိုင်းရပ်စ်ကူးစက်တာနဲ့ အအေးမိတာတွေ နည်းပါးသွားတာကို တွေ့ရပါတယ်။ ပွေ့ဖက်ခံရပြီး စိတ်ဓာတ်တက်ကြွ သွားတာကြောင့် ကိုယ်ခံအားစနစ် ကောင်းလာခြင်းဖြစ်တယ်လို့ သုသေတနရလဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် တချို့ကလည်း လူအများနဲ့ ထိတွေ့ပွေ့ဖက်တဲ့အခါ ကူးစက်ရောဂါတွေ ပိုကူးနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။

၆။ နှလုံးကျန်းမာရေးကိုလည်း အထောက်အကူ ပြုပါတယ်။

ဒီလေ့လာချက်မှာ လူ ၂၀၀ ကို အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ ပထမအုပ်စုမှာပါဝင်တဲ့ စုံတွဲတွေဟာ ၁၀ မိနစ်ခန့် အချစ်ဇာတ်လမ်းတိုလေးကို ကြည့်ရှုပြီး စက္ကန့် ၂၀ ကြာပွေ့ဖက်ရပါတယ်။ ဒုတိယအုပ်စုမှာ ပါဝင်တဲ့စုံတွဲတွေကတော့ တစ်ယောက်ကိုတစ်ယောက် စကားမပြော၊ မထိမတွေ့ဘဲ ၁၀ မိနစ်နဲ့ စက္ကန့်၂၀ ကြာနေရပါတယ်။

ရလဒ်ကတော့ ပထမအုပ်စုမှာပါဝင်တဲ့သူတွေက နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေ တည်ငြိမ်သွားတာကို တွေ့ရပါတယ်။ အဲဒါကြောင့် ပွေ့ဖက်ခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း တွေ့ရှိပါတယ်။

၇။ ခန္ဓာကိုယ်က နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

သင်နေမကောင်းဖြစ်နေချိန် သို့မဟုတ် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုခု နာကျင်နေချိန်မှာ ချစ်ခင်ရသူ တစ်ယောက်ယောက်က လာရောက်ပွေ့ဖက်ပေးရင် ဝေဒနာတွေ သက်သာသွားတာကို တွေ့ရမှာပါ။ အဲဒီအတွက် စုံတွဲ ၂၂ တွဲကို လေ့လာခဲ့ပါတယ်။ ဇနီးသည် မွေးဖွားနေချိန်မှာ ခင်ပွန်းဖြစ်သူက ဘေးကနေ ပွေ့ဖက်ပေးထားရင်၊ လက်ကို ဆုပ်ကိုင်ပေးထားရင် အမျိုးသမီးရဲ့ နာကျင်မှုက သက်သာတာကို တွေ့ရပါတယ်။

၈။ ဘဝမှာ ပျော်ရွှင်ကျန်းမာဖို့ ပွေ့ဖက်ခြင်းက လိုအပ်ပါတယ်။

မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ ရင်းနှီးသူအချင်းချင်း ပွေ့ဖက်တာက ပေါင်းသင်းဆက်ဆံရေးနဲ့ လူမှုရေးမှာ အကျိုးကျေးဇူးတွေ ရစေပါတယ်။ အဲဒါကြောင့် မိသားစုဝင်အချင်းချင်း နေ့စဉ်ပွေ့ဖွက်ဖို့ လိုအပ်ကြောင်း မိသားစုရေးရာအကြံပေးသူ Virginia Satir က လမ်းညွှန်ထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments