တကယ်ချမ်းသာသောသူ

တခါတုန်းက ချမ်းသာကြွယ်ဝတဲ့ ဖခင် သူဋ္ဌေးကြီးဟာ ရှစ်နှစ်အရွယ် ရှိပြီဖြစ်တဲ့ သားငယ်ကို သူ့ရဲ့ ဇာတိရွာကို အလည် တခေါက် လိုက်ပို့ပေး ခဲ့တယ်။ ဖခင်ဖြစ်သူဟာ ရွာမှာ နေထိုင်ကြတဲ့ ရွာသူ ရွာသားတွေ ဘယ်လောက်ထိ ဆင်းရဲ နွမ်းပါးကြောင်း သားငယ်ကို ပြသချင် ခဲ့တယ်။

သူတို့ သားအဖ နှစ်ယောက်ဟာ ဆင်းရဲတဲ့ မိသားစု နေထိုင်တဲ့ လယ်တောထဲမှာ တည်းခိုခဲ့ ကြတယ်။ ရက်အနည်းငယ် ကြာတော့ သူတို့ဟာ မြို့ကို ပြန်လာခဲ့ ကြတယ်။

အိမ်အပြန်ခရီးမှာ ဖခင်က "သားရေ ဒီခရီးက ဘယ်လိုလဲ။ ပျော်ဖို့ ကောင်းရဲ့လား" လို့ သားငယ်ကို မေးတော့ "အလွန် ကောင်းမွန်တဲ့ ခရီးလေးပါ ဖေဖေ" ဆိုပြီး သားဖြစ်သူက ပြန်ဖြေခဲ့တယ်။

"ဒါနဲ့ ဖေဖေ့ ဇာတိရွာမှာ နေကြတဲ့ ဆင်းရဲ လှတဲ့ ရွာသူ ရွာသားတွေရဲ့ ရှင်သန် နေထိုင်မှုကို သားဘယ်လို မြင်လဲ" လို့ ဖခင်က ထပ်မေး ခဲ့တယ်။ အဲ့ဒီမှာ သားငယ်က "ဖေဖေ လိုက်ပို့တဲ့ ဒီခရီးကနေ သင်ယူစရာတွေ အများကြီး တွေ့လိုက်ရတယ်။ကျွန်တော်တို့ ဆီမှာ ခွေးတကောင် ရှိတယ်၊ သူတို့ဆီမှာ ခွေးလေးကောင် ရှိတယ်။

ကျွန်တော်တို့ ဆီမှာ ရေကူးကန် တခုတည်း ရှိတယ်၊ သူတို့မှာ မြစ်တွေ ချောင်းတွေ အများကြီးပဲ ရှိတယ်။ ညအခါ မီးထွန်းဖို့ ကျွန်တော်တို့မှာ လျှပ်စစ် မီးသီးတွေ ရှိတယ်။ သူတို့ဆီမှာ နေရာအနှံ့ ထွန်းလင်းပေးမယ့် ကြယ်ကလေးတွေ ရှိတယ်။

ကျွန်တော်တို့က စားသောက်ဖို့ အစားစာတွေ ဝယ်ကြ ရတယ်။ သူတို့ကတော့ ကိုယ်တိုင် စိုက်ပျိုးကြတယ်။ ကျွန်တော်တို့ကို အန္တရာယ်တွေ ကနေ ကာကွယ် ပေးနိုင်မယ့် နံရံတွေ ကျွန်တော်တို့မှာ ရှိတယ်။ သူတို့မှာကျ အခက်ခဲတွေ ရင်ဆိုင်ဖို့ ကာကွယ်ပေးမယ့် မိတ်ဆွေတွေ ရှိတယ်။

ကျွန်တော်တို့မှာ အပျင်းပြေ ကြည့်ရှူဖို့ TV တွေ ရှိတယ်။ သူတို့မှာတော့ မိသားစုတွေ ဆွေမျိုးတွေနဲ့ ဝိုင်းဖွဲ့ပြီး စကားမြည်တမ်းကာ အချိန်တွေကို ကုန်ဆုံးစေတယ်"

သားငယ်ရဲ့ ဖြေသံ အဆုံးမှာတော့ ဖခင်ဖြစ်သူဟာ ဆွံ့အ သွားခဲ့ရတယ်။ အဲ့ဒီ ခဏလေး အတွင်းမှာ သားငယ်က ထပ်ပြောခဲ့တယ်။ "သားတို့တွေ ဘယ်လောက်ထိ ဆင်းရဲကြောင်း ပြသပေးခဲ့တဲ့ ဖေဖေ့ကို သိပ်ကျေးဇူးတင်တယ်" တဲ့။

ကျွန်ုပ်တို့ကို ကြွယ်ဝ ချမ်းသာစေတာ ငွေကြေး တခုတည်း မဟုတ်ပါဘူး။ လူသား အချင်းချင်း ထားရှိကြတဲ့ ချစ်ခြင်း မေတ္တာတွေ၊ ဂရုဏာ တရားတွေ၊ တန်ဖိုးထားမှုတွေ စတဲ့ အရာတွေကသာ ကျွန်ုပ်တို့ အတွက် စစ်မှန်တဲ့ ကြွယ်ဝ ချမ်းသာမှုတွေကို ပေးစွမ်း နိုင်တာပါ။

လူသားတိုင်းမှာ မျက်လုံးနှစ်လုံး ကိုယ်စီ ရှိကြပါတယ်။ သို့သော် ကြည့်တဲ့အရာ တူနေရင်တောင်မှ မြင်တဲ့ အမြင်ချင်း မတူနိုင် ကြပါဘူး။ ကောင်းတဲ့ အမြင်နဲ့ ကြည့်ရင် အရာရာဟာ လှပနေမှာပါ။ Crd

Post a Comment

0 Comments