ငှက်ကလေးရဲ့ စကား ၃ ခွန်း

တခါတုန်းက ပညာရှိကြီးလို့ အများက အသိအမှတ်ပြု အရိုအသေ ပေးရတဲ့ အဘိုးအို တယောက် ရှိပါတယ်။ သူဟာ ကျမ်းစာအုပ်ကြီးတွေထဲက အဆိုအမိန့်တွေ၊ အတွေးအခေါ် တွေကို အလွတ် အာဂုံဆောင်နိုင်ယုံတင် မကဘူး သွားလေရာ ယူသွားပြီး လူအများကို ဟောပြော ပို့ချနေတဲ့ သူတဦးပေါ့။

တနေ့မှာတော့ ရွာတရွာကို ဟောပြောဖို့ လာရင်း ငှက်ခတ်သမားနဲ့ တွေ့လို့ ငှက်တကောင်ကို ဝယ်ခဲ့တယ်။ အိမ်ရောက်ရင် ငှက်ကို သတ်ပြီး ချက်စားရမယ် လို့ ပြောလိုက်မိတာနဲ့ တပြိုင်တည်း ငှက်က "မလုပ်ပါနဲ့ ကျွန်ုပ် အသက်ကို ချမ်းသာပေးပါ" လို့ လူလို ပြောလိုက်တော့ ပညာရှိကြီးက အံ့သြသွားတာပေါ့။ "သင်က လူလို စကားပြောတတ်တယ်၊ ဟုတ်လား"

"ဟုတ်ပါတယ်၊ ကျွန်ုပ်ဟာ သာမန်ငှက် မဟုတ်ပါဘူး၊ ငှက်လောက မှာတော့ ပညာရှိ တဆူပါပဲ။ သင်နဲ့ အပေးအယူ လုပ်ချင်ပါတယ်။ အသက်ကို ချမ်းသာပေးပြီး ပြန်လွှတ်ပေးမယ် ဆိုရင် တသက်လုံး လိုက်နာရ လောက်အောင် တန်ဖိုးရှိတဲ့ စကားသုံးခွန်းကို ပြောပြပါမယ်"

ပညာရှိကြီးလည်း စိတ်ဝင်စား သွားတယ်။ ပညာကို တန်ဖိုးထားသူ ပညာရှိကို လေးစားတတ်သူ ဖြစ်လေတော့ ချက်ချင်းပဲ သဘောတူ လိုက်လေရဲ့။ စကားသုံးခွန်း ကိုသာ ပြောပါ ဆိုပြီးတော့ ပြန်လွတ်ပေး လိုက်တယ်။

"ဒါဆို သေချာ မှတ်သားထားပါ။ ပထမ တခွန်းက ဘယ်စကားကို မဆို ပညာရှိကပဲ ပြောပြော၊ ကျမ်းကြီး ကျမ်းငယ် အထဲကလို့ပဲ ပြောပြော၊ ကိုးကွယ် ဆည်းကပ်တဲ့ သူတွေကပဲ ပြောပြော ယုတ်တိယုတ်တာ မရှိတဲ့စကား မဖြစ်နိုင်တဲ့ စကားဆိုရင် ယုံကို မယုံနဲ့။

ဒုတိယတခွန်းက ကိုယ်လုပ်နိုင်စွမ်း ရှိတဲ့ အတိုင်းအတာ အကန့်အသတ်ကို ကိုယ့်ဖာသာကိုယ် သိရမယ်။ တတိယ တခွန်းက ကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို ဘယ်တော့မှ နောင်တမရနဲ့။ အဲ့ဒါဟာ ဝမ်းနည်း ကြေကွဲတာပဲ အဖတ်တင်မယ်။ ဒါပါပဲ"

ပညာရှိကြီးဟာ စကားကြီးသုံးခွန်းကို တတွတ်တွတ် ရေရွတ်ရင်း အရမ်းကို ကျေနပ်နေပြီး သူများတွေကိုလည်း ဟောပြောပြီး အိမ်မှာလည်း စာရွက်နဲ့ ရေးပြီး ကတ်ထားရမယ် လို့ တွေးတောကာ အိမ်အပြင်ဘက်ကို လမ်းလျှောက် လာနေတုန်း ရှေ့က သစ်ပင်ထက်ဆီက ရယ်သံသဲ့သဲ့ ကြားလို့ မော့ကြည့်လိုက်တော့ သူလွှတ်ပေးလိုက်တဲ့ ငှက်ဟာ သူ့ကို ကြည့်ပြီး ရယ်နေတာကို တွေ့လိုက်ရတယ်။

"ဘာကိုရယ်နေတာလဲ" လို့ လှမ်းမေးလိုက်တယ်။ "သင်ဟာ အင်မတန်မှ မိုက်မဲပြီး ထုံထိုင်း ညံ့ဖျင်းလွန်း လို့သာ ကျွန်ုပ်ကို လွှတ်ပေးလိုက်တာ ဖြစ်တယ်။ တကယ်ဆိုရင် ကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာတွင်းမှာ အဖိုးအနဂ္ဂ ထိုက်တန်တဲ့ ပတ္တမြား လက်စွပ် တကွင်း ရှိတယ်။ ရလို့ကတော့ သင်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်မှာ မလွဲဘူး"

အဲဒီစကားကို ကြားလိုက်တာနဲ့ပဲ ပညာရှိကြီးဟာ ပိုဆိုးကို ခါးတောင်းကြိုက်ပြီး အပင်ပေါ် တတ်ဖို့ လုပ်တော့တာပေါ့။ ငှက်ကို ဖမ်းဖို့ အပင်ပေါ်ကို တတ်သွားတယ်။ သူ့လက်နဲ့ မှီလုမှီခင် ဖြစ်ပြီ ဆိုတာနဲ့ ငှက်ကလေးဟာ ပိုပြီး မြင့်တဲ့ဆီကို ကူးသွားတယ်။သူက ထပ်တတ်လိုက် ငှက်ကလေးက အပေါ်ကို တိုးသွားလိုက်နဲ့ တဖြည်းဖြည်း သစ်ပင်ထိပ်ဖျားကို ရောက်လာပါလေရော။

သစ်ပင်ထိပ်ဖျားက အကိုင်းတွေက သေးသွယ်တဲ့အတွက် သူ့ရဲ့ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ ကျိုးကျတယ်။ သူကိုယ်တိုင်ကလည်း အိုမင်းနေသူ ဖြစ်လို့ မြဲမြဲမြံမြံ ကိုင်စွဲ မထားနိုင်ဘူး။ ဒါနဲ့ပဲ မြေကြီးပေါ်ကို ဘုန်းခနဲ ပြုတ်ကျ ပါလေရော။ ကျိုးပဲ့ ဒဏ်ရာတွေနဲ့ ညည်းညူ လဲကျနေတဲ့ ပညာရှိကြီး အနားမှာ ငှက်ကလေးက လာနားရင်း ပြောပြတယ်။

"မိုက်မဲလှချည်လား၊ ငှက်တကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ပတ္တမြားလက်စွပ် ရှိတယ် ဆိုတာ ဖြစ်နိုင်ပါမလား။ ဒါတောင် မစဉ်းစားတတ်ဘူးလား။ ဒါပေမယ့်လည်း သင်ဟာ ကျွန်ုပ်ကို လူစကား ပြောတတ်တဲ့ ငှက်ပညာရှိလို့ အထင်ကြီးပြီး ကျွန်ုပ် ပြောသမျှ ယုတ္တိ မရှိတာကို ယုံခဲ့တယ်။

ပြီးတော့ သင်ဟာ အိုမင်းမစွမ်း ဖြစ်နေရဲ့နဲ့ ကိုယ့်စွမ်းအားရဲ့ အတိုင်းအဆ အကန့်အသတ်ကို မသိဘူး။ လောဘဇော တိုက်ပြီး သစ်ပင်ပေါ်ကို အတင်း တတ်တယ်။ ဝမ်းမြောက်ရမဲ့ အစား နောက်ဆုံး သင်ဟာ ကျွန်ုပ်ကို လွှတ်ပေးခဲ့တာကို ပြန်တွေးပြီး နောင်တ ရနေတယ်။ အခုတော့ ကြေကွဲခြင်းနဲ့ မျက်ရည်ပဲ အဖတ်တင်ရပြီ မဟုတ်လား။ ကဲ နေရစ်ခဲ့ပေတော့" လို့ ပြောပြီး အဝေးကို ပျံသန်းသွား ပါတော့တယ်။ Crd

Post a Comment

0 Comments