ဗီဇမပျောက်သောသူ

တခါးက တောအုပ် တခုထဲမှာ ခွေးအ တကောင် ရှိတယ်။ တနေ့တော့ ခွေးအဟာ ဆာလာတာကြောင့် အစာရှာရန် တောအနီးက ရွာလေးသို့ သွားခဲ့တယ်။ ခွေးအဟာ အလွန်ဆာလောင်နေ တာပါ။ ကံမကောင်းချင်တော့ ခွေးအဟာ ခွေးတအုပ်နဲ့ တိုးပါတော့တယ်။ ခွေးတွေဟာ ခွေးအနောက်ကို လိုက်ကြတယ်။

ခွေးအဟာ ကြောက်လန့်တကြား ဖြစ်နေပြီး ခြေဦးတည့်ရာ ထွက်ပြေးခဲ့တယ်။ ခွေးအဟာ ပြေးရင်းလွှားရင်းနဲ့ ခဝါသည်တယောက်ရဲ့ အိမ်ထဲ ရောက်လာခဲ့တယ်။ ထို့နောက် ခွေးအဟာ ခြေချော်ပြီး ခဝါသည်က အဝတ်ဆေးဆိုးဖို့ အသင့် ထားထားတဲ့ မဲနယ်အပြည့် ထည့်ထားသော စည်ထဲ ကျသွားခဲ့တယ်။

သိပ်မကြာဘူး ခွေးဟောင်သံတွေ စဲသွားခဲ့တယ်။ ခွေးအလည်း စည်ထဲက ထွက်ခဲ့တယ်။ ခဝါသည် အိမ်ရဲ့ နံရံပေါ်တွင် မှန်ကြီး တချပ် ရှိတယ်။ ခွေးအဟာ မှန်ထဲမှာ သူ့ပုံသူ မြင်တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ် တခုလုံး ပြာနှမ်းနေတာ တွေ့လိုက်ရတော့ အံ့အားသင့် ခဲ့ရတယ်။

ခွေးအဟာ တောထဲ ပြန်ရောက်ချိန်မှာ တောကောင်တွေဟာ သူ ဘာကောင်လဲ မသိကြတော့ ပါဘူး။ တောကောင်လေး တွေဟာ ခွေးအကို လန့်လို့ ခြေဦးတည့်ရာ ပြေးကြပါတော့တယ်။ ခွေးအဟာ ဒီအခြေအနေကနေ အမြတ်ထုတ် လိုက်ပါတယ်။ ထိုအဖြစ်အပျက်ကနေ ခွေးအဟာ ဆက်လက် အကွက်ချ လုပ်ဆောင်ခဲ့တယ်။

ပြေးနေကြတဲ့ တောကောင်လေးတွေကို ခွေးအက "ဘာလို့ ဒီလိုပြေးနေကြတာလဲ၊ ထွက်ပြေးစရာ ဘာအကြောင်းမှ မရှိဘူးလေ။ ကျုပ်ဟာ ဘုရားသခင်က ဖန်ဆင်းထားတဲ့ အကောင်စစ်စစ် ပါဗျ။ ပြီးတော့ ဒီတောမှာ အုပ်စိုးသူ မရှိဘူးလား။ ငါ့ကိုပဲ မင်းတို့ တောဘုရင် အဖြစ် ခန့်အပ်ထား ပါတော့လား" လို့ ပြောလိုက်တယ်။

ပြီးတော့ သူဟာ ထိုတောအုပ်ကို အုပ်ချုပ်သူ လို့လည်း ပြောခဲ့တယ်။ ဘာမှမသိတဲ့ တောကောင်လေးတွေ ကတော့ ခွေးအရဲ့ လိမ္မာပါးနပ်တဲ့ လှည့်ကွက်ကို ယုံကြည်နေကြပြီး သူ့ကို တောဘုရင် အဖြစ် လက်ခံထား ကြတယ်။

ခွေးအက ခြသေ့်ကို သူ့ရဲ့ ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်။ ကျားကတော့ အိမ်တော်ဝန် ဖြစ်ပြီး ဝံပုလွေတွေ ကတော့ ဂိတ်စောင့်အဖြစ် ခန့်အပ် ခံခဲ့ရတယ်။ တောကောင်များကို နေရာချ ပြီးနောက် တောဘုရင်အသစ်ဟာ တခြား ခွေးအတွေက သူ့ကို မှတ်မိသွားမှာ ကြောက်ရွံ့လို့ ခွေးအတွေ အားလုံးကို တောက နှင်ထုတ်ခဲ့တယ်။

အခုတော့ တောသတ္တဝါလေးတွေဟာ သူ့အတွက် အစာရှာပြီး ကိုယ့်ဖာသာ နန်းတင်ထားတဲ့ တောဘုရင်ကို ယူလာပေးကြ ရတယ်။ ဒီလိုနဲ့ ခွေးအဟာ ဇိမ်ကျလှတဲ့ ဘဝမှာ နေထိုင်ခဲ့တယ်။

တနေ့မှာတော့ သူတို့အသိုက်ဆီ သွားနေသော ခွေးအ တအုပ်ဟာ တောဘုရင် ခွေးအရဲ့ အနီးနားကနေ အူပြီး ဖြတ်သန်းသွား ကြပါတယ်။ ရုတ်တရက် ဆိုသလို ခွေးအ အပြာဟာ သူ့ကိုယ်သူ တောဘုရင် ဆိုတာ မေ့သွားခဲ့တယ်။ သူ့ကိုယ်သူ ခွေးအ မဟုတ်သလို ဟန်ဆောင်ထားတာ ကိုလည်း မေ့သွားခဲ့တယ်။

ထို့နောက် သူ့ရဲ့ ဗီဇအရ သဘာဝတရားကို မထိန်းချုပ်နိုင်တော့ဘဲ ခွေးအ အပြာဟာ အသံသေး အသံကြောင်ဖြင့် အားရပါးရ ထအူ လိုက်ပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူတို့အားလုံးဟာ ခွေးအရဲ့ အရူးလုပ်ခြင်းကို ခံလိုက်ရပြီ ဆိုတာ တောနေသတ္တဝါ အားလုံး သဘောပေါက် သွားကြတယ်။ ဒေါသူပုန် ထနေတဲ့ တောနေသတ္တဝါ တွေဟာ ခွေးအ အပြာပေါ် ခုန်အုပ်လိုက် ကြပြီး ကိုက်သတ်ပစ်လိုက် ပါတော့တယ်။

ကံကောင်းသောကြောင့် တောဘုရင် ဖြစ်လာခဲ့ပေမယ့် ခွေးအဟာ ခွေးအ ပါပဲ။ မိမိရဲ့ အမူအကျင့်ကို မစွန့်လွှတ် ကြသော သူတို့မှာ ထိုအမူအကျင့်ကြောင့်ပဲ သေကြေ ပျက်စီးတတ် ကြပါတယ်။ ဟန်ဆောင် လိမ်ညာသူတို့ဟာ ကြာကြာ ဟန်ဆောင် လိမ်လည်နေ၍ မရသလို နေမင်းကြီးက အလျှံညီးညီး ပေါ်ထွက်လာ သကဲ့သို့ တနေ့ အမှန်တရား ဆိုတာလည်း နေမင်းကြီး ကဲ့သို့ ထွက်ပေါ်လာ စမြဲပါ။ crd

Post a Comment

0 Comments