ဆံပင်ရှည်မြန်လာဖို့က မိန်းကလေးတိုင်းလိုလိုရဲ့ အိပ်မက်ပါပဲ။ ဆံပင်ရှည်မြန်လာဖို့ကို ဈေးကွက်ထဲက ကုန်ပစ္စည်းတွေက အပြိုင်အဆိုင် ကြော်ငြာကြပါတယ်။ အဲဒါကြောင့် ငွေအကုန်အကျသက်သာပြီး တကယ်ထိရောက်တဲ့ ဆံပင်မြန်မြန်ရှည်လာစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ခေါင်းလျှော်တဲ့အခါ ဆားကို ထည့်လျှော်ပါ။
ဆံပင်ရှည်တာ မြန်ဖို့ ဦးရေပြား ကျန်းမာနေဖို့က အဓိကပါ။ အဲဒါကြောင့် ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲကို ဆားအနည်းငယ် ထည့်လျှော်ပါ။ ဒီနည်းက ဆံပင်အဆီထွက်တာကို နည်းစေပါတယ်။ ဆားမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် ဆံပင်အလှအပစ္စည်းတွေမှာ ထည့်သုံးကြပါတဘ်။ မဂ္ဂနီဆီယမ်က ဦးရေပြားနဲ့ ဆံပင်ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။
၂။ ဦးထုပ်ဆောင်းပါ။
နေရောင်ခြည်မှာ ပါဝင်တဲ့ ဗီတာမင်ဒီက ကျန်းမာရေးအတွက် အကျိုးပြုတယ်ဆိုပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့ပါများရင် ဆံပင်ကို ထိခိုက်လာစေပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ပါများတဲ့ဆံပင်က အရောင်ဖျော့လာတာ၊ အားနည်းလာတာတွေကို ကြုံရပါတယ်။ အဲဒါကြောင့် အပြင်ထွက်တဲ့အခါတိုင်းမှာ ဦးထုပ် သို့မဟုတ် ထီးကို အမြဲဆောင်းသွားသင့်ပါတယ်။
၃။ ဆံပင်ကို သဘာဝလေနဲ့ အခြောက်ခံပါ။
ဆံပင်ကို လေမှုတ်စက်နဲ့ အခြောက်ခံတာက အကြိမ်များလာရင် ဆံပင်တွေကို ကျိုးပျက်စေပါတယ်။ ဆံပင်ရဲ့အစိုဓာတ်တွေကိုလည်း နည်းပါးသွားစေတာကြောင့် ဆံပင်အရှည်မြန်တာကိုလည်း နှောင့်နှေးသွားစေပါတယ်။ အဲဒါကြောင့် ဆံပင်လေမှုတ်စက်အစား သဘာဝနည်းနဲ့ အခြောက်ခံတာက ဆံပင်အရှည်မြန်စေပါတယ်။
၄။ ပိုးသားခေါင်းအုံးစွပ်ကို အသုံးပြုပါ။
ပိုးသားခေါင်းအုံးစွပ်က ဆံပင်ကို ကျန်းမာစေတာကြောင့် ဆံပင်ရှည်မြန်ဖို့ တစ်နည်းအားဖြင့် ကူညီပေးပါတယ်။ ချည်သားခေါင်းအုံးစွပ်တွေက ဆံပင်တွေနဲ့ ပွတ်တိုက်ပါများတာကြောင့် ဆံသားကို အားနည်းစေပါတယ်။ ဒါ့အပြင် သဘာဝအစိုဓာတ်တွေကိုလည်း လျော့သွားစေပါတယ်။ ဆံပင်အဖျားတွေ နှစ်ခွဖြစ်တာကို လျော့သွားစေတဲ့ ပိုးသားခေါင်းအုံးစွပ်ကိုပဲ ရွေးချယ်သင့်ပါတယ်။
၅။ ခေါင်းကို ဇောက်ထိုးထားခြင်း
သင်က ဆံပင်ရှည်မြန်ဖို့ ကြိုးစားနေသူဆိုရင် ဒီနည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ ခုတင်အစွန်းပေါ်မှာ မိနစ်အနည်းငယ်ကြာ ခေါင်းကို ဇောက်ထိုးထားလိုက်ပါ။ ဒီနည်းက ဦးရေပြားထဲကို သွေးလည်ပတ်မှု ကောင်းစေပြီး ဆံပင်တွေ အရှည်မြန်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ ခေါင်းကို ဇောက်ထိုးထားနေရင် ခေါင်းကို နှိပ်နယ်ပေးရင် ပိုပြီး ထိရောက်ပါတယ်။
၆။ အိပ်ရာမဝင်ခင်မှာ ခေါင်းဖြီးခြင်း
လူအများစုက အိပ်ရာမဝင်ခင်မှာ ခေါင်းမဖြီးတတ်ကြပါဘူး။ ဒါပေမယ့် အိပ်ရာမဝင်ခင် ခေါင်းဖြီးပေးရင် ဦးရေပြားကထွက်တဲ့ သဘာဝအဆီက ဆံပင်ဆီကို ပြန့်သွားပြီး သဘာဝအတိုင်း အစိုဓာတ် ပြည့်နေစေပါတယ်။ ဒါ့အပြင် ဆံပင် ကျိုးတာ၊ နှစ်ခွဖြစ်တာကိုလည်း သက်သာစေတဲ့နည်းပါပဲ။
lovemedia
0 Comments