မျိုးရိုးဗီဇကို ကြည့်ပါ

တခါတုန်းက လူတယောက်ဟာ သူ့ရဲ့ တတ်အပ်တဲ့ ပညာနဲ့ နန်းတော်မှာ အမှုထမ်းလိုကြောင်း ပြောတော့ မှူးမတ်တွေ ကနေတဆင့် ဘုရင့် ရှေ့တော်မှောက်ကို ရောက်လာတယ်။ ရှင်ဘုရင်က "မောင်မင်း ဘာပညာတတ်လဲ" လို့ မေးတော့ အမှုတော်ထမ်းလိုသူက ရဲရဲဝံ့ဝံ့ လျှောက်တယ်။ "ကျွန်တော်မျိုး သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာ ခန့်မှန်းတဲ့ ပညာကို တတ်ကျွမ်းပါတယ်"

ရှင်ဘုရင်ဟာ သူ့ကို နေရာကောင်းပေးဖို့ နေရာအလွတ် မရှိတာနဲ့ မကြာသေးခင်က မြင်းထိန်းတဦး သေသွားတာမို့ အဲ့ဒီ နေရာလေးကို သူ့ကို ပေးလိုက်တယ်။ ရက်အနည်းငယ် ကြာတော့ ရှင်ဘုရင်ဟာ သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာ ခန့်မှန်းတဲ့ ပညာကို တတ်ကျွမ်းပါတယ် ဆိုတဲ့ မြင်းထိန်းနေရာ ရောက်နေတဲ့ သူရဲ့ပညာကို သိလိုတာနဲ့ ခေါ်ပြီး သူ့ရဲ့ အကြိုက်ဆုံး မြင်းရဲ့အကြောင်းကို မေးတော့တယ်။ "မောင်မင်း ငါ့ရဲ့ ဒီစီးတော်မြင်းဟာ မျိုးစစ် မျိုးမှန် ဟုတ်ရဲ့လား"

"မှန်လှပါ အရှင်မင်းကြီးရဲ့ မြင်းဟာ မျိုးစစ်မျိုးမှန် မဟုတ်ပါဘူး" ရှင်ဘုရင်ဟာ တအံ့တသြ ဖြစ်သွားတယ်။ ဒါနဲ့ ယခင် မြင်းပိုင်ရှင်ကို ဆင့်ခေါ်ပြီး မေးတော့ ယခင် မြင်းပိုင်ရှင်က "အရှင်မင်းကြီး မြင်းကတော့ မျိုးစစ် မျိုးမှန်ပါ။ ဒါပေမဲ့ သူ့အမေဟာ သူကို မွေးပြီး သေသွားခဲ့ ပါတယ်။

ဒါကြောင့် ကျွန်တော်မျိုးဟာ အဲဒီ မြင်းကို နွားနို့ တိုက်ပြီး မွေးခဲ့ရ ပါတယ်" လို့ လျှောက်ထားလေတယ်။ ရှင်ဘုရင်ဟာ မြင်းထိန်းကို ခေါ်ပြီး မေးတယ်။ "မောင်မင်းက မျိုးစစ် မျိုးမှန် မဟုတ်ဘူး ဆိုတာ ဘယ်လိုသိလဲ"

"မှန်လှပါ အရှင်မင်းကြီး၊ ဒီမြင်းဟာ အစာကိုစားတဲ့ အခါမှာ နွားများလို ခေါင်းကို ငုံ့ပြီးစားပါတယ် တကယ် မျိုးစစ်သော မြင်းဟာ အစာကို ပါးစပ်မှာ ယူပြီး ခေါင်းကို မော့လို့ စားပါတယ်"လို့ မြင်းထိန်းက ပြန်လျှောက်တယ်။ ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစား တန်ဘိုးထားပြီး သူ့ထံကို ထောပတ်တွေ ကြက်ကြော် ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့လို့ ဆုချီးမြှင့်ပါတယ်။ ပြီးတော့ သူကို မိဖုရားဆောင်နဲ့ နီးတဲ့နေရာမှာ နေရာပေး လိုက်ပါတယ်။

ရက်အနည်းငယ် ကြာတော့ ရှင်ဘုရင်က သူ့ကို မိဖုရားနဲ့ ပတ်သက်ပြီး မေးတော့ သူက "မိဖုရားရဲ့ နေပုံထိုင်ပုံကတော့ မင်းမျိုးမင်းနွယ် ကလို့ ထင်ရပါတယ်။ ဒါပေမယ့် မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ပါဘူး" လို့ ဖြေတယ်။ ရှင်ဘုရင်ဟာ တအံ့တသြနဲ့ ယောက်ခမ ဖြစ်သူကို ခေါ်ပြီး မေးပြန်တယ်။

"ဟုတ်ပါတယ် မင်းကြီး၊ မင်းကြီးရဲ့ ခမည်းတော်က ကျွန်ုပ်ရဲ့ ခင်ပွန်းထံက သမီးမွေးရင် ပေးစားမယ် ပြောထားခဲ့ပါတယ်။ တကယ်တော့ ကျွန်ုပ်တို့ သမီးအရင်းဟာ ကံဆိုးစွာ ၆ လနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဒါနဲ့ ကျွန်ုပ်တို့လည်း မင်းမျိုးမင်းနွယ်နဲ့ အမျိုး မတော်ရမှာ စိုးတာကြောင့် သူများရဲ့ သမီးကို မွေးစားလိုက် ရပါတယ်" လို့ ကြားသိရတော့မှ မြင်းထိန်းကို ခေါ်ပြီး မေးတယ်။ " မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ဘူးဆိုတာ မောင်မင်း ဘယ်လို သိတာလဲ"

"မှန်လှပါ မိဖုရားရဲ့ ဆက်ဆံမှုက အလုပ်သမားတွေ အပေါ်မှာ မိဖုရား တယောက်ပုံစံ မဟုတ်ပဲ တကယ့်ကို ပညာမဲ့သူတွေရဲ့ ပုံစံနဲ့ တူနေလို့ပါ" လို့ လျှောက်ထားတယ်။ ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစား တန်ဘိုးထားပြီး အရင်လိုပဲ ထောပတ်တွေ ကြက်ကြော် ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့ပြီး ချီးမြှင့်ပြန်ပါတယ်။ ပြီးတော့လည်း သူ့ကို နန်းတော်ထဲမှာ နေရာပေးလိုက်ပါတယ်။

ဒီလိုနဲ့ ရက်အနည်းငယ် ကြာတော့ သူ့ကိုခေါ်ပြီး "ကဲ အခု ငါ့အကြောင်းကို ပြောပါ" ဆိုတော့ အမှုတော်ထမ်းက "ကျွန်တော်မျိုးရဲ့ အသက်အတွက် အာမခံချက် ရှိရင် ပြောပါမယ်" လို့ တောင်းဆို လိုက်တယ်။ ဘုရင်ကလည်း "ကောင်းပြီ ငါကတိ ပေးတယ်" ဆိုတော့မှ "အရှင်မင်းကြီးဟာ ဘုရင့်သားတော် မဟုတ်သလို ဘုရင့် အမျိုးအနွယ် ကလည်း မဟုတ်ပါဘူး"

အဲ့ဒီစကားကြောင့် ရှင်ဘုရင်ဟာ အလွန်ဒေါသ ထွက်ပြီး သတ်မယ် လုပ်တော့ သူကိုယ်တိုင် ကတိပေးထား တာကို သတိရပြီး စိတ်လျှော့လိုက်တယ်။ ဒါနဲ့ ချက်ချင်း ဆိုသလို မယ်တော်ကြီးထံကို သွားရောက်မေးတယ်။

မယ်တော်က "ဟုတ်ပါတယ်၊ မင်းဟာ နွားကျောင်းသား တယောက်ရဲ့ သားဖြစ်တယ်။ ငါတို့မှာ ကလေး မရနိုင်တော့ မင်းကို ခေါ်ပြီး မွေးစားလိုက်တာ ဖြစ်တယ်" ဆိုတော့မှ အမှုထမ်းကို ခေါ်ပြီး မေးတယ်။ "မောင်မင်းက ငါ့ကို ဘုရင် အမျိုးအနွယ်ထဲက မဟုတ်ဘူး ဆိုတာ ဘယ်လိုသိလဲ"

အမှုတော်ထမ်းက " ရှင်ဘုရင်ဆိုတာ တယောက်ယောက်ကို လက်ဆောင်ပေးရင် စိန်တွေ ရွှေတွေ စတဲ့ အဖိုးတန် အကောင်းစား ပစ္စည်းမျိုးကိုသာ ပေးတတ်ပါတယ်။ အခု အရှင်မင်းကြီးဟာ လက်ဆောင် ပေးတဲ့အခါ စားစရာ သောက်စရာ အသီးအနှံတွေသာ ပေးတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် အရှင်မင်းကြီးဟာ ဘုရင်မျိုး ဘုရင်အနွယ်က မဖြစ်နိုင်ဘူး။ နွားကျောင်းသား တဦးဦးရဲ့ သားပဲ ဖြစ်ရမယ် ဆိုတာ သိရပါတယ်" လို့ ဖြေကြားလိုက် ပါတော့တယ်။

ဘဝမှာ ကိုယ်ဘက်က ဘယ်လောက်ပဲ အထက်တန်းကျတယ် လို့ပဲ ပြောပြော ကိုယ့်ရဲ့ အပြုအမူ အပြောအဆို တွေဟာ အထက်တန်း ကျမနေခဲ့ရင် ဘယ်သူကမှ အထက်တန်းကျတယ် လို့ မသတ်မှတ်ပါဘူး။ ဘယ်လောက်ပဲ အဆင့်အတန်းတွေ နိမ့်ကျတယ် လို့ပဲ ဆိုဆို ကိုယ့်ရဲ့ အပြုအမူ အပြောအဆို တွေဟာ နိမ့်ကျ မနေခဲ့ရင် ဘယ်သူကမှ နိမ့်ကျတယ်လို့ မမြင်ပါဘူး။

မကောင်းတဲ့ အပြုအမူ မကောင်းတဲ့ အပြောအဆို တွေဟာ မကောင်းတဲ့ မျိုးရိုးဗီဇပါပဲ။ ဒါ့ကြောင့် လူကြီးသူမတွေက "ကိုယ်ကြမ်းတော့ အဖ ယုတ်တယ်၊ နှုတ်ကြမ်းတော့ အမိယုတ်တယ်" လို့ ဆိုခဲ့တာ ပါပဲ။ ပိုက်ဆံ ဘယ်လောက်ပဲ ရှိရှိ ကောင်းတဲ့အပြုအမူ အပြောအဆိုတွေ မရှိရင် မကောင်းတဲ့ဗီဇ ရှိသူပါပဲ။ Crd

Post a Comment

0 Comments