ရက်စက်လွန်းသောသူ

တခါတုန်းက မြို့တမြို့မှာ အရမ်းထူးချွန်တဲ့ သူခိုးတယောက်ရယ် နောက်လိုက် တယောက်ရယ် ရှိတယ်။ သူတို့ ဝင်ခိုးတဲ့ အရာမှန်သမျှ ရသလို ဘယ်တုန်းကမှ လည်း အဖမ်းမခံရဘူး။ ဒါပေမယ့် သူခိုးက သူတို့ လိုသလောက်ပဲ ခိုးတယ်။ စည်းထားတယ်။ ရွှေထည်ပစ္စည်းတွေ သေတ္တာလေးနဲ့ တွေ့ရင်တောင် အဲ့ထဲက ဆွဲကြိုး ဖြစ်ဖြစ် လက်ကောက်ဖြစ်ဖြစ် တခုပဲ ခိုးတယ်။ ပိုက်ဆံအုပ်တွေ တွေ့လည်း တချို့တဝက် ပြန်ထားခဲ့တဲ့ သူခိုးတွေပေါ့။

"အဖေ သားကို ဖိနပ်ဝယ်ပေးဦး" "ဟိုမှာတွေ့လား ပန်းရောင်းနေတဲ့ ကောင်လေး၊ မင်းနဲ့ ရွယ်တူပဲ။ မင်းလည်း ကျောင်းမသွားခင် ပန်းရောင်းရမယ်" လို့ အဖေဖြစ်သူက ပြောတယ်။ နောက်နေ့ ပန်းဒိုင်ဆီက ပန်းတွေယူပြီး သားဖြစ်သူကို ဈေးရောင်းခိုင်းတယ်။ ရတဲ့ အမြတ်တွေ စုပြီး ဖိနပ်တရံ ဝယ်လို့ ရမှ ဝယ်ပေးလိုက်တယ်။

"အဖေ ကျွန်တော် ပုဆိုပြဲသွားပြီ" "ဘာပုဆိုးလဲ" "ကျောင်းစိမ်း ပုဆိုးပါ" "ရော့ အပ်ချည်နဲ့ အပ်။ ပြန်ချုပ်ပေါ့ကွ။ မင်းတို့ စာသင်ခန်းက ပုဆိုးကောင်းမှ စာသင်ပေးတာလား" အဖေ ကျွန်တော် စာအုပ် ကုန်သွားပြီ။ မင်း ပန်းရောင်းရတဲ့ ငွေထဲက ဝယ်ပေါ့။ နောက်ဆို ငါ့လာမပြောနဲ့"

ကြာလာတော့ သားဖြစ်သူဟာ တခြား ကလေးတွေကို ကြည့်ပြီး အားငယ် လာတယ်။ သူ့ဘဝ ကို သူ နာကျည်းလာတယ်။ သူ့အဖေက သူများအဖေတွေလို မဟုတ်မှန်း ခံစားလာရတယ်။ ဝမ်းနည်းလာရတယ်။ အဲ့လိုနဲ့ တနေ့ပြီး တနေ့ ကျောင်းတက်ရင်း ကောင်းလေးဟာ ဆယ်တန်းအောင်ပြီး တက္ကသိုလ် ရောက်တယ်။ အဲ့ဒီ အချိန်မှာတော့ ကောင်လေးဟာ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ပြီး ကျောင်းတက်နေတဲ့သူ ဖြစ်လာတယ်။

တနေ့ ဆိုင်ကယ်ပြင်ရင်း ညဉ့်နက်သွားတယ်။ အရင် ရက်တွေဆို ကောင်လေးက သူ့ဆိုင်မှာ အိပ်ပြီးနေတာ။ ဒီနေ့ကြတော့ အိမ်မှာ ပစ္စည်းတခု ယူစရာ ရှိတာနဲ့ ညဉ့်နက်ထဲ ပြန်လာခဲ့တယ်။ အဲ့အချိန်မှာ သူ့အိမ် နောက်ဖေးက လူတယောက် ထွက်သွားတာတွေ့လိုက်တယ်။ သူက "သူခိုး" လို့ အော်ဖို့ ပြင်တယ်။ ဒါပေမယ့် ခန္ဓာကိုယ် အချိုးအစား ကြည့်ပြီး အဖေလား မသိဘူး၊ ညကြီး မင်းကြီး ဘာလုပ်တာလဲ ဆိုပြီး နောက်ကနေ တိတ်တိတ်လေး လိုက်သွားတယ်။

မြို့အပြင် ဇရပ်တခု အောက်မှာ လူတယောက် စောင့်နေတာ တွေ့လိုက်တယ်။ အသာလေး ခြေကို ဖော့နင်းပြီး ကြားနိုင်လောက်တဲ့ နေရာထိ အရဲစွန့်ပြီး ကပ်လိုက်တယ်။ ပြီးတော့ ငြိမ်ငြိမ်လေး နေလိုက်တယ်။ "ဆရာ နောက်ကျလိုက်တာဗျာ" "အေး ငါ့ သား ပြန်လာမှာ စိုးတာရယ်၊ ငါ့ မိန်းမ နိုးမှာ စိုးလို့ပါ" "ထန်းခြေ ရွာက လယ်ပိုင်ရှင် ဦးတောက်ထွန်းအိမ်မှာ တနေ့က မြို့တက်ပြီး လုပ်ထားတဲ့ ရွှေတွေရှိတယ်လို့ သိရတယ်"

"အင်း၊ ငါ ဒီအလုပ်တွေ မလုပ်တော့ဘူး ချစ်ငြိမ်း။ ခုဆို ငါ့သားလေးက ပညာတတ်ကြီး ဖြစ်တော့မယ်။ သူခြေ သူရပ်ပြီး လောကဓံရဲ့ ဆိုးခြင်းတွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲနေပြီလေ။ ငါ့အတွက် မလိုအပ်တော့ ဘူးလေ။ မင်း မေးနေကြပေါ့။ ဆရာ ဘာလို့ခိုးလဲ ဆိုတဲ့ အဖြေကို မင်းနဲ့ငါ မခွဲခွာခင် နောက်ဆုံး ဒီည ပြောပြမယ်။ ငါ ငယ်ငယ် က လမ်းပေါ်မှာ လေ လွင့်ခဲ့တယ်။

ပထမ လ္ဘက်ရည်ဆိုင်က မုန့်တွေကို လုပြေးတယ်။ နောက် ကားပေါ်တွေမှာ ခါးပိုက်နှိုက်တယ်။ ငါ့ ဘဝမှာ ပညာ ဆိုတာလည်းမသိ၊ ကူညီမယ်သူ ဆိုတာလည်း မရှိ၊ ငါ ထမင်းမငတ်စေဖို့ ရုန်းကန်ရင်း ရှင်သန်နေ ခဲ့ရတာကွ။ ငါလည်း မကောင်းမှန်း သိပေမယ့် လူတွေက အပေါ်ယံ ကြည့်ပြီး အလုပ်မပေးခဲ့ ကြဘူး။ မိဘမရှိတဲ့ လေလွင့်နေတဲ့ ကလေးတယောက်ကို ကူညီဖို့ ဝေးသေး အနားကပ်ရင်တောင် နှာခေါင်းရှုံ့ မောင်းထုတ်ကြတယ်။

ကြာတော့ ငါ သိလာတယ်။ ငါ့ခြေ ငါရပ်ဖို့ အတွက် ကောင်းသောလမ်း မရှိရင်တောင် ငါ ရှင်သန်ဖို့ ငါခိုးခဲ့တယ်။ တစတစနဲ့ ငါဟာ သူခိုးအကြီးစား ဖြစ်ခဲ့တယ်။ ဒါပေမယ့် ငါခိုးတဲ့ အိမ်တိုင်းကို အများကြီး မလုပ်ဘူး ဘာလို့လဲ သိလား။ ငါ သူ့တို့အိမ်တွေကို ဖောက်ထွင်းဖို့ သုံးလိုက်ရတဲ့ အတတ်ပညာအတွက်ပဲ ငါခိုးယူခဲ့တာ။

ငါအိမ်ထောင်ကျပြီး သားလေးမွေးတော့ ငါ့လိုဖြစ်မှာ အရမ်းကြောက်တယ်။ ငါ့လို ကူသူမဲ့မှာ စိုးတယ်။ ငါ့လို မမှားချင်ပဲ မှားနေတဲ့ လမ်းကို လျှောက်မှာစိုးတယ်။ ငါ့သားလေးကို အရွယ် မမျှတဲ့ နာကျင်မှုတွေ ပေးခဲ့တယ်။ အရွယ်မမျှတဲ့ ဒုက္ခတွေကို ပေးစွမ်းတယ်။ အဆိုးဆုံးကတော့ ဖခင်မေတ္တာနဲ့ နွေးထွေးခွင့်ကို ငါဖုံးခဲ့တာပဲ။ ဘာလို့လဲ သိလား ချစ်ငြိမ်း။ လူတွေဟာ နာကျင်ပြီးမှပြောင်းလဲသွားလို့ပဲ။

ငါ့သားလေးကို ပထမဆုံး ပန်းရောင်းခိုင်းတုန်းက အိမ်ထဲကနေ ကြည့်ပြီး ငါငိုနေခဲ့တယ်။ တကယ်တော့ သူမမြတ်ခဲ့ဘူး၊ ရှုံးခဲ့တယ်။ ငါခိုးထားတဲ့ ငွေတချို့ကို သူ့အမြတ်လို့ ပြောပြီး သူလိုတဲ့ ဖိနပ်လေးကို ဝယ်ပေးတယ်။ သူ့အလုပ် လုပ်လို့ ရတဲ့ ငွေလေးတွေကို စာအုပ်ကြားထဲ ထည့်ထည့်စုထားချိန်မှာ သူမသိအောင် ငါဖြည့်ဖြည့် ပေးတယ်။ ခုဆို သူ့ရဲ့ ရပ်တည်မှုက ဖြူစင်လွန်းသွားပြီ။

လူတယောက် ပြောင်းလဲဖို့ အတွက် ရက်စက်တယ် ပြောချင် ပြောကြပါစေ။ ငါ့အသိ ငါ့အတွေးမှာ မှန်တယ်။ ဘယ်လောက်ထိ ငါ့ကို ရက်စက်တယ် ပြောပြော ငါဒီလမ်းကို ဖောက်ချိန်မှာ ဖခင်ဆိုတဲ့ လူတယောက် သိစိတ်တွေ နောက်မှာ ကျန်နေခဲ့ရတာ။ ဒါတွေ ဘယ်သူမှ မသိဘူး။ ငါ့သားလည်း မသိစေရဘူး။

ကဲချစ်ငြိမ်း မင်းနဲ့ငါ တွဲလုပ်လာတာ ကြာပြီ။ ဆရာ တပည့်လည်း ဟုတ်တယ် လုပ်ဖော် ကိုင်ဖက်လည်း ဖြစ်တယ် သစ္စာတရားကို ငါ့တို့လောက် ဘယ်သူ သိမှာလဲ။ အခု ငါ ဒီအလုပ်ကို မလုပ်တော့ဘူး။ မင်းကတော့ မင်းဆန္ဒပေါ့။ ငါ့ရဲ့ ရည်ရွယ်ချက်တွေ ကောင်းပေမယ့် လုပ်ရပ်တွေ မှားခဲ့တယ်။ ဒါဟာ ရွေးချယ်မှု မပေးတဲ့ ကံကြမ္မ ကြောင့်ပဲ။ ခု ငါရွေးချယ်နိုင်ပြီလေ။ ငါ့ သားလေးရဲ့ အနာဂတ်ကို မထိခိုက် စေချင်တော့ဘူး။ ကဲသွားတော့ ချစ်ငြိမ်း"

လူနှစ်ယောက် လမ်းခွဲထွက်သွားတယ်။ လူတယောက် မျက်ရည်တွေနဲ့ ဆို့နစ်စွာ ကျန်ရစ်ခဲ့တယ်။ အရာရာကို ရက်စက်လွန်းသူဆိုတဲ့ သူ့အဖေက သူ့အတွက် အရာရာကို ရက်စက်ခြင်းကို ဖုံးအုပ်ထားတယ်။ သူသိလိုက်တဲ့ အသိက နေလုံး အပူချိန်ကြောင့် နေလုံးကြီးကို အပြစ်နေကြတယ်။ ဒါပေမယ့် နေလုံးကြီး ကိုယ်တိုင် ပူလောင်နေတာ သူ မသိခဲ့ဘူး။ ပြီးတော့ ဘဝဆိုတာ တခုခု ပေးဆပ်ပြီးမှ ထိုက်တန်တဲ့အရာ တခုခုကို ရရှိကြစမြဲ ဆိုတာ။ နောက်တခုက ဘဝနဲ့ရင်းပြီး ရလိုက်တဲ့ သင်ခန်းစာဟာ စာအုပ်ပေါင်း များစွာထက် ပိုထိရောက်တယ် ဆိုတာ။ ဘာမထီဘွား အတွေးစာစုလေးများ

Post a Comment

0 Comments