အားနည်းချက် ရှိသောသူ

တခါတုန်းက ခြင်္သေ့ တကောင်သည် လွန်စွာ စိတ်အားငယ်လျက် ရှိ၏။ ခြင်္သေ့ အပေါင်းသည် ခွန်အား ဗလလည်း ရှိကြ၏။ ရဲစွမ်း သတ္တိနှင့်လည်း ပြည့်စုံ ကြ၏။

သို့ပါလျက် သူတို့သည် ဘာမဟုတ်သည့် ကြက်တွန်သံ ကိုမူ ကြောက်ရွံ့ ထိတ်လန့် ကြ၏။ ကြက်တွန်သံ ကြားသည်နှင့် တပြိုင်နက် သူသည် ထိုအသံမှ ကင်းဝေးရာ အရပ်ဆီသို့ ထွက်ပြေး ပုန်းရှောင် ကြရသည်ချည်း ဖြစ်၏။

ထို့ကြောင့် အဆိုပါ ခြင်္သေ့သည် သူတို့ကို ဖန်ဆင်းသော နတ်မင်းကြီးထံ သွားရောက်သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ပြစ်တင် ပြောဆို၏။ နတ်မင်းကြီးက

"ဤအချက်နှင့် စပ်လျဉ်း၍ သင်သည် ကျွန်ုပ်ကို အပြစ် မဆိုသင့်။ သင့်အတွက် အကျွန်ုပ်သည် တတ်စွမ်း ရှိသမျှ အစွမ်းကုန် ဖန်ဆင်း ပေးထားသည် မဟုတ်ပါလော။

သေချာစွာ သုံးသပ်ကြည့်ပါ။ သင့်အဖို့ ဤအချက် တခုမှ လွဲလျှင် အခြား ချို့ယွင်းချက် ဟူ၍ လုံးဝ မရှိပါ။ ကျေနပ်သင့် ပါသည်" ဟူ၍ နှစ်သိမ့် စကား ပြောကြား၏။

ဤသို့ နတ်မင်းကြီးက ဆိုသော်လည်း ခြင်္သေ့ကား နှစ်သိမ့်ခြင်း မရှိ။ များစွာ စိတ်အားငယ်လျက် ရှိရကား အသက် မရှင်လို။ သေသွားရန်ပင် ဆန္ဒ ဖြစ်နေသည်။

ထိုသို့ရှိစဉ် တနေ့၌ သူသည် အလွန်တရာ ကြီးမားသော ဆင်ကြီး တကောင်ကို တနေရာ၌ သွားတွေ့၏။ ဆင်ကြီးကို သတိ ထား၍ ကြည့်သောအခါ ဆင်ကြီးသည် သူ၏ နားရွက်တို့ကို ထောင်လျက် တစုံတခုသော အသံကို နားစွင့်လျက် ရှိသည်ကို တွေ့ ရ၏။

ဤတွင် ခြင်္သေ့က ဆင်ကြီးအား အကျိုးအကြောင်း မေးမြန်း၏။ သို့မေးမြန်းခိုက် ယင်တကောင်သည် သူတို့ အနီးသို့ တဝီဝီ ပျံသန်း လာသည်ကို တွေ့လိုက်ရ၏။ ဆင်ကြီးက "အဆွေ၊ ယင်သတ္တဝါကို သင်မြင်သည် မဟုတ် ပါလော။ ကျွန်ုပ်အဖို့ ယင်ကောင်များကို လွန်စွာပင် ကြောက်လန့် လှပါသည်။

အကယ်၍ ကျွန်ုပ်၏ နားထဲသို့ ၎င်းတို့သာ ဝင်ရောက်လာမည် ဆိုပါက ကျွန်ုပ်သည် မုချ သေဆုံး ရပါလိမ့်မည်။ သို့ဖြစ်၍ ၎င်းတို့ ရန်မှ ရှောင်ရှားနိုင်ရန် ကျွန်ုပ်သည် အစဉ် နားစွင့်လျက် ရှိရပါသည်" ဟု ဖြေကြား၏။ ဆင်ကြီ၏ စကားကို ကြားသော် စိတ်အားငယ်လျက်ရှိသော ခြင်္သေ့ အဖို့ တစ်မု ဟုတ်ချင်း အားသစ်ဝင်လာ၏။

ထို့ကြောင့် သူက "သည်မျှ ကြီးမားသော ဆင်ကြီး ပင်လျှင် လွန်စွာ သေးငယ်သော ယင်ကောင် လေးကို ကြောက်ရွံ့ နေပါက ငါ့အဖို့ ယင်ကောင်ထက် ဆယ်ဆမက ကြီးမားသော ကြက်ငယ်ကို ကြောက်ရွံ့မိသည်မှာ ဘာမျှ ရှက်ကြောက် အားငယ်ဖွယ်ရာ မရှိပါ တကား" ဟူ၍ စိတ်တွင်းမှ ပြောဆို လိုက်လေ၏။ Crd

Post a Comment

0 Comments