တခြားသူဘက်ကလည်း ကြည့်ပါ

တခါတုန်းက လူတယောက်ဟာ မျက်မမြင် သူငယ်ချင်း တယောက်ကို ထမင်းဖိတ် ကျွေးတယ်။ ထမင်းစားရင်း အချိန်က တော်တော်လေး နောက်ကျသွားပြီး မိုးချုပ် သွားတယ်။

မျက်မမြင် သူငယ်ချင်းက မိုးအရမ်း ချုပ်နေပြီ ပြန်တော့မယ် လို့ ပြောတယ်။ ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တခု ပေးလိုက်တယ်။ မျက်မမြင် သူငယ်ချင်းက ဒေါသ အရမ်း ထွက်သွားပြီး ပြောတယ်။

"ကျွန်တော်ဟာ မျက်မမြင် တယောက်လို့ သိနေပါရဲ့ ကျွန်တော့်ကို မီးအိမ်တခု ပေးတာ ကျွန်တော့်ကို လှောင်နေတာလား"

အိမ်ရှင်က ပြန်ပြောတယ်။ "ကျွန်ုပ် သင့်ကို အလေးထားလို့ မီးအိမ် ပေးတာပါ။ သင်က မမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ။ ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင် တော့ဘူးပေါ့"

ထိုအခါ မျက်မမြင် သူငယ်ချင်းဟာ သဘောပေါက် နားလည် သွားပါတယ်။ နားလည် သဘောပေါက်တာချင်း မတူရင် နောက်ဆုံး ရလာဒ်က မတူကြ ပါဘူး။ ကျွန်တော်တို့ နေရာချင်း လဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။

ဘယ်ကိစ္စ မဆို မတူတဲ့ ရှုထောင့်ကနေ ကြည့်ရင် မတူတဲ့ အမြင် ရှိကြပါတယ်။ သင့်မှာ သမီးတယောက် ရှိရင် သားရှင်ဘက်က များများ တင်တောင်းဖို့ မျှော်လင့်မိ ပါလိမ့်မယ်။ သင့်မှာ သားတယောက် ရှိရင် သမီးရှင် ဘက်က များများ မတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတယောက် ရှိရင် သူ အိမ်မှုကိစ္စတွေ များတယ်၊ နားလည်မှု မရှိဘူးလို့ ပြစ်တင် မိလိမ့်မယ်။ သင့်မှာ သမီးတယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။ သင်လမ်းလျှောက်တဲ့ အချိန် ကားမောင်းသူတွေကို အမြင်ကပ်တယ်။ သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။

သင် အလုပ်သမား ဖြစ်နေရင် သင်ရဲ့ သူဌေးက ကပ်စေးနည်း အာဏာပြ လွန်းတယ် လို့ ယူဆတယ်။ သင်သူဌေး ဖြစ်တဲ့ အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ် မရှိဘူးလို့ ယူဆတယ်။

သင် ဝယ်ယူသူ ဖြစ်တဲ့ အချိန် ဈေးရောင်းသူက အမြတ်ကြီး စားလွန်းတယ်လို့ သတ်မှတ်တယ်။ သင်ဈေးရောင်းသူ ဖြစ်တဲ့ အချိန် ဝယ်ယူသူက ဈေးဆစ်တတ် လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်း ကိုယ့်နေရာကနေ မကြည့်ဘဲ တခြားသူ ဘက်ကနေလည်း ကြည့်ပေးပါ။ နေရာလဲပြီး တပါးသူ အတွက်လည်း စဉ်းစားပေးဖို့ လိုပါတယ်။ တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှု တမျိုးပါ။ တခြားသူရဲ့ အခက်အခဲကို နားလည်ပေးနိုင်တာ ကြင်နာခြင်း တမျိုးပါ။ တခြားသူရဲ့ အမှားကို ခွင့်လွတ် ပေးတတ်တာဟာ သဘာထားကြီးခြင်း တမျိုးပါ။ crd

Post a Comment

0 Comments