ယုံကြည်ခြင်းတွေ ပေးပါ

ဆံသဆိုင် (ဆံပင်ညှပ်ဆိုင်) တဆိုင်တွင် ဆံပင်ညှပ်သူများ နှင့် စည်ကားနေ၏။ ဆံပင်ညှပ်ဆရာ တယောက်မှ လွဲပြီး ကျန်ဆံသဆရာ အားလုံးမှာ ဆံသပေး နေကြလေသည်။ ထိုဆံသဆရာ လူငယ်လေး တဦးသည် စိတ်လှုပ်ရှားခြင်း များစွာဖြင့် ဆံပင် လာညှပ်မည့် ဧည့်သည်ကို မျှော်နေ မိ၏။ ယနေ့မှ စကာ ဆိုင်ပိုင်ရှင်က သူ့ကို ဆံသခွင့် ပေးလိုက်သည်။

သူသည် ထိုဆိုင်တွင် အောက်ခြေသိမ်း အလုပ်များနှင့် ခေါင်းလျှော်သည့် အလုပ်တွေ ၂ နှစ် လုပ်ကိုင်ရင်း ဆံပင်ညှပ် ပညာကို သင်ယူ ခဲ့ရပြီး ယနေ့သည် သူ၏ ပထမဆုံးသော ဧည့်သည်ကို ဆံသ ပေးရမည့်နေ့ ဖြစ်နေလေသည်။ သူတို့ ဝန်ထမ်း အချင်းချင်း ဆံသပေးဖူး သော်လည်း သူ၏ ပထမဆုံးသော ဧည့်သည်ကို ဆရာမကူဘဲ ညှပ်ရတော့မည် ဖြစ်သောကြောင့် သူ၏ ရင်ထဲတွင် ကြောက်သလိုလို ပျော်သလိုလို ဖြစ်နေလေသည်။

သူတွေးနေစဉ် ဧည်သည့် နှစ်ဦးက ဆိုင်ထဲ ဝင်လာကြသည်။ "မင်္ဂလာပါခင်ဗျာ ဆံပင်ညှပ်မှာလား ဆရာ" "အေး အာကာ အားပြီးလား" "ဦးမိုးရေ ခဏစောင့်ပါဦး။ ဒီတယောက်ပြီးရင် ရပါပြီ" သူပင် မဖြေလိုက်ရ။ အာကာက ဆံသနေရင်း လှမ်းအော်သည်။ ဆံပင် လာညှပ်သည့် လူအားလုံးက သူတို့ ညှပ်နေကျ လူတွေနှင့်သာ စောင့်ညှပ်ကြသည်။

"ဆရာ ကြွပါ ခင်ဗျာ" သူတွေးနေတုန်း လူတယောက် ဝင်လာ၍ ပြောနေကျ စကားက အလိုလို ထွက်သွားသည်။ "မင်္ဂလာပါ ခင်ဗျာ ဆံပင်ညှပ်မှာလား ဆရာ" "အင်း" သူ၏ စိတ်ထဲတွင် ထိုလူ့၌ ညှပ်နေကျ ဆံသဆရာ မရှိပါစေနှင့် ဟု ဆုတောင်းနေ မိသည်။ "ညှပ်လို့ ရပြီလား။ စောင့်ရဦးမှာလား" "ရပါပြီ ဆရာ" ဆံပင်ညှပ်မည့် နေရာကို ဦးဆောင် ခေါ်သွားရင်း သူ၏ စိတ်ထဲ ပျော်ရွှင်နေ မိသည်။ "ဆရာ ထိုင်ပါ ခင်ဗျာ"

ဧည့်သည်၏ ကိုယ်ပေါ်တွင် ခြုံလွှာ လွှားရင်း "ဆရာ ဘယ်လိုကေ ညှပ်မလဲဗျ" "ဒီပုံ အတိုင်းပဲ တိုပေး ပါးပေး" "ဟုတ်ကဲ့ ဆရာ" "သေချာ ညှပ်နော်။ ဧည့်သည် မကြိုက်ရင် မင်း နောက်နေ့ မညှပ်ရဘူး" ဆံပင်ညှပ်ဆရာ အကြီးတယောက်က သူ့ကို လှမ်းအော်သည်။ ဧည့်သည်ရှေ့တွင် လှမ်းအော်သော အကြီးကို စိတ်ထဲက ကျိန်ဆဲမိသည်။ ဘာကြောင့်များ ဧည့်သည် ကွယ်ရာမှာ မပြောပါလိမ့်။ ဧည့်သည်၏ မျက်ဝန်းတွေကို ကြည့်မိတော့ သူ့ကို အထင်သေး သည့် အရိပ်တွေ မတွေ့ရ၍ တော်ပါသေးရဲ့ ဟု တွေးလိုက် မိသည် ။

သူ၏ လက်တွေက ဆံသပစ္စည်း တချို့နှင့် ရောထွေးကာ ကချေသည်လို လှုပ်ရှား နေမိသည်။ စိတ်လှုပ်ရှားခြင်းကို အတတ်နိုင်ဆုံး ဖုံးကွယ်ထား သော်လည်း ညှပ်စတွင် လက်တွေက တုန်ယီနေမိသည်။ သူ ကြိုးစား ညှပ်သော်လည်း ဘယ်နှင့် ညာဘက် ခေါင်းက ဆံပင်တွေက မညီ၊ သိသာလောက်အောင် ရုပ်ပျက် ဆင်းပျက်တော့ မဖြစ်။ ဧည့်သည်က မှန်တွင် ကပ်ထားသော "ဝန်ထမ်းများ ဆက်ဆံရေး မပြေပြစ်ပါက ဖုန်းဆက် တိုင်နိုင်ပါသည်" ဟူသော စာတမ်းကို ကြည့်နေသည်။

သူ၏ ဆံပင်ညှပ်ပုံ မကောင်းကြောင်း အတိုင်ခံရလျှင် ဆိုင်ပိုင်ရှင်က သူ့ကို ခေါင်းလျှော်သည့် နေရာကို ပြန်ပို့မှာ သူ ကြောက်မိသည်။ "ဆရာ ပြီးပါပြီ ခင်ဗျာ။ ခေါင်းလျှော်ဦးမလား ဆရာ" နောက်ကြည့်မှန်နှင့် ခေါင်းအနောက်ဘက်ကို ပြရင်း သူမေးတော့ ဧည့်သည်က "မလျှော်တော့ဘူး ညီလေး။ ကျေးဇူးပဲ။ ဆံပင်ညှပ်တာ ပုံစံလေး ကောင်းတယ်" ဆိုပြီး ဧည့်သည်က ကျသင့်ငွေ ရှင်းပြီး ပြန်သွားတော့မှ ရင်ထဲက အပူလုံးကြီးကို ဟူးခနဲ မှုတ်ထုတ် လိုက်ရသည်။ "ငါ လုပ်နိုင်တယ်ကွ" ဟုတွေးကာ ပျော်ရွှင်သွားမိသည်။

တနှစ်ခန့် ကြာသော်။ "မင်္ဂလာပါ ခင်ဗျာ ဆံပင်ညှပ်မှာလား ဆရာ" သူ၏ အသံတွေ ထဲတွင် ယုံကြည်ချက်တွေ အပြည့် ပါနေလေသည်။ တနှစ်အတွင်း သူကိုင်ခဲ့ရသည့် ခေါင်းတွေက များခဲ့သောကြောင့် ဆံပင်ညှပ်သည့် ကိစ္စက သူ့အတွက် အကျွမ်းတဝင် ဖြစ်နေပေပြီ။ ဧည့်သည် တဦး၏ ဆံပင်ကို ကျွမ်းကျင်စွာ ညှပ်နေရင်း ထိုဧည့်သည်ကို မြင်ဖူးသလို ရှိ၍ စဉ်းစားနေမိသည်။ "ဟာ ဒီဆရာက ငါပထမဆုံး ဆံသပေးခဲ့တဲ့ လူပဲ" ဟု သူ၏ စိတ်ထဲသာ ပြောနေမိသည်။

"ဆရာ ပြီးပါပြီ ခင်ဗျာ။ ခေါင်းလျှော်ဦး မလား ဆရာ" နောက်ကြည့်မှန်နှင့် ပြရင်း သူမေးတော့ ဧည့်သည်က ပြန်ပြောသော စကားကြောင့် သူ အံ့ဩသွား မိ၏။ "ငါ့ညီလေးတောင် ဆံပင်ညှပ်တာ ကျွမ်းကျင် သွားပြီပဲ" "ဟာ ဆရာက ကျတော့်ကို မှတ်မိတယ်ပေါ့" "မှတ်မိတာပေါ့ကွ။ အဲ့ဒီနေ့က ငါတခြားဆိုင်မှာ ပြန်ပြင်လိုက်ရ သေးတယ်" သူ အံ့သြသွားမိသည်။ သူညှပ်ပေးသည့် ဆံပင် မညီတာ သိလျက်နှင့် အဘယ်ကြောင့် ပြဿနာ မရှာရ တာလဲ ဆိုတာကို သူသိချင်မိသည်။ "ဆရာက အဲဒီနေ့က ဆံပင် မညီတာ သိပေမဲ့ ကျွန်တော်ကို ဘာလို့ ကျေးဇူးပဲ ဆံပင်ညှပ်တာ ပုံစံလေး ကောင်းတယ်လို့ ပြောသွားရ တာလဲ"

ဧည့်သည် ပြန်ပြော လာမည့် စကားကို မျှော်လင့်ရင်း ဧည့်သည်၏ မျက်ဝန်းတွေကို ငေးမောနေ မိသည်။ "ငါ အဲဒီနေ့က မင်းကို ယုံကြည်မှုတွေ ပေးလိုက်တာပါ။ အဲဒီ ယုံကြည်မှုက အခု မင်းကို အများကြီး အထောက်အကူ ပေးနေမယ်လို့ ငါထင်တယ်။ မင်း စိတ်လှုပ်ရှား နေမှန်း ငါသိပါတယ်။ ငါသာ တခုခု ပြောလိုက်ရင် မင်းရဲ့ စိတ်ထဲ ရမယ့် ဒဏ်ရာက သေအထိ ပျောက်မယ် မထင်ဘူး။

မင်းက ဆံပင် ညှပ်တတ်ပါတယ်။ စိတ်လှုပ်ရှားပြီး လက်အနည်းငယ် တုန်နေလို့သာ မညီမညာ ဖြစ်ခဲ့ရတာ။ အလွန်ဆုံး ငါ ကတုံး တုံးရရုံ ပေါ့ကွာ။ ငါ့အတွက် ကြီးကြီး မားမား မထိခိုက်နိုင်ပါဘူး ဟားဟား။ မှတ်ထား ညီလေး အလုပ်မှာ မှားမှာ မကြောက်နဲ့၊ မမှားဖူးတဲ့ လူဟာ အလုပ် မလုပ်ဖူးတဲ့ လူပဲ။ ဒါပေမဲ့ ထပ်ခါ ထပ်ခါ မမှားစေနဲ့ ပေါ့ကွာ အဲဒါတော့ မှတ်ထား"

"အကိုက ဘာလို့ အဲလို လုပ်ရတာလဲဟင်" အံ့သြကြီးစွာ သူမေးမိတော့ ဧည့်သည်က သူ နားမလည်သော စကားကို ဆိုသည်။ "ငါ့ယုံကြည်မှုတွေ အသတ် ခံခဲ့ရဖူးလို့ ပါကွာ" ဟမ်စိုင်း (ဆေး - မန်း)

Post a Comment

0 Comments