ရက်စက်သော စေတနာ

တခါက ဆောင်းမနက်ခင်း တခုမှာ အဖိုးအို တယောက်ဟာ ကိစ္စ တခုနဲ့ အတန်ငယ် ဝေးတဲ့ ရွာတရွာကို နွားလှည်းနဲ့ ထွက်လာတယ်။

တနေရာ အရောက်မှာ အခါလည် ကလေးငယ်ကို ရင်မှာ ပိုက်ထားတဲ့ မိန်းမငယ် တဦးက လမ်းကြုံ လိုက်ခွင့် တောင်းပြီး လိုက်လာတယ်။ နှင်းတွေ ထူထပ်စွာ ကျနေတော့ အင်မတန်မှ အေးနေတယ်။ ရောင်နီကို မတွေ့ သေးဘူး။

အဖိုးအိုလည်း နှင်းဒဏ်ကြောင့် ပါလာတဲ့ စောင်ပိုင်းလေး မလုံ့တလုံ ခြုံရင်း လှည်းမောင်း နေရတယ်။ လှည်းကြုံ စီးလာတဲ့ အမျိုးသမီးငယ်က ဘာမှ ချုံစရာ ပါမလာတော့ ကလေးကို အတင်း ပိုက်ထားပြီး ချမ်းလို့ တုန်ချိ နေပြီ။

ကလေး ကလည်း အေးလွန်းလို့လား မသိ ငြိမ်သက်နေ ရှာတယ်။ အမျိုးသမီးငယ်၏ နှုတ်ခမ်းက ပြာနှမ်းနှမ်း ဖြစ်နေပြီး သတိလစ် မတတ် ဖြစ်လာတယ်။

ဒါကို အဖိုးအိုက တွေ့လိုက်တော့ ကလေးကို ဆွဲယူပြီး သူ့ရင်ခွင်ထဲ ထည့် စောင်နဲ့ လုံအောင် ဖုံးတယ်။ ပြီးတော့ ရုတ်တရက် အမျိုးသမီးကို လှည်းပေါ် ကနေ တွန်းချ ပစ်လိုက်ပြီး လှည်းကို တရကြမ်း မောင်းပြေး တော့တယ်။

ဖုန်တောထဲ သတိ လက်လွတ် ခြေပစ် လက်ပစ် ကျသွားတဲ့ အမျိုးသမီးငယ်က ပထမတော့ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားတယ်။

ဘာဖြစ်လို့ ဖြစ်မှန်း မသိ နှင်းတွေ ကြားထဲ တွေဝေစွာ ဆက်ရပ်နေရင်း သူ့ကလေး ပါသွားတာကို ဒီအတိုင်း ကြောင်ကြည့် နေခဲ့တယ်။

သိပ်မကြာဘူး မိခင် တယောက်ရဲ့ စိတ်ကြောင့် လှည်းနောက်ကို အတင်း သူမ ပြေးလိုက်တယ်။ အသားကုန် အော်ဟစ် ငိုယိုပြီး လှည်းပေါ်က အဘိုးအို ကိုလည်း အမျိုးမျိုး ကျိန်ဆဲပြီး အတင်း လိုက်တယ်။

ဒီလိုနဲ့ တမိုင် နီးပါးလောက် ရောက်တော့ သူမ ပြေးရတာ ကြောင့်ကော၊ အသံကုန် ဟော်ဟစ်ပြီး ဆဲဆို လာတာကြောင့် ပါ မူလ ခန္ဓာကိုယ် အခြေအနေ ပြန်ရောက် သွားပြီး နွေးနွေး ထွေးထွေးနဲ့ သက်တောင့် သက်သာ ရှိလာတယ်။

တနေရာ ရောက်တော့ အဘိုးအို လှည်းကို ရပ်လိုက်ရင်း သူမကို လှည်းပေါ် တက်ခိုင်းတယ်။ "အခု နေရတာ အဆင်ပြေ သွားပြီ မဟုတ်လား။ အေး မလွဲသာလို့ ငါ ဒီအတိုင်း လုပ်လိုက် ရတယ်။ ဒီလိုမှ မလုပ်ရင် နင်တို့ သားအမိ ဘေးတွေ့မှာ" တဲ့။

တချို့ စေတနာ တွေဟာ အကြောင်းစုံ မသိရင်တော့ အရမ်း ရက်စက်တယ် အထင် ခံရ တတ်ပါတယ်။ NandaLatt

Post a Comment

0 Comments