ကလေးတွေရဲ့ အမူအရာအမျိုးမျိုးကို မိဘတွေ သိထားရင် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အသက် ၄ နှစ်အရွယ် ကလေးက ဂျီကျနေတာကို မိဘတွေက စိတ်အနှောင့်အယှက် ဖြစ်ရပေမယ့် ကလေးအတွက်တော့ ပုံမှန်ပါပဲ။ အဲဒါကြောင့် ကလေးတွေရဲ့ဘဝမှာ အရေးကြီးတဲ့ အသက်အပိုင်းအခြားတွေ အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မွေးကင်းစအရွယ်ကနေ ၃ လအရွယ်အထိ

ဒီအရွယ်မှာတော့ ငိုတာက ကလေးတွေရဲ့ ဆက်သွယ်ရေးနည်းလမ်း တစ်ခုပါ။ ကလေးငိုသံ အမျိုးမျိုးကနေ ဗိုက်ဆာနေတာလား၊ နေမကောင်းတာလား ဆိုတာကို မိဘတွေက သိနိုင်ကြပါတယ်။ မွေးကင်းစကလေးတွေက မိဘတွေရဲ့အသံကို ခံစားနိုင်စွမ်း ရှိကြပါတယ်။

အဲဒါကြောင့် မွေးကင်းစကလေးတွေကို နူးနူးညံ့ညံ့ ညင်ညင်သာသာနဲ့ ရင်းရင်းနှီးနှီး ပြုစုပေးဖို့ အရေးကြီးပါတယ်။ ကလေးကို သီချင်းဆိုပြမယ်ဆိုရင် မျက်နှာချင်းဆိုင် ဆိုပြတာ၊ ပုခက်လွှဲရရင်လည်း စောင်နဲ့ပတ်ပြီး လွှဲတာက ကလေးတွေအတွက် လုံခြုံတယ်လို့ ခံစားရစေပါတယ်။ ဒါ့အပြင် ကလေးတွေကို ချီပေးထားတာက သူတို့အတွက် စိတ်ချရတဲ့နေရာ၊ စိတ်ချရတဲ့သူလို့ ခံစားမိစေပါတယ်။

၂။ အသက် ၄ လမှ ၆ လအရွယ်အထိ

သင့်ကလေးက တခစ်ခစ်ရယ်တာ၊ အသံပေးတာတွေကို လုပ်တတ်နေပါပြီ။ အဲဒါကြောင့် ကလေးကို ပျော်စေဖို့၊ ရယ်စေဖို့ ဖန်တီးပေးရင် အကောင်းဆုံးပါပဲ။ အသက် ၄ လကျော်ရင် ကလေးတွေက သူ့ဘေးနားမှာ ရှိတဲ့သူတွေကို သတိထားတတ်နေပါပြီ။ အမြဲတွေ့နေကျလူတွေ၊ ပစ္စည်းတွေကို ရင်းနှီးနေပါပြီ။ အဲဒါကြောင့် ဒီအရွယ်မှာ သင့်ကလေးကို တခြားကလေးတွေ၊ လူကြီးတွေနဲ့ မိတ်ဆက်ပေးလို့ ရနေပါပြီ။

၃။ အသက် ၇ လမှ ၁၂ အရွယ်အထိ

ဒီအရွယ်မှာတော့ ကလေးတွေက အခြားသူတွေထက် အမေကို ပိုပြီး ခင်တွယ်လာပါတယ်။ လူစိမ်းတွေဆိုရင် ကြောက်နေတတ်ပါတယ်။ မိဘတွေ အပြင်သွားရင် ငိုနေတတ်ပါတယ်။ မိဘတွေက အပြင်သွားပြီးရင် အမြဲပြန်လာကြောင်း ကလေးတွေ စိတ်ချရစေဖို့ အပြင်သွားခါနီးမှာ ခဏလောက် သွားချင်ယောင်ဆောင်ပြီး ပြန်လာပါ။ ပြီးမှ ကလေးကို စိတ်ချရတဲ့နေရာမှာ ထားပြီး စိတ်ချလက်ချ အပြင်သွားလို့ရပါတယ်။

၄။ အသက် ၁ နှစ်မှာ ၂ နှစ်အရွယ်အထိ

အသက် ၁ နှစ်ကျော်ရင် ကလေးတွေကို အပြင်လောကနဲ့ များများထိတွေ့ ပေးသင့်ပါတယ်။ ဒါပေမယ့် အခြားကလေးတွေနဲ့ ကစားရင်တော့ အရုပ်ကို မျှဝေကစားရကြောင်း သူတို့နားမလည်သေးပါဘူး။ အသက် ၁ နှစ်ကနေ ၂ နှစ်အရွယ်ကလေးတွေက အရမ်းကို ဂျီကျတတ်လာပါတယ်။ အဲဒါကြောင့် ကလေးကို မရိုက်ဘဲ၊ မအော်ဘဲ စည်းကမ်းချမှတ်ပေးထားဖို့ အရေးကြီးပါတယ်။

၅။ အသက် ၃ နှစ်

အသက်၃ နှစ်ဆိုရင် သင့်ကလေးက အခြားကလေးတွေနဲ့ စတင်ပြီး ဆော့တတ်နေပါပြီ။ အရုပ်တွေကိုလည်း ဝေမျှကစားတတ်နေပါပြီ။ သင့်ကလေးက အခြားကလေးတွေနဲ့ မကစားတတ်ရင်လည်း ကစားတတ်ဖို့၊ ကလေးအချင်းချင်း ပေါင်းသင်းတတ်ဖို့ တိုက်တွန်းသင့်ပါတယ်။ ဒီအရွယ်မှာတော့ ဂျီကျတာက နည်းလာပါပြီ။ အသက် ၃ နှစ်အရွယ် ကလေးတွေက အမှောင်ကြောက်တာ၊ အသံအကျယ်ကြီးတွေကို ကြောက်တာတွေကို စတင်ခံစားလာရပါတယ်။

၆။ အသက် ၄ နှစ်မှ ၅ နှစ်အရွယ်အထိ

အသက် ၄ နှစ်ကျော် အရွယ်ကလေးတွေက ချမှတ်ပေးထားတဲ့ စည်းကမ်းတွေကို လိုက်နာတတ်နေပါပြီ။ ဒါပေမယ့် ဘာက မှားလဲ၊ မှန်လဲဆိုတာကိုတော့ နားမလည်သေးပါဘူး။ သူတို့သဘောအတိုင်း လုပ်ချင်ကြပါတယ်။ အဲဒါကြောင့် အင်္ကျီတို့၊ ဖိနပ်တို့အရောင် ရွေးတာမျိုးဆိုရင် သူတို့စိတ်ကြိုက် ရွေးချယ်ခွင့် ပေးသင့်ပါတယ်။

အသက် ၄ နှစ်ဆိုရင် စိတ်အတက်အကျမြန်ပြီး ရန်လိုလာတတ်ပါတယ်။ မောင်နှမတွေနဲ့လည်း ခဏခဏ ရန်ဖြစ်လာတတ်ပါတယ်။ အသက် ၅ နှစ်မှာ မိဘတွေက ယဉ်ကျေးတဲ့ အမူအရာတွေ၊ တာဝန်ယူတတ်တဲ့ အကျင့်တွေကို သင်ကြားပေးလို့ ရနေပါပြီ။

၇။ အသက် ၆ နှစ်မှ ၁၂ နှစ်အရွယ်အထိ

ဒီအသက်အရွယ်မှာ သူတို့အတွက် သူငယ်ချင်းက အရေးပါပါတယ်။ ကလေးတွေက အသက် ၆ နှစ်ကျော်လာရင် မနာလိုတာကို နားလည်လာပါပြီ။ လူအများနဲ့လုပ်ဆောင်ရတာကိုလည်း သဘောကျလာကြပါတယ်။ အဲဒါကြောင့် အသက် ၆ နှစ်ကနေ ၁၂ နှစ်အရွယ် ကလေးတွေအတွက် ကိုယ့်ကိုယ့်ကိုယ် စည်းကမ်းချမှတ်တတ်အောင်၊ လူကြီးတွေကို လေးစားတတ်အောင် သင်ကြားပေးနိုင်ပါတယ်။

၈။ အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ်အထိ

ဆယ်ကျော်သက်အရွယ်ကလေးတွေက သူတို့ကိုယ်သူတို့ အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။ ပြီးတော့ ကိုယ့်ကိုယ့်ကိုယ် အားမလိုအားမရ ဖြစ်လာကြပါတယ်။ အဲဒါကြောင့် ရွယ်တူချင်းကြောင့်ရတဲ့ ဖိအားတွေကို ဘယ်လိုထိန်းချုပ်သင့်ကြောင်း ပြောပြပြီး သူတို့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်အောင် လမ်းဖွင့်ပေးပါ။

ဆယ်ကျော်သက်အရွယ်က မိဘတွေ နေရာတကာ ထိန်းချုပ်တာကို သဘောမကျဘဲ လွတ်လွတ်လပ်လပ် ပိုနေချင်ကြတာကြောင့် မိဘနဲ့ကလေးကြားမှာ ပွင့်လင်းရင်းနှီးဖို့က အရေးအကြီးဆုံးပါ။

Zombie (lovemedia)