မှန်ကန်သော လမ်းကြောင်း

တခါတုန်းက ပညာရှိ ၅ ဦးက တောကြီး တခုထဲမှာ လမ်းပျောက်နေ ကြပါတယ်။ ပထမတဦးက ပြောပါတယ်။ "ကျွန်တော်ကတော့ ဘယ်ဖက်ကို သွားမယ်။ ကျွန်တော့် မသိစိတ်က အဲဒီ ဖက်သွားဖို့ နှိုးဆော်နေတယ်"

ဒုတိယတဦးက "ကျွန်တော် ကတော့ ညာဖက်ကို သွားမယ်။ ဒါက ကျွန်တော့်ရဲ့ အလေ့အကျင့်ပဲ" လို့ ပြောပါတယ်။ တတိယတဦးက ပြောပါတယ်။ "ကျွန်တော်ကတော့ လာရာလမ်း အတိုင်း လှည့်ပြန်မယ်။ တောအုပ်ထဲ ကနေတော့ ပြန်ထွက်သွားမှာပဲ"

စတုတ္ထတဦးက "ကျွန်တော်ကတော့ ရှေ့တည့်တည့် ဆက်သွားမယ်။ တောအုပ်က တနေရာရာ မှာတော့ အဆုံးသတ် မှာပဲ" လို့ ပြောပါတယ်။ ပဉ္ဓမတဦးက ပြောပါတယ်။ "ကျွန်တော်ကတော့ အမြင့်ဆုံး သစ်ပင် တပင်ပေါ် တက်ပြီး တောအုပ်ရဲ့ အခြေ အနေကို ကြည့်လိုက်ဦးမယ်။ ခင်ဗျားတို့လည်း မသွားနဲ့ဦး။ ကျွန်တော် ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့"

သူက ပြောပြောဆိုဆိုနဲ့ သစ်ပင်အမြင့် တပင်ပေါ်ကို တက်သွားပါတယ်။ ကျန်တဲ့ ၄ ဦးက သူ့ကို မစောင့်ပဲ သူတို့ ပြောထားတဲ့အတိုင်း ဆက်သွားပါတယ်။ သစ်ပင်ပေါ် တက်သွားတဲ့ တယောက်က သစ်ပင်ထိပ် ရောက်တော့ တောအုပ်ရဲ့ အခြေအနေကို တွေ့ပါတယ်။

သူ့မိတ်ဆွေတွေ သွားတဲ့ လမ်းကြောင်းရဲ့ အမှားတွေ ကိုလည်း သူက မြင်သွားပါတယ်။ ဒါကြောင့် သာဟာ "ငါကလွဲပြီး ကျန်တဲ့ လူတွေအားလုံး လမ်းကြောင်း အမှားပေါ် ရောက်ကုန်ကြပြီ" လို့ တွေးထင် နေပါတယ်။

နောက်ဆက်တွဲ ဖြစ်ရပ်များ – တောအုပ်ရဲ့ ဘယ်ဖက်ကို သွားလိုက်တဲ့လူက တောနက်ထဲကို ရောက်သွားပါတယ်။ သားရဲ တိရိစ္ဆာန်များနဲ့ ရင်ဆိုင်ရ ပါတယ်။ သူ့ရဲ့ ပညာတတ်မှုကို သုံးပြီး အစစအရာရာကို ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် သူက တောနက်ထဲမှာ ရှင်သန် နေထိုင်မှုကို ကောင်းမွန်စွာ တတ်ကျွမ်းသွားပါတယ်။ နောက်ပိုင်း တောနက်ထဲမှာပဲနေပြီး အခြားလူများကိုလည်း ဘယ်လို နေထိုင်ရမယ် ဆိုတာကို သင်ပေးပါတယ်။

တောအုပ်ရဲ့ ညာဖက်ကို သွားလိုက်တဲ့လူက ဓါးပြများနဲ့ တွေ့ပါတယ်။ ဓါးပြတွေက သူ့မှာ ပါတဲ့ ပစ္စည်းများကို လုယူလိုက်ပြီး သူ့ကိုလည်း သူတို့ အဖွဲ့ဝင်အဖြစ် လုပ်ခိုင်းပါတယ်။ ဒါပေမယ့် ပညာရှိတဲ့သူက လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲ နိုင်ဖို့ အားထုတ်ခဲ့ပြီး နောက်ပိုင်းမှာ ဓါးပြအဖွဲ့ တဖွဲ့လုံးကို လူကောင်း ဖြစ်သွားအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။

နောက်ကြောင်း ပြန်လှည့်သွားတဲ့ လူကတော့ တောအုပ်ရဲ့ လမ်းကြောင်းကို ပိုမို မှတ်မိသွားပြီး တောအုပ်ထဲ ဝင်လိုတဲ့ လူများကို လမ်းညွန်ပြပေးရင်း လမ်းမပျောက်အောင် ကူညီပေးနိုင် ခဲ့ပါတယ်။

ရှေ့ကို ဆက်သွားတဲ့ လူကတော့ ရှေ့ဆောင် လမ်းပြသူ ဖြစ်လာခဲ့ ပါတယ်။ သူက လူများ မရောက်ဖူးတဲ့ နေရာတွေ မတွေ့ကြုံဖူးတာတွေကို ပထမဆုံး တွေ့ကြုံရသူ ဖြစ်လာပြီး ဆေးဖက်ဝင် အပင်များ၊ ထူးဆန်းသော သတ္တဝါများကို ရှာဖွေ တွေ့ရှိသူ ဖြစ်လာခဲ့ပါတယ်။

အပင်ပေါ် တက်ပြီး အခြေအနေ အရပ်ရပ်ကို ကြိုကြည့်ခဲ့သူ ကတော့ အရာရာကို ဖြတ်လမ်းနည်းနဲ့ လုပ်ကိုင် ဆောင်ရွက် ကျွမ်းကျင်သူ ဖြစ်လာခဲ့ပါတယ်။ လူတိုင်းက သူ့ဆီကို လာရောက်ပြီး အမြန်ဆန်ဆုံး လမ်းကြောင်းများကို ဆွေးနွေး တိုင်ပင်ကြပါတယ်။

ဒါကြောင့် မည်သည့် လမ်းကြောင်းပေါ်ပဲ ရောက်နေ စေကာမူ ကြိုးစားရှင်သန်မယ် ဆိုရင် အကျိုးပြုနိုင်တဲ့ လူကောင်းများဖြစ်လာကြမှာ ဖြစ်ပါတယ်။ လမ်းကြောင်းတိုင်းက မှန်ပါတယ်။ ကြိုးစား အားထုတ်မှုသာ မှန်ကန်ဖို့ လိုတာပါ။ Crd

Post a Comment

0 Comments