သံကိုကြွက်စား သားကို စွန်ချီ

ရှေးအခါတုန်းက လှေသူကြီးနဲ့ ကုန်သည်တို့ဟာ ခင်ခင်မင်မင်နဲ့ အဆွေခင်ပွန်းများ ဖွဲ့ပြီး နေထိုင်ကြသတဲ့။ တနေ့တော့ လှေသူကြီးဟာ သူ့မိတ်ဆွေ ကုန်သည်ရဲ့ သားကို သူ့လှေများမှာ အလုပ်သင် အဖြစ် လက်ခံထားတယ်။

အဲဒီလို လက်ခံပြီး ပညာသင်ပေး နေရင်းမှာပဲ တနေ့တော့ သံဈေးတွေ ကျလာတာကြောင့် လှေသူကြီးဟာ နောင်များမှာ သူ့လှေများတွင် အသုံးပြုရန် အတွက် သံအမြောက်အမြား ဝယ်ပြီး သူ့မိတ်ဆွေ ကုန်သည်ကြီးရဲ့ ကုန်သိုလှောင်ရုံမှာ သိမ်းထားခဲ့တယ်။

အဲဒီနောက် လှေသူကြီးဟာ မြစ်ညာကို ဆန်ပြီး တက်သွားရသတဲ့။ ကံဆိုးချင်တော့ သံဈေးနှုန်း တွေဟာ လှေသူကြီး မရှိတော့တဲ့အချိန်မှာ အဆမတန် ဈေးတက်လာတယ်။ ဒါကြောင့် လောဘကြီးတဲ့ မိတ်ဆွေ ကုန်သည်ကြီးဟာ လှေသူကြီးရဲ့ သံများကို သူ့သဘောနဲ့သူ ရောင်းပစ်လိုက်သတဲ့။

ဒီလိုနဲ့ လှေသူကြီး ပြန်ရောက်လာတဲ့ အခါမှာတော့ မိတ်ဆွေ ကုန်သည်ကြီးက "သူငယ်ချင်းရေ၊ မင်းမရှိတုန်းမှာ သိုလှောင်ထားတဲ့ သံတွေကို ကြွက်တွေ ကိုက်စားတာ ကုန်ပါရောကွာ" လို့ ပြောလိုက်တာကြောင့် လှေသူကြီးလည်း တအံ့တဩ ဖြစ်ကာ အလိမ်ခံရပြီ ဆိုတာ သိရှိလိုက် ပါတယ်။

ဒါပေမယ့် ပညာရှိတဲ့ လှေသူကြီးဟာ သူ့ရဲ့ အတွင်းစိတ်ကို ဖုံးကွယ်ရင်း တည်တည် ငြိမ်ငြိမ်နဲ့ပဲ "အေးပေါ့ကွာ၊ ငါကလည်း မင်းကုန်လှောင်ရုံမှာ ကြွက်တွေ သောင်းကျန်းနေတာ သိဖို့ ကောင်းပါ တယ်" လို့ ကိုယ့်ကိုယ်ကိုပင် အပြစ်တင်တဲ့ ပုံစံနဲ့ ပြောပြီး ပြန်လာခဲ့တယ်။

အဲဒီနောက် လှေသူကြီးဟာ လိမ်ညာ လှည့်ဖျား တတ်တဲ့ သူ့ရဲ့ မိတ်ဆွေ ကုန်သည်ကြီးကို ပြန်လည် ဒဏ်ခတ်ဖို့ အတွက် အချိန်ရတိုင်း ကြံစည်တွေးတော နေသတဲ့။ ဒီလိုနဲ့ ရက်အနည်းငယ် ကြာတဲ့ အခါမှာတော့ လှေသူကြီးဟာ မြစ်ညာကို ဆန်ပြီး တက်သွားပြန်တယ်။

အဲဒီနောက် လှေပေါ်မှာ ပညာသင်လိုက်လာတဲ့ သူ့မိတ်ဆွေ ကုန်သည်ကြီးရဲ့ သားကို ဝေးလံတဲ့ ရွာတရွာမှာ ဝှက်ထားပစ် ခဲ့ပြီးပြန်လာခဲ့တယ်။ ပြီးတော့ မိတ်ဆွေ ကုန်သည်ကြီးဆီ သွားပြီး သူတို့ မြစ်ဖျားဒေသကို ရောက်စဉ်မှာ မိတ်ဆွေကြီးရဲ့ သားကို စွန်ငှက်ကြီး တကောင်က ချီယူသွားကြောင်း ပြောကြား လိုက်သတဲ့။

ကုန်သည်ကြီးလည်း လှေသူကြီး စကားကို ကြားတော့ အလွန် ဒေါသထွက် သွားတာပေါ့။ ဒါကြောင့် ရွာသူကြီးထံကို တိုင်ကြားလိုက်ပါရဲ့။ အဲဒီအခါ ရွာသူကြီးလည်း အမှုမှန်ကို မဆုံးဖြတ် နိုင်တာကြောင့် ခုံတော် တရားသူကြီး မင်းသမီး သုဓမ္မစာရီထံကို တင်ပြပြီး လှေသူကြီးနဲ့ ကုန်သည်ကြီးတို့ကို အဆုံးအဖြတ် ခံယူစေ လိုက်ပါတယ်။

ခုံတော်သုဓမ္မစာရီ မင်းသမီးက အမှုအကြောင်းကို သေချာ စုံစမ်း စစ်ဆေးပြီးတဲ့ အခါမှာတော့ ကုန်သည်ကြီးဟာ ပစ္စည်းထိန်း ဖြစ်တဲ့အတွက် ပျောက်ဆုံးသွားတဲ့ လှေသူကြီးရဲ့ သံတွေအတွက် တာဝန်ရှိပါတယ်။ လှေသူကြီးလည်း ပျောက်ဆုံးသွားတဲ့ ကုန်သည်ကြီးရဲ့ သားအတွက် တာဝန် ရှိပါတယ်။ သံကို ကြွက်မစားနိုင် သလို သားကိုလည်း စွန်မချီနိုင်ပါ။

ဒီအဖြစ်အပျက်တွေ အားလုံးအတွက် ကုန်သည်ကြီးမှာ တာဝန် ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကုန်သည်ကြီးဟာ သူတပါး ယုံကြည်စွာ အပ်နှံမှုကို ရှေးဦးစွာ ချိုးဖောက်သောကြောင့် ဖြစ်တယ်။ ဒါကြောင့် ကုန်သည်ကြီးဟာ လှေသူကြီးကို သံများ အစားပြန်ပေးစေ၊ လှေသူကြီး ကလည်း ကုန်သည်ကြီးရဲ့ သားကို ပြန်ပေးစေ။

သင်တို့နှစ်ဦး အဆွေခင်ပွန်းများ အဖြစ် ပြန်လည်ဆက်ဆံပြီး သင့်မြတ် ပျော်ရွှင်စွာ နေထိုင်ကြစေ လို့ ဆုံးဖြတ်ချက် ချလိုက်သတဲ့ကွယ်။ ကမ္ဘာ့ရန်ဖြစ်သော ကြောင်နဲ့ကြွက် ပုံပြင်စာအုပ်မှ ပြန်လည် ဝေမျှပါသည်။ phoomyatchal

Post a Comment

0 Comments