မျက်နှာအသားအရေနဲ့ လိုက်ဖက်မယ့် serum ကို ရွေးချယ်နည်း

အသားအရေကို ထိန်းသိမ်းသူတွေအတွက် serum က မရှိမဖြစ်ပါပဲ။ Serum က ဝက်ခြံ၊ အရေးအကြောင်းနဲ့ မျက်နှာအရေပြားဆိုင်ရာ ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။

အဲဒါကြောင့် Serum ကို ဘယ်လိုရွေးချယ်သင့်လဲ ဆိုတဲ့အကြောင်းကို love media ကနေ ဖော်ပြပေးပါမယ်နော်။

- Anti-age serum က အသက်ကြီးလာတဲ့အခါ အရေးအကြောင်းတွေကို တွန်းလှန်ဖို့ အသုံးပြုပါတယ်။ မျက်နှာအသားအရေကို ပြန်လည်လန်းဆန်းလာစေပြီး ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ Anti-age serum မှာ peptides, retinol နဲ့ ဗီတာမင်စီတို့ ပါဝင်ပါတယ်။

- Antioxidant serum က အရေးအကြောင်းတွေဖြစ်စေတဲ့ အဆိပ်အပုပ်တွေကို တိုက်ထုတ်ပေးပါတယ်။ သူ့မှာပါဝင်တဲ့အဓိက antioxidant တွေက ဗီတာမင် A, C နဲ့ E တို့ဖြစ်ပါတယ်။

- Hydrating serum က မျက်နှာအသားအရေကို ရေဓါတ်ဖြည့်ပေးပြီး ခြောက်သွေ့တာတွေကို ကာကွယ်ပေးပါတယ်။ ဒီလို serumမှာတော့ hyaluronic အက်ဆစ်နဲ့ ဗီတာမင်B5 တို့ပါဝင်ပါတယ်။

- အသားအရေ ထိလွယ်ရှလွယ်သူတွေအတွက် ထုတ်လုပ်ထားတဲ့ serum က ဝက်ခြံပေါက်သူ၊ အသားအရေ ယားယံသူ၊ နီမြန်းသူတွေအတွက် သင့်တော်ပါတယ်။

AHA-acids ပါတဲ့ serum က အသားအရောင်ကို ပိုပြီးတောက်ပဖို့ ကူညီပေးပါတယ်။ အရေးအကြောင်းတွေကိုလည်းကာကွယ်ပြီး ဝက်ခြံနဲ့ အစက်အပြောက်တွေကိုလည်း နည်းပါးသွားစေပါတယ်။

Serum ကို ဘယ်လိုရွေးချယ်မလဲ။

ကိုယ့်အသားအရေနဲ့လိုက်ဖက်မယ့် serumကို အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီးရွေးချယ်တာ အကောင်းဆုံးပါပဲ။

- အသားအရေခြောက်သွေ့သူတွေက အက်ဆစ်နဲ့ retinol ပါဝင်တဲ့ serumတွေကို ရွေးချယ်တဲ့အခါ ဂရုပြုသင့်ပါတယ်။ အက်ဆစ်နဲ့ retinol ပါဝင်တဲ့ serum တွေက အသားအရေကို ခြောက်သွေ့ပြီး ယားယံစေလို့ပါ။

- ဓါတ်မတည့်မှုကို ခံစားရသူတွေကလည်း အက်ဆစ်နဲ့ retinol ပါဝင်တဲ့ serumတွေကို ရွေးချယ်တဲ့အခါ သတိထားသင့်ပါတယ်။

- Serum ကို ရွေးချယ်တဲ့အခါ လက်ရှိအသားအရေရဲ့အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပမာ Salicylic acid က ဝက်ခြံကို ကုသပေးပါတယ်။ ဗီတာမင်စီက အစက်အပြောက်တွေ၊ free radical တွေကို ပျောက်ကင်းစေပြီး ကော်လဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် အရေးအကြောင်းတွေကို ကာကွယ်ပြီးသားပါပဲ။

Serum ကို ဘယ်အချိန်မှာ အသုံးပြုမလဲ

Serum ကို မျက်နှာသစ်ပြီးချိန်နဲ့ cream မလိမ်းခင်မှာ အသုံးပြုနိုင်ပါတယ်။

၁။ မျက်နှာသန့်စင်ပေးတဲ့ပစ္စည်း (cleaning product)

၂။ Serum

၃။ Eye cream

၄။ ပုံမှန်သုံးနေကျ မျက်နှာလိမ်း cream

၅။ Sunscreen ဆိုပြီးအစဉ်တိုင်းလိမ်းပေးလို့ရပါတယ်။

Antioxidant serum ကို မနက်ပိုင်းမှာ အသုံးပြုကြပါတယ်။ ဒီ serum က ပတ်ဝန်းကျင်က လေဒဏ်၊ နေရောင်ခြည်တွေနဲ့ free radicals တွေကနေ ကာကွယ်ပါတယ်။

Anti-aging serums ကို မအိပ်ခင်မှာ အသုံးပြုနိုင်ပါတယ်။ ညဘက်အသုံးပြုတဲ့အခါ အသားအရေ ပြန်လည်လန်းဆန်းတာကို ပိုမြန်စေလို့ပါ။

အသားအရေ ရေဓါတ်ပြည့်စေတဲ့ Hydrating serum ကို တစ်နေ့နှစ်ကြိမ် သုံးပေးနိုင်ပါတယ်။

Serum လိမ်းပြီးတဲ့အခါ အရေပြားထဲအထိ စိမ့်ဝင်သွားစေဖို့ ခဏလောက် စောင့်ပေးပါ။

Serum ကို ပုံမှန်သုံးနေကျ cream နေရာမှာ အစားထိုးသုံးနိုင်လား။

တကယ်တော့ အစားထိုးသုံးလို့ မရပါဘူး။ Serum နဲ့ cream က မျက်နှာအသားအရေကို အကျိုးပြုပုံချင်း မတူညီပါဘူး။ Serum က ရေဓါတ်ဖြည့် cream တွေထက် ပေါ့ပါးပြီး အရေပြားထဲထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပါတယ်။ ရေဓါတ်ဖြည့် cream တွေက serum တွေထက် ပိုပျစ်ပါတယ်။ နှစ်ခုကို ပေါင်းလိမ်းရင်တော့ ရလဒ်က ပိုကောင်းစေမှာပါ။

Serum မှာ active ingredients တွေ များများ ပါတာကြောင့် ပုံမှန်သုံးနေကျ cream တွေထက် အာနိသင် စောစောပြပါတယ်။ ဒါပေမယ့် serum အမျိုးအစားပေါ်လည်း မူတည်ပါသေးတယ်။ ပိုကောင်းတဲ့ရလဒ်ကို မြင်တွေ့ဖို့ဆိုရင် ၄ ပတ်ကနေ ၆ ပတ်အထိ အသုံးပြုဖို့ လိုပါတယ်။ Serum တွေကို မသုံးခင်မှာ လက်မှာ အနည်းငယ် စမ်းသပ်လိမ်းပြီးမှ ရွေးချယ်ပါ။

Zombie (lovemedia)

Post a Comment

0 Comments