ကျေးဇူးတင်ပါတယ် ဆရာမ

ထိုနေ့က ဆရာမသာ ကျွန်တော့်ကို အဲဒီလို မပြောခဲ့ရင် ကျွန်တော်လည်း ခုလို ဘဝမျိုး ရောက်ချင်မှ ရောက်မယ်။ ဘာပဲဖြစ်ဖြစ် ဆရာမကို ကျေးဇူးတင်ပါတယ်။ အဲဒီနေ့က ကျောင်းစုံညီပွဲတော် လုပ်ရန် ရန်ပုံငွေ ကောက်တဲ့နေ့ ဖြစ်တယ်။ ထိုမတိုင်ခင် တပတ်ခန့် ကတည်းက ကြိုတင် ပြောထားသည်မို့ ကိုယ်စီ ငွေစက္ကူ ၂၀၀ ကျပ် ကို ကိုင်လျက် ဆရာမကို ပေးရန် စောင့်ဆိုင်းနေကြသည်။

တခုံစီ ဆရာမ လိုက်ကောက်သည်။ "မပေးနဲ့ သား သားက ဒီကျောင်းမှာ ဆရာတော်ရဲ့ အကူညီနဲ့ တက်တာမို့ မိဘ အုပ်ထိန်းသူ မရှိသူတွေ ဆီက ပိုက်ဆံ မကောက်ဘူး မပေးနဲ့တော့" လူတောထဲမှာ ဆရာမ ပြောလိုက်သော စကားက ကျွန်တော့် ရင်ကို ဆောင့်စေပါသည်။ ဟုတ်ပါသည်။ ကျွန်တော်က မိဘမဲ့ တယောက် ဆရာတော်ရဲ့ အကူညီနဲ့ ဒီကျောင်းမှာ တက်ခွင့်ရတာပါ။

ဒါပေမယ့် ကျောင်းစုံညီ ပွဲတော်အတွက် တယောက် ၂၀၀ ကျပ်စီ ကောက်မည် ဆိုတာကို ကြိုတင် သိထားပြီးသားမို့ ထိုပိုက်ဆံကို ပေးရန် ကျွန်တော် ကျောင်းပိတ်ရက်မှာ ထင်းသယ် ရေထမ်း အလုပ်ကို လုပ်ပြီး စုထားပါသည်။ ဆရာတော် ပေးတဲ့ ကျွန်တော့်ရဲ့ တနေ့တာ ကျောင်းမုန့်ဖိုးက ၁၀ သာ ဖြစ်သည်။ ထို ၁၀ သည်လည်း ပုံမှန်မဟုတ် တခါတရံ မရပါ။

အများကြားမှာ မျက်နှာ မငယ်ရချင်လို့ ဆရာတော်ဆီ ကတောင် မတောင်းပဲ ကျွန်တော် ကာယအားနဲ့ ရအောင် ကြိုးစားခဲ့ပြီးမှ မိဘမဲ့မို့ ပေးစရာလည်း ရှိမှာ မဟုတ်ဘူး ဆိုသော ပုံနဲ့ ကျွန်တော့်ဆီက မတောင်းခြင်း ပဲလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ရှက်သည်။ ဝမ်းနည်းမိသည်။ သနားစရာ ကောင်းသော မျက်လုံးတွေနဲ့ ကျွန်တော့်ကို ဝိုင်းကြည့်နေကြတာ ကျွန်တော် မခံနိုင်ပါ။

ဘယ်သူမှ သနားတာ မလိုချင်။ ဘယ်သူမှ မိဘမဲ့ဘဝ မရောက်ချင်။ မရောက်ချင် ပေမယ့် ကံအကြောင်း မလှစွာနဲ့ ရောက်ခဲ့ပြီလေ ဘာတတ်နိုင်မည်လဲ။ "နောက်တခါက ကျောင်းက ငွေကြေး တခုခုကောက်တဲ့ အခါ မိဘ အုပ်ထိန်းသူ မဲ့တဲ့ သူတွေက ထည့်စရာ မလိုဘူးနော်" တဲ့။ အားလုံး စုံအောင် ပိုက်ဆံ ကောက်ပြီး ဆရာမက ထပ်ပြောပါသည်။

တခန်းလုံးတွင် မိဘမဲ့က ကျွန်တော်တယောက်သာ ပါသည်။ မျက်လုံးတွေ အားလုံးက ကျွန်တော်ဆီကို ဆိုက်ရောက် လာကြသည်။ သနားလို့ ကြည့်ကြလား။ သနားစရာ သိပ်ကောင်းနေ သလား။ ဟင့်အင်း ကျွန်တော် သူများ သနားတာ မခံချင်ဘူး။ ဒါက ကျွန်တော်ရဲ့ ဆင်းရဲတဲ့ မာန ဆိုလေမလား။ ဘယ်သူ့ အကူညီမှ မယူပဲ ကိုယ့်ခြေထာက်ပေါ် ကိုယ် ရပ်တည်ချင်သည်။

ညနေ ကျောင်းဆင်းချိန်တွင် အချိန်ပိုသင်သည်။ အချိန်ပိုကြေး ပေးရသည်။ တလလျှင် ၄၅၀ ကျပ်။ ထိုအချိန်ပိုကြေး ကိုလည်း ကျွန်တော် ပေးစရာမလို။ ဆရာတော် မျက်နှာနဲ့ ကျွန်တော် တက်ခွင့်ရသည်။ ထို့သော်လည်း နိမ့်ကျသူကို တက်နင်းချင်လေ သလား၊ အားနွဲ့သူကို ဖိနှိပ် ချင်သလား မသိ။ သူများနည်းသူတော့ ကျွန်တော် သင်ခွင့်မရ။

ရေးစရာ စာအုပ် မရှိလို့ ဆရာမက တခြား ကျောင်းသားတွေ ဆီက စာရွက် အလယ်တဖိုင်စီ ဖြုတ်ပြီး ကျွန်တော်အတွက် စာအုပ် တအုပ် ချုပ်ပေးသည်။ အခန်း သန့်ရှင်းတွေ ကျွန်တော်သာ လုပ်ရသည်။ အိမ်သာ ဆေးရသည်။ အောက်ခြေသိမ်းအလုပ် မှန်သမျှ ကျွန်တော်သာ လုပ်ပေး ရသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မငြီးငြူပါ။ နှစ်တွေ ကြာခဲ့ပြီ။

လွန်လေပြီးသော အချိန်တွေက ကျွန်တော့် ဘဝအတွက် သင်္ခန်းစာ ကောင်းတွေ ဖြစ်သည်။ ကျွန်တော့်ကို သနားစရာဟု မြင်တတ်သော မျက်လုံးတွေကို တနေ့ ကျွန်တော် ရင်ဆိုင်နိုင် ရမည်ဆိုတဲ့ အတွေးက ကျွန်တော့်ရင်မှာ ကိန်းအောင်းနေ ပါတယ်။ ခုတော့ ကျွန်တော် ဆရာမဆီကို ပြန်ရောက်နေပါပြီ။ ပြီးခဲ့တဲ့ ဆရာ ကန်တော့ပွဲမှာ ဆရာမ အတွက် ပါတိတ် ကောင်းကောင်း လေးနဲ့ ဆေးဝါး တချို့ကို ကန်တော့ခဲ့ ပါသည်။ ကျွန်တော် ဘယ်သူဆိုတာတော့ ဆရာမ မသိခဲ့ပါ။

"ဒါနဲ့ သားက ဘယ်သူလဲ" လို့ ဆရာမ မေးမယ် ဆိုရင်လည်း မေးလောက် ပါတယ်။ ဖင်ရှုံ့ပြီး ပိန်လှီ မဲခြောက်နေတဲ့ ဟိုစဉ် ကလေး ဘဝက ကျွန်တော်က ခုလို ဝဝဖြိုးဖြိုးနဲ့ ဖြစ်လာတော့ အမြင် မှားနိုင်ပါသည်။ ဒါလည်း ဆရာမရဲ့ ကျေးဇူးတွေကြောင့်ပါ။ "ကျွန်တော်က လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မိဘမဲ့ ကလေးဆီက ပိုက်ဆံ မကောက်ဘူး ဆိုပြီး ပြောခဲ့တဲ့ ဆရာတော် ကျောင်းမှာ ကပ်နေရတဲ့ မိဘမဲ့ ကောင်လေးပါ"

ကျွန်တော့်ကို စိုက်ကြည့်ပြီး ဆရာမ မျက်ဝန်းဆီက မျက်ရည်တွေ ထိုးကျလို့ ကျွန်တော့်ကို ပြေးဖက်သည်။ ကျွန်တော် မငိုပါ။ မျက်ရည်တော့ ကျသည်။ သို့သော် ရှိုက်သံ လုံးဝမထွက်။ စာရေးစရာ စာအုပ် မရှိလို့ ကျောင်းသားတွေဆီက အလယ်ဖိုင်လေးတွေ တောင်းပြီး စာအုပ် ချုပ်ပေးခဲ့တဲ့ ဆရာမ ကတော့ ကွယ်လွန်သွားပြီတဲ့။ ကျွန်တော် နေခဲ့တဲ့ မိဘမဲ့ ကျောင်းလေး ကတော့ ကျွန်တော့လို ဘဝတူ ညီငယ် ညီမငယ်လေးတွေ စုံလင် လို့ ပါပဲ။ အရင်က ထက်တောင် ပိုများ လာပါသေးတယ်။

ကျွန်တော်လည်း အရင်ကထက် ဝင်ငွေကောင်းအောင် ထပ်ကြိုးစားဖို့ လိုလာပြီလို့ ကိုယ့်ကိုယ်ကို တွေးမိလိုက်သည်။ မခံချင်စိတ် မာနက ဘဝကို အမြင့်ရောက်ဖို့ လှေခါးထစ် တခုအနေနဲ့ အသုံးချတတ်ဖို့ လိုတယ်လို့ ကျွန်တော် မြင်မိတယ်။ ဘာပဲပြောပြော လူပုံအလယ်မှာ အရှက် ရစေချင်တဲ့ ဆန္ဒမရှိပဲ ပြောလိုက်တဲ့ စကား တခွန်းက ကျွန်တော့်မာနကို နှိုးဆွ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဆရာမ။ သျှီ (တမာမြေ)

Post a Comment

0 Comments