ဘုရားသခင် ရောင်းသောဆိုင်

တခါက ကောင်လေး တယောက်ဟာ ပိုက်ဆံ တဒေါ်လာ ကိုင်ပြီး တဆိုင်ဝင် တဆိုင်ထွက်နဲ့ သူလိုချင်တဲ့ အရာကို မေးနေခဲ့တယ်။ "ဒီဆိုင်မှာ ဘုရားသခင် ရောင်းပါသလား" သူ အဲ့ဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကို နောက်ပြောင်သူ၊ ကျပ်မပြည့်သူ ထင်ပြီး ဆိုင်အပြင်ဘက်ကို မောင်းထုတ် လိုက်ကြတယ်။

အဲဒီလိုနဲ့ နေဝင် မိုးချုပ်ခါနီး အချိန်မှာ ၂၉ ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့ ပါတယ်။ ဆိုင်ပိုင်ရှင်က ဆံပင်တွေ ဖြူဖွေးနေတဲ့ အသက် ၆၀ ကျော် အဘိုးအို တဦး ဖြစ်တယ်။ ကလေးငယ်ရဲ့ အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံး ရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။ "ကလေး၊ ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ။ အဘိုးကို ပြောပြနိုင်မလား"

အဘိုးအိုရဲ့ ကြင်နာတဲ့ စကားကို ကြားတော့ ကလေးငယ်က မျက်ရည် အဝဲသားနဲ့ သူ့နာမည်က ဘွန်နီ ဖြစ်ကြောင်း၊ ငယ်စဉ်ကတည်းက မိဘတွေ ဆုံးခဲ့လို ဦးလေးဖြစ်သူနဲ့ နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတဦး ဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်က ပြုတ်ကျပြီး ဆေးရုံ ရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေ သေးကြောင်း၊ ဆရာဝန်က ဘုရားသခင် သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။

ဘွန်နီက ဘုရားသခင် ဆိုတာ အရမ်း ထူးဆန်းတဲ့ အရာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဦးလေး အသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ် နေကြောင်း အဘိုးအိုကို ပြောပြခဲ့တယ်။ အဘိုးအိုက ဂရုဏာ သက်စွာနဲ့ ကလေးမှာ ပိုက်ဆံ ဘယ်လောက်ရှိလဲ လို့ ဘွန်နီကို မေးတယ်။ "တဒေါ်လာ ရှိပါတယ်"

"ကလေး၊ ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တဒေါ်လာပဲကွ" ဆိုပြီး အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာ ရှိတဲ့ Kiss of God တံဆိပ် အချိုရည်ပုလင်း ယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။ "ယူသွားကလေး၊ မင်းဦးလေး ဒီဘုရားသခင်ကို သောက်ပြီးသွားရင် နေကောင်း သွားလိမ့်မယ်"

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာ ပွေ့ပြီး ဆေးရုံကို ပြေးသွားခဲ့တယ်။ လူနာခန်းထဲ ရောက်တာနဲ့ "ဦးဦး ဦးဦး ဘုရားသခင်ကို သားဝယ်ခဲ့ပြီ၊ ဦးမကြာခင် နေကောင်း သွားလိမ့်မယ်" လို့ ပြောတယ်။ နောက်တရက်မှာ အထူးကုအဖွဲ့တဖွဲ့ ဆေးရုံကို ရောက်လာခဲ့ပြီး ဘွန်နီဦးလေးကို ဆေးကု ပေးခဲ့တယ်။

အဲ့ဒီအဖွဲ့က အကောင်းဆုံး ကုသမှု၊ ခေတ်အမှီဆုံး ကိရိရာတွေနဲ့ ဘွန်နီဦးလေး နေကောင်းသွားတဲ့ အထိ ကုသပေး ခဲ့တယ်။ ဆေးရုံက မဆင်းခင် ကြီးမြင့်တဲ့ ကုန်ကျစရိတ်တွေကို မြင်တော့ ဘွန်နီရဲ့ ဦးလေးဟာ ပြန်မေ့မျောသွား မတတ်ပါ။

ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတဦး ရှင်းပေးခဲ့ကြောင်း၊ အဲ့ဒီအဘိုးအိုဟာ သူဌေးသူကြွယ် တဦး ဖြစ်ပြီး နိုင်ငံခြား ကုမ္ပဏီတခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစား ယူထားကြောင်း၊ သူ့အားလပ်ရက်ကို ကုန်စုံဆိုင်လေး ဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကု အဖွဲ့ ကိုလည်း သူပဲ ငှါးရမ်းပေးခဲ့ကြောင်း ပြောပြတယ်။

အဘိုးအိုကို ဘွန်နီတို့ အရမ်း ကျေးဇူးတင်မိပြီး အဘိုးအိုကို သွားရောက် ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွား ခဲ့ပါတယ်။ သိပ်မကြာခင် ရက်ပိုင်း မှာပဲ အဘိုးအိုရဲ့ စာတစောင်ကို သူတို့ လက်ခံ ရရှိခဲ့တယ်။ စာထဲမှာ ရေးထားတာကတော့

"အမောင်လူငယ်၊ ခင်ဗျားမှာ ဘွန်နီလို တူတယောက် ရှိတဲ့ အတွက် အရမ်း ကံကောင်းပါတယ်။ ခင်များအသက်ကို ကယ်ဖို့ ငွေတဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ။ ခင်များအသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်များ မှတ်ထားရမှာက တကယ့် ဘုရားသခင် ဆိုတာ လူတွေရဲ့ မေတ္တာစိတ်ပဲ ဖြစ်တယ်" လို့ ရေးထားတယ်။ မေတ္တာအားဖြင့် ငြိမ်းချမ်းကြပါစေ။ crd

Post a Comment

0 Comments