ဆုပ်ကိုင်မထားပါနဲ့

တခါတုန်းက မျောက်တကောင်ရှိတယ်။ သူနေတဲ့ ဥသျှစ်ပင် မှာလည်း ဥသျှစ်သီးတွေက အပြည့်ပဲ။ ဘေးက ငှက်ပျောပင် မှာလည်း ငှက်ပျောသီးတွေ အပြည့်။

ဒါပေမယ့် သူဟာ မုဆိုးတယောက်ရဲ့ တဲဘေးက အုန်းသီးကို မုဆိုးလစ်ရင် စားဖို့ပဲ တွေးနေသတဲ့။ မုဆိုးကလည်း ဒါကို သိတယ်။ ဒီမျောက်ကို ဘယ်လို ဖမ်းရမလဲ သူလည်း နေ့တိုင်း တွေးနေတယ်။

တနေ့တော့ မုဆိုးက အကြံရပြီး မျောက်မြင်သာမယ့် တဲဘေးမှာ အုန်းသီးကို အပေါက် ဖောက်ပြီး လက်နှိုက်ပြ လိုက်တယ်။ ပြီးတော့ လက်ကို ပြန်ထုတ်ပြီး ပါးစပ်ထဲကို စားစရာ တခုခု ထည့်သလို လုပ်ပြ လိုက်တယ်။

မျောက်တွေက လူတွေ လုပ်သလို လိုက်လုပ်လေ့ ရှိတယ် ဆိုတာကို မုဆိုးက ကောင်းကောင်း သိထားတယ်။ မျောက်ခေါင်းထဲမှာ ဒီမုဆိုးက အုန်းသီးထဲက တခုခုကို နှိုက်စားနေတာ၊ သူလစ်ရင် အုန်းသီးကို သွားကြည့်မယ်၊ စားစရာရှိရင် စားမယ်ပေါ့။

နောက်နေ့တော့ မုဆိုးက မျောက်ကို ဖမ်းဖို့ အတွက် အုန်းသီးထဲကို ငှက်ပျောသီး တချို့ ထည့်လိုက်တယ်။ ဒါမှ မျောက်က နှိုက်မှာမဟုတ်လား။ ပြီးတော့ အုန်းသီးကို ကြိုးတချောင်းချည်၊ ကျန်တဖက်ကို အိမ်တိုင်မှာ ချည်ထားပြီး အပြင် ထွက်ချင်ယောင် ဆောင်ပြ လိုက်တယ်။

မျောက်ကလည်း မုဆိုး ထွက်သွားပြီ တာနဲ့ အုန်းသီးကို သွားကြည့်ပြီး ငှက်ပျောသီးကို တွေ့တော့ လက်နဲ့ နှိုက်လိုက်တယ်။ ဒါပေမယ့် ခက်တာက အထဲက ငှက်ပျောသီးကို လက်နဲ့ စုပ်ထားတော့ လက်ထည့်တုန်း ကလို မဟုတ်တော့ပဲ အပေါက်က လက်ပြန်ထုတ်ဖို့ အရမ်း သေးသွားတယ်။

သူကြိုးစား သေးတယ်။ ဒါပေမယ့် လက်က ထုတ်လို့ မရဘူး။ ဘာလို့လဲ ဆိုတော့ အထဲက ငှက်ပျောသီးကို ရလိုဇောနဲ့ သူဆုပ်ကိုင် ထားလို့ ပါပဲ။ မုဆိုးက ဒါကို မြင်တဲ့အခါ တဲကို ပြန်လာပြီး မျောက်ကို အလွယ်တကူ ရိုက်သတ်လိုက် ပါသတဲ့။

ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဘဝတွေ ထဲမှာလည်း အလားတူ အဖြစ်မျိုး ကြုံရတတ် ပါတယ်။ တခါတလေ ကျွန်တော်တို့ လိုချင်တဲ့အရာတွေဟာ သေသေချာချာ တွေးကြည့်ရင် သေးသေး ဖွဲဖွဲနဲ့ သိပ်အသုံးမဝင် တာတွေ ဖြစ်နေ တတ်ပါတယ်။

ကျနော်တို့ဟာ ကျနော်တို့ လိုအပ်မယ် ထင်တဲ့ အရာတွေ နောက်ကို လိုက်ပြီး အချိန်ကုန်ဆုံး တတ်ကြပါတယ်။ တကယ်တမ်း ကျနော်တို့ ဆုပ်ကိုင်ထားတဲ့ အရာတွေက တကယ်ရော လိုအပ်ရဲ့လား ဆိုတာ ပြန်သုံးသပ် သင့်ပါတယ်။

မလိုအပ်တဲ့ အရာတွေ ဆုပ်ကိုင်ထားပြီး တကယ် လိုအပ်တဲ့ အရာတွေ အတွက်တော့ ကျနော်တို့ အချိန်မပေးဖြစ် ခဲ့ကြပါဘူး။

ကျွန်တော်တို့ဟာ အဲ့ဒီ တကယ် မလိုအပ်တဲ့ အရာတွေရဲ့ အကျဉ်းသားတွေ အဖြစ်နဲ့ပဲ ဘဝ ဇာတ်သိမ်း ကြရတယ်။ crd

Post a Comment

0 Comments