စောရဝါမန (ဇင်ပုံပြင်)

ဇင်ပုံပြင်လေး တပုဒ်ပါ။ ဂျပန် နိုင်ငံတွင် အလွန် ကျော်ကြားသော သူခိုးကြီး တယောက် ရှိသည်။ နိုင်ငံကျော် သူခိုးကြီးဟု ဘွဲ့အမည် ရထားခြင်းမှာ နှယ်နှယ်ရရ မဟုတ်။ "စောရဝါမန" ဘွဲ့ခံ အလွန် ထင်ရှားရခြင်းမှာ ခိုးတိုင်း ဖမ်းမမိ သောကြောင့် ဖြစ်သည်။ ဝါမန ကလည်း ခိုးလိုက်တိုင်း ဘုရင့်ဘဏ္ဍာသာ ဖြစ်သည်။ သူ့အစွမ်းကား မျက်နှာဖုံးတည်း။

ဘုရင့် နန်းတော်ထဲ ဝင်လျှင် မျက်နှာဖုံးတပ်လိုက်သည်နှင့် ကိုယ်ပျောက်သည်ဟု ဆိုကြသည်။ သို့သော် သူ့ကို မည်သူမျှ အတိအကျ မြင်ဖူးသည်တော့ မဟုတ်။ လူတိုင်း အပြင်တွင် မျက်နှာဖုံးနှင့် မနေသောကြောင့် မည်သူက ဝါမန ဆိုသည် ကိုလည်း ဖမ်းရ ခက်လှသည်။ လူတွေကြားထဲတွင် သတင်းအမျိုးမျိုး ပြောကြသည်။ "ဝါမနက ခိုးရင် ဗြောင်ခိုးတယ်။ ကြေညာပြီး ခိုးတယ်။ ဒါပေမဲ့ သူ့ကို ဖမ်းလို့ကို မရဘူး"

လူတွေက ဝါမနကို မသိ။ သို့သော် နန်းတွင်းဘဏ္ဍာတိုက် ကတော့ မကြာခဏ အဖောက်ခံ နေရသည်။ ဤသို့ဖြင့် နှစ်တွေကြာလာသည်။ အပျောက် နည်းလာသည်။ နှစ်တွေ ကြာလာသည့်အခါ ခိုးတာတွေလည်း နည်းပါးလာသည်။ လူတွေက "ဘယ်ခိုးနိုင်တော့ မလဲကွာ အိုလာပြီလေ" ဟု ပြောပြန်သည်။ သူတို့ ပြောသည့်အတိုင်း ဖြစ်သည်။ ဝါမန အိုလာပြီ။

ဝါမနတွင် သားတယောက် ရှိသည်။ "အဖေ သားတို့ ရှိတာလေး ထိုင်စားနေရသည်မှာ ကြာလျှင် လုံးပါး ပါးနိုင်သည်။ ထို့ကြောင့် အဖေ့ပညာ တွေကို သားအား သင်ပေးစေလိုသည်"

"သားမောင်၊ သူခိုးပညာဆိုတာ သင်၍ မရ။ အမွေဆက်ခံရန် ဆိုသည်မှာ အဖေ့လို ခိုးစိတ် ခိုးမာန် ခိုးဝိညာဉ် ရှိမှ ဖြစ်နိုင်သည်။ အဖေ သားကို သင်ပေး၍မရ။ သို့သော် အဖေ့လို လိုက်ပြီး လက်တွေ့ ခိုးနိုင်အောင် သားကြိုးစားပါ။ အဖေ့ ခြေရာအတိုင်း လိုက်နင်းနိုင်မှ သားကို (စောရဝါမန) ဘွဲ့ကို အပ်နှင်းနိုင်မည်"

"ဤသို့ဆိုလျှင် အဖေ ထွက်ခိုးပါ။ အဖေ့နောက် သားလိုက်ကာ နည်းယူပါမည်" အဖေကအို သားက ငိုပြီ။ ကြောက်သော်လည်း အဖေ့နောက်က လိုက်ပြီး သူခိုးပညာကို လေ့လာရန်မှ တပါး အခြားနည်းလမ်း မရှိ။ ထို့ကြောင့် ဝါမနနောက်ကို လိုက်ရတော့မည်။ ဝါမန နန်းတော် အနီး ကပ်သည်။ သူ့သားက ခြေတွေလက်တွေ တုန်နေပြီ။

နန်းတော်တံခါး အဝတွင် အဖေ စောရက "ငါကွ ဝါမန" ဟု အော်လိုက်သည်။ နန်းတော်တံခါး ပွင့်သည်။ "အဖေ၊ အဖေ့နာမည် ပြောလိုက်သည်နှင့် တံခါးပွင့် ပါလား။ လူတွေပြောသလို မျက်နှာဖုံး မတတ်ဘူးလား"

"အမည် ပြောလိုက်လျှင် တံခါးကို ဖွင့်ပေးနိုင်စေရန် အတွင်းလူ ရှိရသည်။ နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ ငါကျွေးမွေးထားသူများ ရှိနေသောကြောင့် မခက်ပြီ။ မျက်နှာဖုံး ဆိုသည်မှာ တပ်သင့်မှ တပ်သည်။ ယနေ့ မျက်နှာဖုံး မလိုပြီ။ ဤသည်မှာ သင်ခန်းစာ နံပါတ်တစ်"

နန်းတော်ထဲ ဆက်ဝင်သည်။ "အလို မင်းက ဖိနပ်ကြီးနဲ့ ပါလား။ အမြန်ချွတ်လိုက်။ သားရေဖိနပ်က အနံ့ ထွက်သည်၊ ဖိနပ်က အသံ ထွက်တတ်သည်။ သို့ဖြစ်ရာ ခိုးလျှင် ဖိနပ်ချွတ် ရမည်။ သင်ခန်းစာ နှစ်" သူတို့ နန်းတော်ထဲရောက်ပြီ "ရပ်လိုက်"

"မှောင်နေတာပဲ ဆက်သွားလို့ မရ" "မှတ်ထား အမှောင်ထဲမှာ မြင်နိုင်စွမ်း မရှိလျှင် သင်သူခိုး မဟုတ်ပြီ" "မြင်သလိုလို ရှိပါပြီ" "ခြေသံ လုံအောင်လျှောက် ဟုတ်ပြီ မင်းမှာ အထင်ကြီးစရာ ဆိုလို့ အဖေ့လို ခြေသံ မပေါ်အောင် လျှောက်နိုင်စွမ်းတော့ ရှိသည်" "ရပ်တော့" "ဘဏ္ဍာတိုက်ကို ရောက်ပြီလား ဖခင်" "ရောက်ပြီ"

ထိုစဉ် မျှော်လင့် မထားသော အဖြစ်တခု ဖြစ်သွားသည်။ ဖခင်ဖြစ်သူက "သူခိုး သူခိုး စောရဝါမန သူခိုး" ဟု အော်ကာ ထွက်ပြေး သွားသည်။ သားတယောက်တည်း ကျန်သည်။ ဝါမနက အိမ်ပြန် ရောက်လာသည်။ သူ့ဇနီးက မေးသည်။ "သားလေးပါမလာဘူးလား" "မပူပါနဲ့ ငါ့အမွေ ဆက်ခံမည့်သူ ဆိုလျှင် ရောက်လာမည်"

မိုးလင်းခါနီးတွင် သားဖြစ်သူ အိမ်ပေါ်ကို ရောက်လာသည်။ စိတ်ဆိုး ဒေါသထွက်က ဖခင်ကို အော်သည်။ "အဖေ တော်တော်ရက်စက်တယ်။ သားကို ထားပြီး သူခိုးလို့ အော်ပြေးတယ် တော်တော် ရက်စက်တယ်။ အဖေအရင်းမှ ဟုတ်ရဲ့လား"

"ငါ အဖေအရင်း ဟုတ်သည် မဟုတ်သည်မှာ အဖြေမဟုတ်။ သင်အိမ်ကို ပြန်ရောက်လာခြင်းက အဖြေ ဖြစ်သည်။ သင်လွတ်မြောက် လာပုံကို ပြော"

"အဖေအော်ပြီး ထွက်သွားချိန်တွင် ဘာလုပ်ရမှန်း မသိ အနီးတွင် တွေ့သော ဗီရိုကြီးတလုံးထဲ ဝင်ပုံးလိုက်ရသည်" "သင့်ညာဘက်က ဗီရို အနီကြီးလား" "အရောင်တော့ မသိ ဗီရိုကြီးက ရှိနေသည်" "ထိုဗီရိုကြီးက သော့ခတ်ထားသည် မည်သို့ အထဲကို ဝင်သနည်း"

"လက်ထဲတွင် အသင့် ပါလာသည့် သော့တံနှင့် ရအောင် ဖွင့်သည်။ လူတွေက တံခါးကို လာဖွင့်ကြည့် သေးသည်။ သော့ခတ် ထားသောကြောင့် ပြန်လှည့်သွားသည်။ လူခြေတိတ်မှ ထွက်လာသည်"

"နန်းတော်တံခါးကို မည်သို့ ဖွင့်ခိုင်းသနည်း" "ငါကွ ဝါမန ဟု အော်လိုက်သည်" "သား၊ သင်သည် နန်းတော်ထဲက ထွက်လာပြီးမှ လက်ထဲတွင် ဘာမျှ မပါလာလျှင် သင့်ကို ငါ့သားဟု မသတ်မှတ်" "ဖခင် ဤအရာကို ကြည့်လေ့" သားလက်ထဲတွင် ကိုင်ထားသည်မှာ ပတ္တမြားသင်းကျစ်။ "သား ယနေ့မှ စပြီး သင့်ကို စောရဝါမနဘွဲ့ ကို အပ်နှင်းလိုက်ပြီ။ ဖခင် နားပြီ"

Crd Tin Nyunt (Master Thief of Japan)

Post a Comment

0 Comments