ဆံသားကျန်းမာရေးအတွက် ဆန်ဆေးရည်ရဲ့ အသုံးဝင်ပုံများ

အာရှတိုက်က အမျိုးသမီးတွေက ဆန်ဆေးရည်ကို အလှအပအတွက် အသုံးပြုလာခဲ့တာ နှစ်ပေါင်းရာချီ နေခဲ့ပါပြီ။ ဆန်ဆေးရည်က ငွေကုန်ကြေးကျသက်သာပြီး တကယ်ကို အကျိုးရှိတဲ့ သဘာဝအလှကုန် တစ်မျိုးပါပဲ။ အဲဒါကြောင့် ဆန်ဆေးရည်က ဆံပင်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ဆန်ဆေးရည်ရဲ့အကျိုးကျေးဇူးများ

ဆန်ဆေးရည်မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ ဆံပင်တွေကို ခဏခဏဆေးဆိုး၊ အပူပေးဖြောင့်ပြီး ပျက်နေတဲ့အခါ တောက်ပလာအောင် ကူညီပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ ဆန်ဆေးရည်မှာပါတဲ့ inositol ဆိုတဲ့ ကာဘွန်ဟိုက်ဒရိတ်က ဆံပင်ထဲအထိစိမ့်ဝင်တာကြောင့် ဆံပင်တွေ ကျန်းမာလာအောင် ပြန်လည် ပြုပြင်ပေးပါတယ်။ အိုမင်းရင့်ရော်မှုကို နှေးစေတဲ့ အစွမ်းရှိတာကြောင့် မျက်နှာအတွက်လည်း အသုံးပြုနိုင်ပါတယ်။

နည်းလမ်း ၁

ဒီနည်းလမ်းကတော့ အလွယ်ဆုံး၊ အမြန်ဆုံးပါပဲ။ အချိန်အများကြီး မပေးနိုင်သူတွေအတွက် ပိုအဆင်ပြေပါတယ်။

- ဆန်တစ်ခွက်ကို ယူပြီး အမှုန်တွေ ပြောင်သွားအောင် ရေတစ်ထပ်ဆေးပါ။

- နောက်တစ်ရေကိုယူပြီး ပန်းကန်လုံးထဲမှာ ထည့်ပါ။

- ပန်းကန်လုံးထဲထည့်ထားတဲ့ ဆန်ဆေးရည်ထဲကို ရေနှစ်ခွက် ထပ်ထည့်ပါ။ ပြီးတော့ ၃၀ မိနစ်ခန့်ထားပါ။

- မိနစ် ၃၀ ထားပြီးတဲ့အခါ အသုံးပြုလို့ရပါပြီ။

နည်းလမ်း ၂

နည်းလမ်း ၂ ကတော့ ထမင်းရည်ပါ။

- ပုံမှန်ထမင်းချက်နေကျအတိုင်း ချက်ပြီး ထမင်းရည်ကို ငှဲ့ယူလို့ရသလို ရေနှစ်ခွက်နဲ့ ဆန်တစ်ခွက်ချက်ပြီး ထမင်းရည်ကို ယူလို့လည်းရပါတယ်။

- ထမင်းရည်ရလာတဲ့အခါ သန့်ရှင်းတဲ့ခွက်တစ်ခုထဲ ထည့်ထားပြီး အအေးခံထားပါ။ အေးသွားပြီးနောက် အသုံးပြုလို့ရပါပြီ။

နည်းလမ်း ၃

- ဒီနည်းကတော့ အချဉ်ဖောက်တဲ့နည်းပါ။ ဆန်တစ်ခွက်ကို သန့်ရှင်းသွားအောင် ရေအရင်ဆေးပါ။ ရေဆေးပြီးသားဆန်ကို ပန်းကန်လုံးတစ်ခုထဲမှာထည့်ပြီး ရေတစ်ခွက် ထပ်ထည့်ပါ။ ပြီးတော့ ရေတွေနောက်လာတဲ့အထိ မွှေပါ။

- အဲဒီနောက် ဆန်နဲ့ရေကို သပ်သပ်စီခွဲလိုက်ပါ။ ရေကို ပလက်စတစ်ဘူး တစ်ခုထဲမှာ အခန်းအပူချိန်နဲ့ ၁၂ နာရီကနေ ၂၄ နာရီအထိ ထားပါ။ အချဉ်ပေါက်သွားတဲ့ရေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ထွက်လာပါတယ်။ ၂၄ နာရီထက် ပိုထားရင်တော့ အသုံးပြုလို့မရဘဲ ဖြစ်သွားတတ်ပါတယ်။

- အချဉ်ဖောက်ထားတဲ့ရေ ရလာတဲ့အခါ သုံးချင်တဲ့အချိန် သုံးနိုင်ဖို့ ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ရပါပြီ။

ဆန်ဆေးရည်ကို အသုံးပြုနည်းများ

ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးနောက် ဆန်ဆေးရည်ကို ဦးခေါင်းအနှံ့လောင်းချပြီး နှိပ်နယ်ပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေနွေးနဲ့ ရေဆေးချပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ အသုံးပြုလို့ရပါတယ် ။

Bonus

၁။ ဆန်လုံးညို hair mask

ဆန်လုံးညိုနဲ့လည်း hair mask လုပ်လို့ ရပါသေးတယ်။ Hair mask က ဆံပင်ကျိုးတာ၊ ပျက်တာကို သက်သာစေပြီး ဆံသားလှပစေပါတယ်။

လိုအပ်သောပစ္စည်းများ

- ဆန်လုံးညိုခွက်တစ်ဝက်

- အုန်းနို့ရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း

- ကြက်ဥတစ်လုံး

- သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

အသုံးပြုပုံ

- ဆန်ကို အမှုန်တွေ ကင်းစင်သွားအောင် ရေဆေးပါ။ ပြီးရင် ဆန်တွေ နူးညံ့သွားအောင် နာရီအနည်းငယ်ကြာအောင် ရေစိမ်ထားပါ။ ဒါမှမဟုတ် မပျော့မမာအောင် ချက်ထားလို့လည်း ရပါတယ်။ ပြီးနောက် အနှစ်ရအောင် ချေလိုက်ပါ။

- ဆန်အနှစ်ထဲကို အုန်းနို့ရည်ထည့်ပြီး နှံ့အောင်မွှေပါ။

- အဲဒီနောက် ကြက်ဉထပ်ထည့်ပြီး ထပ်မွှေပါ။

- သံလွင်ဆီကို မထည့်လည်းရပါတယ်။ သံလွင်ဆီ ထည့်ရင်တော့ ဆံသားအတွက် ပိုအကျိုးရှိပါတယ်။ သံလွင်ဆီထည့်ပြီးနောက် အသုံးပြုလို့ရပါပြီ။

ဆန်လုံးညို hair mask ကို ဆံပင်အရင်းကနေ အဖျားအထိ နှံ့အောင် လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၃၀ ကနေ ၄၅ မိနစ်ကြာအောင် ပေါင်းထားပါ။ ပေါင်းထားပြီးနောက် ရေများများနဲ့ ဆေးချပြီး ပုံမှန်ခေါင်းလျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။

၂။ ဆံပင်အတွက် ဆန်နဲ့ပြုလုပ်တဲ့ keratin

ဆန်နဲ့ပြုလုပ်တဲ့ keratin ကလည်း hair mask အမျိုးအစားတစ်မျိုးပါပဲ။ keratin က ဆံပင်ကို ပိုပြီးနူးညံ့စေပါတယ်။

လိုအပ်သောပစ္စည်းများ

- ရေ ၅ ခွက်

- ဆန်၂ ခွက်

- အုန်းနို့ရည်လက်ဖက်ရည်ဇွန်း ၃ ပုံတစ်ပုံ

- ပြောင်းကော်မှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း

- အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း

အသုံးပြုပုံ

- ဆန်ကို အမှုန်တွေ မရှိတော့အောင် ရေအရင်ဆေးပါ။ ပြီးရင် ဆန်တွေ နူးညံ့သွားတဲ့အထိ ရေစိမ်ထားပါ။ ဆန်ကို မပျော့မမာ ချက်ထားလည်း ရပါတယ်။

- ဆန်တွေကို အနှစ်ရအောင်ကြိတ်ပြီး ရေအနည်းငယ် ရောပါ။

- ပြီးရင် ပြောင်းကော်မှုန့်၊ အုန်းနို့ရည်၊ အုန်းဆီတို့ကို ရောထည့်ပြီးမွှေပါ။

ရလာတဲ့ keratin ကို ဦးခေါင်းအနှံ့ ဆံပင်အရင်းကနေ အဖျားအထိ လိမ်းပေးပါ။ လိမ်းပြီးနောက် ရေချိုးဦးထုပ်ဆောင်းထားပြီး တစ်နာရီခန့် -ပေါင်းထားပါ။ သင်က ဆံပင်အရမ်း ထိခိုက်နေသူဆိုရင် အချိန်ကြာကြာ ပိုထားပေးပါ။ ပြီးနောက် ခေါင်းလျှောက်လိုက်လို့ရပါပြီ။ ဒီနည်းကို တစ်ပတ် နှစ်ကြိမ်ခန့် အသုံးပြုလို့ရပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments