အချို့ကလေးတွေက တဇွတ်ထိုးလုပ်တတ်ပြီး မိသားစုတွေကိုသာမက အခြားသူတွေအပေါ်မှာလည်း ရိုင်းရိုင်းပျပျ ဆက်ဆံတတ်ကြပါတယ်။ ရိုင်းပျတဲ့အကျင့်က ငယ်ရွယ်စဉ်အချိန်မှာ ပြုပြင်ဖို့ လွယ်ကူပါတယ်။

အဲဒါကြောင့် သင့်ကလေးကို လိမ္မာယဉ်ကျေးတဲ့ ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုလမ်းညွှန်ပေးနိုင်မလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ တည်တည်ငြိမ်ငြိမ် ပြောဆိုပါ။

သင့်ကလေးက ရိုင်းပျနေရင် သင်ကိုယ်တိုင်က ဒေါသအလျောက် ပြောမိဆိုမိသွားမှာပါ။ ဒါပေမယ့် သင့်ရဲ့ဒေါသတွေကို ကလေးအပေါ်ပုံချလိုက်တာက ဖြေရှင်းတဲ့နည်းလမ်း မဟုတ်ပါဘူး။ ဒေါသတွေ အရမ်းထွက်နေရင် စိတ်ကိုတည်ငြိမ်အောင် လုပ်ပြီးမှ သင့်ကလေးကို ဆုံးမပါ။ သင်ကိုယ်တိုင် ဒေါသထွက်နေချိန်မှာ ရိုင်းပျနေတဲ့ကလေးကို ဆုံးမတဲ့အခါ ပိုဆိုးသွားဖို့ပဲ ရှိမှာပါ။

၂။ ကလေးရဲ့ရိုင်းပျနေတဲ့ အကြောင်းအရင်းကို ရှာပါ။

ကလေးတွေက အရမ်းငယ်ရွယ်စဉ်မှာ ပင်ပန်းတာ၊ ဗိုက်ဆာတာ စတဲ့အကြောင်းအချက်တွေကြောင့် ဂျီကျပြီး ပြောမရဆိုမရ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးက အနည်းငယ် ကြီးလာချိန်မှာ တဇွတ်ထိုး အရွဲ့တိုက်လုပ်နေတယ်ဆိုရင်တော့ ရွယ်တူချင်းကနေ ရလာတဲ့ ဖိအားကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ကလေးက ဘယ်လိုအကြောင်းအချက်တွေကြောင့် ရိုင်းစိုင်းလာလဲ ဆိုတာကို အဖြေရှာဖို့ လိုပါတယ်။

၃။ ဆွေးနွေးပါ။

သင့်ကလေးက မိသားစုဝင်တွေအပေါ်၊ အခြားလူကြီးတွေအပေါ် မလေးမစား ဆက်ဆံနေပြီဆိုရင် သင့်ကလေးကို ချစ်ခြင်းမေတ္တာ အပြည့်ပေးပါ။ ချစ်ခြင်းမေတ္တာက ရိုင်းနေတဲ့ကလေးကို စိတ်ထားနူးညံ့သွားစေနိုင်ပါတယ်။

ရိုင်းနေတဲ့ကလေးကို သီးသန့်ဖယ်ထားလိုက်ရင် ပိုပြီးရိုင်းစိုင်းလာမှာပါ။ ကလေးတွေက အမှားအမှန်ကို သေသေချာချာ မစဉ်းစားနိုင်သေးတာကြောင့် အေးအေးဆေးဆေး ဆုံးမတာ၊ အပြန်အလှန် ဆွေးနွေးတာ၊ ရှင်းပြတာ စတဲ့နည်းလမ်းတွေက တကယ်ကို အကျိုးရှိပါတယ်။

၄။ နောက်ဆက်တွဲ ဆိုးကျိုးတွေအတွက် သတိပေးပါ။

ကလေးတွေ ပြောစကား နားမထောင်တာက အတိုင်းအတာကို မသိတာကြောင့် ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာကို မသိလို့ပါ။ ကလေးတွေကို ဖူးဖူးမှုတ်ထားတဲ့အခါ လုပ်သင့်တဲ့အရာနဲ့ မလုပ်သင့်တဲ့ အရာတွေကို မခွဲခြားတတ်တော့ပါဘူး။

ကောင်းတဲ့အရာတွေ လုပ်တဲ့အခါ ဆုပေးဖို့ လိုအပ်သလို ဆိုးတဲ့အရာတွေ လုပ်မိရင်လည်း နောက်ဆက်တွဲဆိုးကျိုးကို တာဝန်ယူသင့်ကြောင်း၊ ဆိုးကျိုးကြောင့် ဘယ်လိုအရာတွေ ဖြစ်လာနိုင်ကြောင်း သတိပေးဖို့လည်း အရေးကြီးပါတယ်။

၅။ ယဉ်ကျေးတဲ့ အမူအရာတွေကို စွဲမှတ်သွားအောင် သင်ကြားပေးပါ။

အမြဲတမ်း ကိုယ်ထိလက်ရောက် ဒဏ်ပေးတာက အဆင်မပြေပါဘူး။ အဲဒါကြောင့် ကောင်းမွန်တဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို သင်ကြားပေးပါ။ မိသားစုသံယောဇဉ်အကြောင်း၊ စံထားရတဲ့ ပုဂ္ဂိုလ်တွေအကြောင်းနဲ့ ဥပမာပေးပြီး ယဉ်ကျေးလိမ္မာလာအောင် သင်ပေးလို့ရပါတယ်။

၆။ စည်းကမ်းရှိစေဖို့ သွန်သင်ပေးပါ။

သင့်ကလေး လိုက်နာဖို့ စည်းကမ်းတွေ ချမှတ်ပေးဖို့ လိုအပ်ပါတယ်။ စည်းကမ်းကို ဖောက်ဖျက်တဲ့အခါ ပြစ်ဒဏ်က ရောက်လာမှာဖြစ်ကြောင်း ပြောပြပေးပါ။ စည်းကမ်းကို လိုက်နာသွားတတ်တဲ့အခါ သင့်ကလေးက ယခင်ကလောက် ဆိုးသွမ်းနေတော့မှာ မဟုတ်ပါဘူး။ အဲဒီနောက်မှာတော့ လူကြီးသူမတွေပေါ်မှာသာမက လူသားအချင်းချင်းပေါ်မှာလည်း လေးစားမှု ထားသင့်တဲ့အကြောင်း ဆက်ပြီး သင်ကြားသွားလို့ရပါပြီ။

၇။ ကလေးတွေရဲ့ စံပြဖြစ်အောင် နေထိုင်ပါ။

သင့်ကိုယ်တိုင်က ရိုင်းပျဆိုးသွမ်းနေရင် ကလေးက သင့်ကို အတုယူပြီး ရိုင်းပျဆိုးသွမ်းနေမှာပါ။ ကလေးတွေက မိဘတွေကို သူတို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတတ်ကြပါတယ်။ သင့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာတိုင်းကို ကလေးက စောင့်ကြည့်ပြီး လိုက်လုပ်တတ်ပါတယ်။ အဲဒါကြောင့် ကလေးတွေ လေးစားရတဲ့စံပြမိဘအဖြစ် နေထိုင်ဖို့က အရေးအကြီးဆုံးပါ။

Zombie (lovemedia)