တခါတုန်းက ရွာတရွာမှာ ဗိန္ဓော ဆရာကြီး တယောက် ရှိတယ်။ ဆေးလည်း ကုတယ် ပယောဂလည်း ကုတယ်ပေါ့။ တနေ့ ကျတော့ ဆရာကြီးက ရွာထဲကို သတင်း တခု လွှင့်လိုက်တယ်။
တစ္ဆေသရဲ များကို ပကတိ မျက်စိဖြင့် မြင်တွေ့ နိုင်ရန် ပြသမည် ဖြစ်ကြောင်း၊ စုရပ်အဖြစ် ရွာပြင်က ဇရပ်မှာ ဆုံတွေ့ ကြမည် ဖြစ်ကြောင်း ကြေညာ လိုက်တယ်။
ချိန်ဆို ထားသည့် နေ့ရက်သို့ ရောက်သော အခါ ရွာသူ ရွာသား တို့သည် ဇရပ်၌ စုဝေး ရောက်ရှိလာ ကြလေ၏။ လူစုံတက်စုံ ဖြစ်လာသော အချိန်တွင် ဆရာကြီးသည် မတ်တပ်ရပ်၍ လည်ချောင်း ရှင်းလိုက်ပြီးနောက် ဘုရား တရား သံဃာ အကြောင်း၊
ကုသိုလ် အကုသိုလ် အကြောင်း၊ ဒါန သီလ ဘာဝနာ အကြောင်း၊ မကောင်းမှုရှောင် ကောင်းမှု ဆောင်ပြီး စိတ်ထား ဖြူစင်ကြဖို့ အကြောင်း၊ ယုတ်မာသော အကျင့် မြင့်မြတ်သော အကျင့် အကြောင်း တို့ကို အကျယ်ချဲ့၍ ရှည်လျားစွာ ရှင်းလင်း ဟောကြား ပြသလေ၏။
ထိုအခါ ရွာသူ ရွာသား တို့သည် တဖွဲဖွဲနှင့် အိမ်ပြန်သွား ကြလေ၏။ နှစ်ဦး သုံးဦးလောက်သာ ဇရပ်အတွင်း၌ ကျန်ရစ်ခဲ့ ကြလေ၏။ ဆရာကြီးသည် ပရိသတ် အခြေအနေကို အကဲခတ် ပြီးနောက် ဟောပြောမှုအား ရပ်နား လိုက်လေ၏။
ထိုအခါ ကျန်ရစ်ခဲ့ကြသော ရွာသား သုံးဦးက ဆရာကြီးအား "ဆရာကြီး တစ္ဆေ သရဲ တွေကို ပြမယ်ဆို" မေးမြန်းကြ၏။ ဆရာကြီးက "အိမ်း ခုနက ပြန်သွားကြတာ တွေက တစ္ဆေ သရဲ တွေပဲ ကွယ့်" လို့ ပြောတော့ ရွာသားများက "အဲဒါ လူတွေပါ ဆရာကြီးရဲ့၊ သရဲ တစ္ဆေတွေ မဟုတ်ပါဘူး"
ဆရာကြီး "အိမ်း ဒီလိုကွယ့်။ တစ္ဆေသရဲ တွေက ဘုရားသံ တရားသံ ကြားရင် မကြားနိုင် မနာနိုင် ဖြစ်ပြီး ဝေးရာကို ထွက်ပြေးကြ ရတယ်ကွယ့်။
ခုနက လူတွေကလည်း ဘုရားသံ တရားသံ ကြားမိတာနဲ့ မနေနိုင် မထိုင်နိုင် ဖြစ်ပြီး ထွက်ပြေးကြတာ ဆိုတော့ တစ္ဆေသရဲတွေလို့ ပြောလို့ ရတယ်ကွယ့်"
ရွာသားများ "သဘောပေါက်ပါပြီ ဆရာကြီး၊ ဒါနဲ့ ဖေ့ဘွတ် သုံးတဲ့ သူတွေထဲမှာလည်း တစ္ဆေ သရဲတွေ အများကြီး ရှိပါတယ် ဆရာကြီး" လို့ပြောတော့ ဆရာကြီးက "ဟေ ဟုတ်လားဟ၊ ရှင်းပြစမ်းပါ အုံးဟ"
ရွာသားများ "ဒီလိုပါ ဆရာကြီး ဘုရား အကြောင်း၊ တရား အကြောင်းနဲ့ ဆရာတော်ပုံတွေ စာတွေ တွေ့လိုက်တာနဲ့ အတင်း ဇွတ်တရွတ် အဲဒီ ပို့စ်ကို မကြည့်နိုင် မရှုနိုင် ကျော်လွှား သွားကြရတာ တွေလည်း တစ္ဆေသရဲ တွေပဲ မဟုတ်လား ဆရာကြီး"
ဆရာကြီး "အိမ်း ဒါလည်း ဟုတ်သကွဲ့" ဟု ပြောဆိုပြီးနောက် ဇရပ်ပေါ်မှ ဆင်းသွားလေသတည်း။ Sai Sai (ဓမ္မအလင်းရောင်)
0 Comments