သင့်အိမ်မှာ၊ ပတ်ဝန်းကျင်မှာ ခွေးတွေက ခဏခဏ ရန်ဖြစ်နေရင် စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။ ခွေးတွေက ရန်ဖြစ်တဲ့အခါ ခွဲရခက်ပါတယ်။ အဲဒါကြောင့် သင့်ခွေးတွေ ရန်ဖြစ်နေပြီဆိုရင် ဘယ်လိုတားဆီးနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ခွေးတွေရန်ဖြစ်ရတဲ့ အကြောင်းအရင်းများ
ခွေးတွေက နယ်မြေလုတာနဲ့ ပတ်သက်ပြီး ရန်ဖြစ်ကြတာများပါတယ်။ ဒါ့အပြင် အရုပ်လုတာ၊ အစာလုတာ၊ အတင်းဖြတ်ဝင်တာစတဲ့ အရာတွေကြောင့်လည်း ခွေးတွေအချင်းချင်း ရန်ဖြစ်ကြပါတယ်။ နောက်တစ်ချက်ကတော့ စိတ်ဒဏ်ရာတစ်ခုခု ရပြီးနောက်မှာ ဘယ်သူမှ အကပ်မခံတော့ဘဲ စိတ်ဆတ်တတ်တာပါ။ အရင်က ပျော်ပျော်ရွှင်ရွှင်နေခဲ့တဲ့ ခွေးလေးက ဝမ်းနည်းစရာ အဖြစ်အပျက်ကြောင့် အခြားခွေးတွေကို ရန်မူတတ်လာပါတယ်။
၂။ ခွေးအချင်းချင်း ရန်ဖြစ်တာကို ကြားမဝင်ဘဲ တားမြစ်လို့ရပါတယ်။
ခွေးအချင်းချင်း ရန်ဖြစ်တာကို သင်က ကြားဝင်ပြီး ဆွဲလိုက်ရင် အခန့်မသင့်တဲ့အခါ အကိုက်ခံနိုင်ပါတယ်။ သင့်အန္တရာယ်များတာကြောင့် ဝင်ဆွဲဖို့တော့ မဖြစ်နိုင်ပါဘူး။ ခွေးက ရန်လိုနေချိန်မှာ သင့်ကို မကိုက်နိုင်ဘူးလို့ မဆိုနိုင်ပါဘူး။
- ခွေးတွေရန်ဖြစ်နေတဲ့အခါ အနီးအနားမှာ ကလေးတွေကို မထားသင့်ပါဘူး။
- ရန်ဖြစ်နေတဲ့ ခွေးတွေရဲ့ခေါင်းကို ရေနဲ့ပက်လိုက်ပါ။
- ခွေးတွေ မကြိုက်တဲ့ ရှာလကာရည်အနံ့နဲ့ ပက်လို့လည်း ရပါတယ်။ ဒါပေမယ့် ငရုတ်ကောင်းအရည်ကတော့ ခွေးတွေရဲ့ မျက်လုံးနဲ့ အရေပြားကို ထိခိုက်စေတာကြောင့် မသုံးသင့်ပါဘူး။
- လေချွန်တာပဲဖြစ်ဖြစ်၊ ဆိုင်ကယ်ဟွန်းတီးတာပဲဖြစ်ဖြစ်၊ ကားဟွန်းတီးတာပဲဖြစ်ဖြစ် စတဲ့အသံတွေက ရန်ဖြစ်နေတဲ့အာရုံကို လွှဲပေးနိုင်ပါတယ်။
- ဒါမှမဟုတ် ရန်ဖြစ်နေတဲ့ ခွေးတွေကြားထဲကို စောင်ဖြစ်ဖြစ်၊ မိုးကာစဖြစ်ဖြစ် ပစ်ချလိုက်ပါ။ သူတို့ရဲ့အာရုံမှာ စောင်က လာကွယ်နေရင် ရန်ဖြစ်တာက ရပ်သွားနိုင်ပါတယ်။
၃။ အပေါ်က နည်းလမ်းတွေနဲ့ ရန်ဖြစ်တာ မရပ်သေးတဲ့အခါမှသာ ဝင်ဆွဲပါ။
ခွေးတွေကို ရန်ဖြစ်တာကို ကြားထဲကနေဖြန်ဖြေတာက နည်းလမ်းမမှန်ရင် အရမ်းကို အန္တရာယ် ရှိပါတယ်။ အဲဒါကြောင့် ခွေးတွေရန်ဖြစ်တာကို တားမယ်ဆိုရင် ခွေးရဲ့နောက် ခြေထောက်နှစ်ဖက်လုံးကို ဆွဲသွားလိုက်ပါ။ တစ်ကောင်နဲ့တစ်ကောင် မမြင်နိုင်လောက်တော့မယ့် နေရာအထိ ခြေထောက်ကို နောက်ပြန်ဆွဲသွားလိုက်ပါ။ အဲဒီလို ခြေထောက်ကို ဆွဲထားရင် သင့်ကိုလည်း မကိုက်နိုင်တော့ပါဘူး။
၄။ ခွေးတွေရန်ဖြစ်ပြီးသွားတဲ့အခါ
သူတို့က စိတ်မလျှော့သေးဘဲ နောက်တစ်ပွဲလောက် ထပ်နွှဲချင်ကြပါသေးတယ်။ အဲဒါကြောင့် စိတ်ချရတဲ့နေရာကို ခေါ်သွားပြီး ဒဏ်ရာတွေ ရ၊ မရ စစ်ဆေးကြည့်ပါ။
၅။ ခွေးကို မုန့်ကျွေးပြီးချော့ပါ။
သင့်ခွေးက ရန်ဖြစ်ပြီး အရမ်းမောသွားရင် မုန့်ကျွေးလိုက်ပါ။ အဲဒီအခါ သူတို့ရဲ့ဒေါသက လျော့ပါးသွားပါတယ်။ နောက်ပြီး ခွေးတွေအများကြီးရှိတဲ့ နေရာတွေကိုလည်း မခေါ်သွားသင့်ပါဘူး။ ခွေးကိုလည်း တစ်ကောင်တည်း လွှတ်ထားတဲ့အခါ ရန်ပွဲတွေ ပိုများလာနိုင်ပါတယ်။ သင့်ခွေးက ပုံမှန်စိတ်အခြေအနေမဟုတ်ဘဲ အခြားခွေးတွေကို ရန်လိုက်စနေတယ်ဆိုရင် ခွေးတွေကို ပြုပြင်ပေးတဲ့ သင်တန်းကျောင်းလို နေရာမျိုးကို ခေါ်သွားသင့်ပါတယ်။
Zombie (lovemedia)
0 Comments