သားလေးယောက်နှင့် စကားကြီး (၃) ခွန်း

တခါတုန်းက မြို့လေးတမြို့မှာ လက်သမားဆရာ အဘိုးအို တဦး ရှိသတဲ့။ သူ့မှာ သားလေးဦး ရှိတယ်။ ရိုးသားစွာ လုပ်ကိုင်စားသောက်ကြတာပေါ့။ ဒီလိုနဲ့ တနေ့ အဘိုးအို နေထိုင်မကောင်း ဖြစ်ပြီး သေလုသေခင် အခြေအနေမှာ သူ့သား လေးယောက်ကို ခေါ်ပြီး

"ငါ့သားတို့ အဖေ့မှာ မင်းတို့ မသိသေးတဲ့ အဖိုးတန် ဥစ္စာ ရတနာတွေ ရှိတယ်။ ဒါတွေ မြုပ်ထားတဲ့ နေရာကို မင်းတို့ကို သဲလွန်စ ပေးခဲ့မယ်။ ဉာဏ်ရှိသူ ယူကြ။ ငါ့အတွက် ဒီအရာတွေဟာ တသက်လုံး ကြိုးစား ရှာခဲ့ရတာပါ။ သုံးစွဲဖို့ အချိန်တော့ မရလိုက်ဖူးကွာ။ ဒီတော့ မင်းတို့ ယူကြချေ။ သေချာလိုက်မှတ်" ဆိုပြီး

(၁) လောကမှာ အင်အားအကြီးဆုံး သူ၏ တနေ့နှစ်ကြိမ် ဦးညွှတ်မှုကို ခံယူပါ။ (၂) ပျားရည်ထက် ချိုမြိန်သော ထမင်းကို စားပါ။ (၃) ငှက်မွေးထက် နူးညံ့သော အိပ်ယာတွင် အိပ်ပါ ဆိုတဲ့ စကားကြီး (၃) ခွန်းကို မှာကြားပြီး သေဆုံးသွားပါတယ်။

အဖိုးအိုရဲ့ ဈာပနကို ညီအကို လေးယောက်ဟာ ဝမ်းနည်းစွာနဲ့ သင်္ဂြိုဟ်ပြီးတော့ အဲဒီသင်္ချိုင်းမှာပဲ အချင်းချင်း တိုင်ပင်ကြပြီး သူတို့ ပြောခဲ့တဲ့ စကားသုံးခွန်းရဲ့ အဓိပ္ပါယ်ကို ရှာဖွေကြဖို့ အသီးသီး လမ်းခွဲခဲ့ ကြတယ်။ နောင် ဆယ်နှစ် ကြာရင် ဒီနေရာမှာပဲ ပြန်ဆုံကြမယ်လို့ ဂတိကဝတ် ပြုကြပြီးပေါ့။

ဒီလိုနဲ့ ဆယ်နှစ် ပြည့်မြောက်တဲ့ အချိန်မှာ သူတို့ ချိန်းဆိုထားတဲ့ နေရာကို ရောက်ခဲ့ကြတယ်။ ပထမဆုံး သားက – သူဟာ ယခု ကျွမ်းကျင်တဲ့ ဆင်ဦးစီး တဦး ဖြစ်နေကြောင်း။ လောကတွင် အင်အားအကြီးဆုံးမှာ ဆင်ပင်ဖြစ်၍ သူ့ဆင်များအား နေ့စဉ် သူ့ကို နှစ်ကြိမ်စီ ဦးညွှတ်စေကြောင်း။ သို့သော် အခြားဟာများကိုမူ မသိ၍ ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း ပြောပါတယ်။

ဒုတိယ သားက – ယခုသူဟာလည်း နာမည်ရ စာဖိုမှုး တဦး ဖြစ်နေကြောင်း။ ပျားရည်ထက် ချိုသော ထမင်းတော့ မသိ၊ နေ့စဉ် ပျားရည်နဲ့ ပေါင်းထားတဲ့ ထမင်းကို စားနေကြောင်း၊ သူများကိုလည်း ရောင်းကြောင်း။ သို့သော် အခြားဟာများကိုမူ မသိ၍ ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း ပြောပါတယ်။

တတိယ သားက – သူသည်လည်း အတော် တတ်ကျွမ်းသော အပ်ချုပ်သည် တဦး ဖြစ်နေပြီ ဖြစ်ကြောင်း။ နေရာဒေသ အသီးသီးမှ သူချုပ်လုပ်သော ငှက်မွေး မွေ့ရာများကို ဝယ်ယူနေ ကြကြောင်း။ ကိုယ်တိုင်လည်း နေ့စဉ် အိပ်နေကြောင်း။ သို့သော် အခြားဟာများကို မသိ၍ ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း ပြောပါတယ်။

ဒီအချိန်မှာ သူတို့အနားကို မြင်းဖြူ ကြီး ရှစ်ကောင် ဆွဲထားတဲ့ ရထားကြီး တစီး ဆိုက်လာပြီး ခန့်ညားစွာ ဝတ်ဆင်ထားတဲ့ ရထားမှူး တဦး ဆင်းလာကာ၊ သူဌေးကြီး ဦးဇောတိကမှ ဖိတ်ကြားလိုက်ကြောင်း ပြောလေရာ၊ ညီအကို သုံးယောက်သား ဇဝေဇဝါဖြင့် တက်လိုက်သွားကြပါရော။

မြို့ထဲက နန်းတော်ကြီးလို တိုက်အိမ် အဖြူကြီးကို ရောက်တော့ အိမ်တော်ထိမ်းတွေက သူတို့ကို ဧည့်ခန်းကျယ် ကြီးထဲ ဖိတ်ပြီး သူဌေးမင်း ကြွလာပါတော့မယ် လို့ ဆို၍ စံအိမ်ကြီး၏ ခန်းနားထည်ဝါပုံကို အချင်းချင်း ပြောဆိုနေကြရင်း လှေခါးကြီးဆီက လူတဦး ဆင်းလာပါတယ်။ ပြီးတော့ သူတို့ အားလုံးကို ဝမ်းပန်းတသာနဲ့ ပြေးဖက်တော့မှ သူတို့ရဲ့ ညီငယ် ဖြစ်နေမှန်း သိကြပြီး ညီအကိုတွေ ဝမ်းပမ်းတသာ နှုတ်ဆက်ကြ ပါရောတဲ့။

"ငါ့ညီ မင်းဒီလောက် ချမ်းသာပြီး ကျမ်းမာနုပျိုနေပုံ ထောက်ရင် ကြည့်ရတာ အဖေပေး ခဲ့တဲ့ ရတနာ ပစ္စည်းတွေ ရခဲ့ပြီ ထင်ပ။ တို့ မရပေမယ့် ငါ့ညီလေး ရတော့လည်း ဝမ်းမြောက် ပါတယ်ကွာ။ ဘယ်လို ဘယ်နည်းနဲ့ ရတယ်ဆိုတာ တို့များကို ပြောစမ်းပါဦး" လို့ မေးမြန်းကြတယ်။

စတုတ္ထသားက "ဟုတ်ပါတယ် အကိုတို့၊ အဖေ့ပေးတဲ့ ရတနာတွေကို ကျွန်တော် ရလိုက်ပါပြီ။ အဲ့တာတွေဟာ ပစ္စည်းဥစ္စာတွေ လည်း မဟုတ်ရပါဘူး။ ဘယ်တော့မှ သုံးမကုန်တဲ့ အတွေးအခေါ် ကျင့်စဉ်တွေ သာပါ။ ဒါ့ကြောင့် အကိုတို့ကိုလည်း ဝေမျှပေးပါရစေ နားထောင်ကြပါတော့" ဆိုပြီး တခုခြင်းစီ ရှင်းပြပါတော့တယ်။

(၁) "လောကမှာ အင်အားအကြီးဆုံးသူ၏ တနေ့နှစ်ကြိမ် ဦးညွှတ်မှုကို ခံယူပါ" ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်လေးက ဒီလိုပါ။လောကမှာ အင်အားအကြီးဆုံး ဆိုတာ နေမင်းကြီးပါပဲ။ ဒါ့ကြောင့် သူ့ရဲ့ ဦးညွှတ်မှုကို ခံယူဖို့ ကျွန်တော်ဟာ နေ့စဉ် နေမထွက်မီ အိပ်ရာမှထပါတယ်။ ပစ္စည်းဥစ္စာ အရင်းအနှီး မပြည့်စုံ သေးတော့ ဒီမြို့မှာပဲ အဖေ သင်ပေးခဲ့တဲ့ လက်သမားပညာနဲ့ ရနိုင်တဲ့ အလုပ်တွေ အကုန် ဝင်လုပ်ပါတယ်။

ကျွန်တော့်ရဲ့ ဝီရိယနဲ့ ကြိုးစားအားထုတ်မှုကို မြင်လာတဲ့ သူဌေးတွေ၊ အလုပ်အပ်သူတွေက၊ တဖြည်းဖြည်း သဘောကျ ရာကနေ ကျွန်တော် အလုပ် အတော်များများ လက်ခံလာရပါရော။ နောက် နေမင်းရဲ့ ဦးညွှတ်မှုကို ဒုတိယအကြိမ် ခံယူတဲ့ အနေနဲ့ နေမဝင်မချင်း ကျွန်တော် အလုပ်ကို ကြိုးစား လုပ်ကိုင်ပါတယ်။ မည်သည့် အလုပ်မဆို မိမိအလုပ်လို့ ခံယူပြီး ရတနာသိုက်ကို ရအောင် နေ့စဉ်နေ့တိုင်း တရက်မပျက် ကျွန်တော် ကြိုးစားလာရာမှာ လေးငါးနှစ် အတွင်းမှာ ဒီမြို့က အများလေးစားရတဲ့ သူဌေး တဦး ဖြစ်လာရပါတော့တယ်။

ပစ္စည်းဥစ္စာ ပြည့်စုံ လာတဲ့ နောက်ပိုင်းလည်း ဒီကျင့်ဝတ်လေးကို ကျွန်တော် မဖျက်ခဲ့ပါဘူး။ နေ့စဉ် နေမထွက်ခင် ထပြီးတော့ ကျွန်တော့် လုပ်ငန်း ဆောင်တာတွေကို အားတက်သရော စီမံနေတဲ့အတွက် တပည့်ငယ်သားတွေ ကလည်း အားကျ လေးစား ချစ်ခင်လာပြီး မခိုမကပ် ရဲတော့ပဲ အားလုံးတက်ညီ လက်ညီ ဝိုင်းကြိုးစား ကြတာမှာ စည်းစိမ်ဥစ္စာတွေက ဒီရေအလား တရိပ်ရိပ် တက်လာနေတာ အခုထိပဲ ဆိုပါတော့။

အကိုတို့ ပြည့်စုံလာပြီးတော့ အနားယူမယ်ဆိုတဲ့ နေ့တွေ မှာတောင်ကျွန်တော် ဒီကျင့်စဉ်လေးကို မဖျက်ခဲ့ပါဘူး။ နေ့စဉ် ထမြဲထပါတယ်။ မိသားစုနဲ့ အချိန်ပေးပါတယ်၊ အများအကျိုး လိုက်လံ ဆောင်ရွက်ပါတယ်။ လူငယ်တွေ ကို ဒီအကြောင်းလေးတွေ ပြောပြ သင်ပေးရင်း တစ်နေ့တာကို ကုန်ဆုံးစေခဲ့ပါတယ်။ လောကမှာ အင်အားအကြီးဆုံး သူ၏ တနေ့ နှစ်ကြိမ် ဦးညွှတ်မှုကို ခံယူပါ ဆိုတာ ဒါပါပဲ။ "ချမ်းသာစေကြောင်း" ပေါ့။

(၂) "ပျားရည်ထက် ချိုမြိန်သော ထမင်းကို စားပါ" ဒီစကားကတော့ ကျွန်တော်တို့တွေ နေ့စဉ် စားကောင်း သောက်ဖွယ်တွေကို နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ လိုက်လံရှာဖွေ စားသောက် နေကြပါတယ်။ ဒါပေမယ့် တခါတရံ ဘာမဟုတ်တာ လေးနဲ့ကိုမြိန်ရှက်စွာ စားဖူးကြ ပါလိမ့်မယ်။ ကျွန်တော် နေ့စဉ် အလုပ်ကို ကြိုးစား လုပ်ကိုင်ရင်း ထမင်းစားချိန်ဆို ပင်ပန်းပြီး ဘာမှ မဟုတ်တဲ့ ဟင်းလေးတွေနဲ့တင် ထမင်းစားလို့ အရမ်း မြိန်ပါတယ်။

အကိုတို့လည်း ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင် ထားချိန်ဆို ထမင်းစားမြိန် ကြဖူးမယ် ထင်ပါတယ်။ ကိုယ့်အတွက် အဟာရဖြစ်ဖို့ပဲ ဦးတည်ပြီး အစားအသောက် နောက်ကို မလိုက်တော့တဲ့ အတွက် ကျွန်တော် ဘာစားစား မြိန်ရှက်စွာနဲ့ စားသုံးခွင့် ရပါတော့တယ်။ ဒီတော့ ကျွန်တော့် ဝင်ငွေကလည်း များစွာ ယုတ်လျှော့ မသွားတော့ပဲ အထိုက်အလျှောက် ချွေတာနိုင် လာခဲ့ပါတယ်။

စည်းစိမ်ချမ်းသာတွေ ပိုင်ဆိုင်လာပြီး နောက်မှာလည်း ထမင်းတလုပ်အတွက် ပင်ပန်းစွာ မရှာဖွေရ တော့တဲ့နောက် ကျွန်တော် ထမင်းစားမြိန်အောင် အမြဲ ကိုယ်လက်လှုပ်ရှား လုပ်ပြီး အားကစားတွေ မြင်းစီးတာတွေနဲ့ မိမိကိုယ်ကို လေ့ကျင့်ပြီး မောမောပန်းပန်းနဲ့ ထမင်းဟင်းကို မြိန်ရည်ရှက်ရေ စားတာကို အကျင့် လုပ်ပေးခဲ့တာပေါ့။ ချမ်းသာလာတဲ့နောက် အစာအသောက်အတွက် သုံးစွဲဖို့ ပူစရာ မလိုတော့ပေမယ့် ဘယ်တော့မှ ကျွန်တော် လိုတာထက် ပိုမစားခဲ့ပါဘူး။

မိသားစု ဝင်တွေကိုလည်း အမြဲ ကိုယ်စားနိုင် သလောက်သာ ချက်ကြဖို့နဲ့ စားသလောက် အလုပ်လုပ်ကိုင် နေဖို့ အမြဲ ဆုံးမ ပေးခဲ့ပါတယ်။ အစားအသောက်ကို ကပ်စီးနည်း ခိုင်းတာ မဟုတ်ပဲ ကိုယ်စားဖို့ အတွက် တပင်တပန်းနဲ့ ထွန်ယက် စိုက်ပျိုးထားတဲ့ ဆန်အတွက် လယ်သမားကြီးတွေရဲ့ လုပ်အား ခွန်အားတွေကို အမှိုက်ပုံးထဲ အဓိပ္ပါယ်မရှိ မကုန်ဆုံးသွား ကြစေဖို့ပါ။ ဒါ့ကြောင့် နေ့စဉ် ကျွန်တော်ဟာ ပျားရည်ထက် ချိုမြိန်တဲ့ ထမင်းကို စားနိုင်ဖို့ အားတက်သရော ကြိုးစား လုပ်ဆောင်နေ တာကြောင့် အခုလို ကျမ်းမာ ရွှင်လမ်းမှုကို အမြဲ ခံစားနေရတာပေါ့။ ပျားရည်ထက် ချိုမြိန်သော ထမင်းကို စားပါ ဆိုတာ ဒါကို ဆိုလိုတာပါ။ "ကျမ်းမာရေး အတွက်" ပေါ့။

(၃) "ငှက်မွေးထက် နူးညံ့သော အိပ်ယာတွင် အိပ်ပါ" ဒီစကားလေးက နောက်ဆုံးပါပဲ။ အရေးလည်း အကြီးဆုံးပေါ့။ ကြီးပွားအောင် ကြိုးစားနေချိန်မှာ ဒီစကားက သိပ်အရေးပါ ပါတယ်။ ကျွန်တော် တနေ့တာ ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေ တနေကုန် ကျိုးစားပြီး အိပ်ယာထက်ကို ရောက်လိုက်လို့ နဖူးပေါ် လက်တင် ပြီး ဒီကနေ့ ငါ့ဘဝအတွက် ဘာတွေ ကြိုးစားခဲ့လဲ ဆိုပြီး အမြဲတွေးပါတယ်။

ဒီတနေ့အတွက် လုပ်သင့်တဲ့ အလုပ်မှန်သမျှ ပြီးအောင် လုပ်ခဲ့တယ်။ ဘဝအတွက် ဥစ္စာ၊ ပညာ၊ သို့မဟုတ် ထိုက်သင့်တဲ့အရာ တခုခု ရခဲ့တယ် လို့လည်း သိရပြီ ဆိုတာနဲ့တောင် တောင်အီအီတောင် မစဉ်းစားနိုင်တော့ပဲ ချက်ချင်း အိပ်ပျော် သွားရပါတယ်။ လုပ်စရာရှိတာ လုပ်သင့်တာတွေလည်း လုပ်ပြီးပြီ၊ နေ့စဉ် မခိုမကပ်ပဲ အားကျိုးမာန်တက် ပင်ပင်ပန်းပန်း လုပ်ထားတဲ့ အတွက် ညဖက် ကျွန်တော့်မှာ အိပ်မရတာ အိပ်မပျော်တာ မရှိပဲ ခေါင်းချလိုက်တာနဲ့ ဘယ်လောက် မာကြောတဲ့ ကြမ်းပြင်ပဲ ဖြစ်စေကာမူ ငှက်မွေးထက် နူးညံ့နေရ ပါတော့တယ်။

အကိုတို့လည်း ပင်ပန်းပြီး ဒုက္ခမရှိတဲ့ အခိုက် ညဖက် အိပ်ရာပေါ် လှဲလိုက်ရင် အဲဒီလို ခံစားမှုမျိုး ခံစားမိမှာပါ။ ပြည့်စုံလာပြီး နောက်ပိုင်းလည်း နေ့စဉ် ပြုသင့် ပြုထိုက်တဲ့ ပြုဖွယ် မှန်သမျှ အမြဲပြုခဲ့ပါတယ်။ ကျွန်တော် ကူညီနိုင်သမျှ လူတွေကို ကူညီတယ်။ မကူညီနိုင်တဲ့ သူတွေ ကိုလည်း နားလည်အောင် ငြင်းလွှတ်တယ်။ သူတို့အပူ အဟပ် မခံစေဘူး။

ပတ်ဝန်းကျင်နဲ့ အလိုက်အထိုက် နေတယ်၊ သူတို့နောက် မလိုက်နိုင်တော့ရင် ကိုယ့်ဖာ့ကိုယ် နေရစ်တယ်။ ဝမ်းသာသင့်ရင် ဝမ်းသာ လိုက်တယ်၊ ဝမ်းနည်းသင့်ရင် ဝမ်းနည်းမိတယ်၊ အကြွေးမထားဘူး၊ ဟန်မလုပ်တော့ဘူး။ မိသားစုတွေ၊ မိတ်ဆွေတွေ၊ လူငယ်လူရွယ်လေးတွေကို ကောင်းတာ လုပ်ကြဖို့ တိုက်တွန်းတယ်။ လုပ်ကြပြီဆို ကောင်းကြောင်း ထုတ်ပြောတယ်၊ ဆက်လုပ်သွားကြဖို့ အားပေးတယ်၊ မကောင်းတာ ဆိုလည်း ဒီလိုပဲပေါ့။

ဒီတော့ ညအိပ်ရာဝင်လို့ နဖူးပေါ် လက်တင် စဉ်းစားလိုက်ပြီ ဆိုတာနဲ့ နောင်တ ရစရာ ပြန်ပြင်ချင်စရာ၊ ယူကြုံး မရတာ ဘာတခုမှ မခံစားရတော့ပဲ မိမိကိုယ်ကိုယ် ကျေနပ်စွာနဲ့ နေ့တနေ့ရဲ့ နောက်ဆုံးအချိန်ကို စိတ်လက် ကြည်နူး ပေါ့ပါးစွာနဲ့ပဲ ငှက်မွေးထက် နူးညံ့သော မွေ့ရာထက်မှာ အိပ်စက် ကုန်ဆုံးနိုင်ခွင့် နေ့စဉ် ရပါတော့တယ်။ Zwal Dika

Post a Comment

0 Comments