ရွာနိုင်ပြီ ဒို့ရွာနိုင်ပြီ

ပေယျာလကန် ဘောလုံးအသင်းသည် ဖိုင်နယ် တက်သွားသည်။ တရွာလုံး ပျော်လိုက်သည်မှာ ပြောစရာ မရှိ။ ခက်သည်က သွားကန်ရမည့် နေရာမှာ ပေယျာလကန်နှင့် မိုင် ၃၀ ခန့် ဝေးသော မြို့တွင် ဖြစ်နေသည်။ ကန်ရမည့် အသင်းကလည်း မြို့မှ နာမည်ကျော် မြို့မဈေးကြီး ဘောလုံးအသင်း။

ပေယျာလကန်ကား ဆင်းရဲလှသည်။ ထို့ကြောင့် မြို့ကိုသွားပြီး ဘောလုံးပွဲ အားပေးရန် အိမ်ပေါက်စေ့ မလိုက်နိုင်ကြ။ ကားကလည်း ချိုကျိုး နားရွက်ပဲ့ စစ်ကျန်ကား တစီးနှင့်သာ မြို့ကို သွားကြမည်။ ဘောလုံးသမားတွေ နှင့်ပင် ကားက ပြည့်သလောက်ဖြစ်နေသည်။

မည်သို့ဆိုစေ၊ ခို၍ လည်းကောင်း၊ ခေါင်မိုးပေါ် တက်၍ လည်းကောင်း ဖြစ်သလို လိုက်ကြရာ ရွာမှ ၁၀ ယောက်ခန့် အပိုပါသွားသည်။ သူကြီးကတော့ ခေါင်းခန်းတွင် အမြိန့်သား နေရာယူထားပြီး ဖြစ်သည်။ "အဟမ်း ဟေ့ကောင်တွေ ပေကပ်ကပ်လုပ်တတ်တဲ့ ကောင်တွေ ဆွဲချထားခဲ့၊ ဟိုရောက်ရင် ပြောမနိုင် ဆိုမနိုင် ဖြစ်မယ့် ခွေးနီတို့ အောင်ဘုတို့ကို မခေါ်နဲ့" ခွေးနီနှင့် အောင်ဘု တို့ကား မျက်နှာငယ်လေး တွေနှင့် ကျန်ခဲ့ရှာသည်။

သူကြီးကို ကန့်လန့် တိုက်သမျှ ဘောလုံးပွဲ နှင့်ကျမှ လွဲရသည်ကို အသည်းနာသဖြင့် တောက်တခတ်ခတ် ဖြစ်ကာ နေခဲ့ရရှာသည်။ ဘောလုံးပွဲကို မြို့တက်ပြီး အားပေးရသည်မှာ ပေယျာလကန် အတွက် ပထမဆုံး အတွေ့အကြုံ ဖြစ်သည်။ ထို့ကြောင့်လည်း "ဟေ့ကောင်တွေ မြို့သားတွေကို အပြတ်သာဆော်ကွ ဘောလုံး မနိုင်ရင်တောင် လူနိုင်အောင်ချ" ဤကား ပေယာလကန်သူကြီး၏ ဩဝါဒဖြစ်သည်။

မြို့ကို ရောက်လာကြပြီ။ ငတ်ငတ်နှင့် ဘောလုံးကွင်း ဘေးတွင် တွေ့ရသော မုန့်ဟင်းခါးဆိုင်၌ တိုးဝှေ့ကာ စားကြသည်။ ရှာလပတ်ရည်တခွက် ဆယ့်ငါးပြား နှစ်ခွက် တမတ်ကို တကျပ်ဖိုး သောက်သူတွေပင် ရှိသည်။ ညနေစောင်းမှ ဘောလုံးကန်မည် ဖြစ်ရာ ပေယျာလကန် ဘောလုံးအသင်းက ဈေးကို လျှောက်လည်သည်။ ပစ္စည်းတွေ ဝယ်သည်။ သူကြီးကလည်း အရေးပိုင်မင်းထံ ရွာက ယူလာသော လက်ဆောင်တွေဖြင့် သွားဖားသည်။ "ဟေ့ကောင်တွေ ညနေ ဘောလုံးကွင်းတော့ ရောက်အောင် ပြန်လာကြ"

သူကြီးက နောက်ထပ် ဩဝါဒပေးကာ ဆိုက်ကားဖြင့် အရေးပိုင်အိမ်ကို သွားသည်။ ညနေစောင်းတွင် လူစစ်သည်။ "ရွာက လိုက်လာတဲ့ ကောင်တွေ မစုံရင်နေ ဘောလုံးသမားတွေ စုံပြီလား စစ်လိုက်" "မြဒင်ပျောက်နေတယ်" "ဟာ ဒီကောင် ဘယ်‌ရောက်နေသလဲ" မြဒင်က ဆိုက်ကားကြီးနှင့် ရောက်လာသည်။ ထိန်းမရအောင် မူးနေသည်။

"ဟာ ခွေးမသား ဒီလိုပုံနဲ့ ဘယ်လိုဘောလုံး ကန်နိုင်မှာလဲ လူစားထိုး" အားကိုးရသော တိုက်စစ်မှူး မြဒင်က ခွေခွေလေး ဘောလုံးကွင်း ဘေးတွင် အိပ်ကာ နေသည်။ ဤသို့ဖြင့် ဘောလုံးပွဲ စသည်။ ပေယျာလကန် အသင်းကား မြို့မဈေးကြီး အသင်းကို မနိုင်မှန်း သိသဖြင့် လူချ ကစားသည်။ ဒိုင်က ပေယျာလကန် အသင်းမှ သုံးယောက်ကို အနီကတ်ပြကာ ထုတ်ရသည်။ သို့သော် သူကြီးက "ချကွ ချကွ ချကွ" ဟု အားပေးသည်။ နောက်ဆုံး အားမလို အားမရ ဖြစ်လာကာ "ဖက်ကိုက်ပစ်ကွာ" ဟု အော်လေ တော့သည်။

ချုပ်ပြောရလျှင် ပေယျာလကန်အသင်း ခွက်ခွက်လန်အောင် ရှုံးသည်။ ရှုံးသမှ ၁၂ ဂိုး ဂိုးမရှိ ဖြစ်သည်။ အသင်းစေ့ လူစေ့ ဂိုးသွင်းခြင်း ခံလိုက်ရသောကြောင့် သူကြီးက ရှက်လည်းရှက်၊ ‌ဒေါသလည်း ထွက်သည်။ ပေယျာလကန်သို့ အပြန် ဘတ်စ်ကားအိုကြီးကား "အစ် အစ် အစ်" ဟု အော်ကာ မနည်း ရုန်းနေရသည်။ ကားပေါ်တွင် ပါလာသော သူတွေ အားလုံးကလည်း ကြက်ကြီးတွေ လည်လိမ် ခံထားရသလို ဖြစ်နေသည်။

ရွာကို ရောက်လာပြီ။ အဝေးက ဖုန်လုံးတွေ လိမ့်ကာ တက်လာကတည်းက တရွာလုံး အုံးအုံးကျက်ကျက် ကြိုဆိုရန် ထွက်လာကြသည်။ သူကြီးကတော်က စီစဉ်ထားသောပွဲ ဖြစ်သည်။ တနည်း သူကြီးအမိန့်လည်း ဖြစ်သည်။ အောင်သပြေတွေနှင့် ကြိုရန် ရွာထဲက ကာလသမီးတွေက ပြင်ထားကြသည်။ လူတွေကိုလည်း ရွာလမ်း တလျှောက် တန်းစီကြိုဆိုရန် သူကြီး စီစဉ်ထားခဲ့သည်။

ရွာဦးတွင် ကားရပ်ပြီ။ အိုးစည် ဒိုးပတ်ဝိုင်းက "ပတ်ဗေထုံ ပတ်ဗေထုံ ဘုံး ဘုံး" ဆိုကာ စလိုက်သည်။ ဦးရွှေရိုး လုပ်ထားသည့် မောင်ပေါက ကွေးနေအောင် ကသည်။ သူကြီးက ကားပေါ်က ဦးစွာ ခုန်ဆင်းကာ ရှေ့ဆုံးက ချီတက်လာသည်။ ရွာသားတွေက ဆီးမေးသည်။

"သူကြီး ဘောလုံးပွဲ နိုင်သလား ရှုံးသလား" "ပေယျာလကန်ကွ ဘောမနိုင်ဘူး လူနိုင်တယ်။ ဖက်ကို ကိုက်ခဲ့တာ" ရွာသားတွေက ရှုံးသည်နိုင်သည်ကို စိတ်မဝင်စားတော့။ သူကြီးက ဖက်ကိုက်ခဲ့တာ ဆို၍ ပျော်ကြ၏။ ကြိုဆိုသူတွေက ဘုမသိ ဘမသိ ပန်းကုံးတွေစွပ်ကာ ကြိုကြလေ၏။ တင်ညွန့် ၅.၃.၂၀၂၂

Post a Comment

0 Comments