အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး တဦး ရှိတယ်။ သူ့မှာ သားနှစ်ယောက် ရှိတယ်။ ဘယ်သူနဲ့ ရမှန်း သူတောင် မသိဘူး။ ဒါပေမယ့် ပြဿနာ မရှိဘူး။ သူကျွေးထားတယ် လူမည်းမကြီးက အိမ်အကူအလုပ် လုပ်တယ်။ သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အချိန်မရဘူး။ သားနှစ်ယောက် ကလည်း ဆိုးချင်တိုင်း ဆိုးပီး လမ်းသရဲ ဖြစ်နေတာပေါ့။
တနေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။ အိမ်အကူအလုပ် ဆိုတော့ ချမ်းသာတဲ့ အိမ်တွေကို သွားပြီး လုပ်ပေးရတာပေါ့။ ပထမဆုံး အိမ်မှာ သူမ တခု သတိထားမိ လိုက်တယ်။ အိမ်နံရံတွေမှာ စာအုပ်တွေ အပြည့် ရှိနေတာပေါ့။ သူမ တွေးလိုက်တယ်။ "သူတို့တွေများ ချမ်းသာလိုက်တာ ဖတ်စရာ စာအုပ်တွေ အများကြီး။ ငါတို့မှာတော့ ဆင်းရဲတယ် ဖတ်စရာ တအုပ်မှ မရှိဘူး"
နောက်တအိမ် ရောက်သွားတယ်။ ပထမ အိမ်ထက် ချမ်းသာတယ်။ စာအုပ်တွေ ကလည်း လှေကားတွေ မှာပါ ရှိတယ်။ သူမက "သူတို့တွေများ ဖတ်နိုင်လိုက် ကြတာ၊ ငါတို့မှာ ဖတ်ချိန်တောင် မရဘူး" လို့ တွေးပြန်တယ်။ နောက်တအိမ်က စာအုပ်တွေက ပိုများတယ်။ စာကြည့်စားပွဲ တွေနဲ့ အကျအနပေါ့။
ဒီတခါတော့ သူမဟာ "စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှု ရှိတာလား။ စာများများ ဖတ်လေ များများ ချမ်းသာလေလား" လို့ တွေးတယ်။ သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။ "ငါ့သားတို့ မေမေ့ကို ချစ်လား" လို့ မေးတယ်။ သားတွေကလည်း "ချစ်ပါတယ်" ပေါ့။ "ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"
သားနှစ်ယောက်ကို စာကြည့်တိုက် ခေါ်သွားတယ်။ သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက အကြီးကြီးတွေ။ သူတို့ လူမျိုးတွေက စာဖတ်ကြတယ်။ အရမ်းလည်း တိုးတတ် ကြတယ်။ စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံးကို အပ်တယ်။ သင့်တော်တဲ့စာအုပ်တွေ ပေးဖို့ တောင်းဆို လိုက်တယ်။ စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာ ထားခဲ့ပေါ့။
အကြီးကောင်ကို ဘာဝါသနာပါလဲ မေးတော့ "ကျွန်တော် ကိုယ်အဂ်ါ အစိတ်အပိုင်း တွေကို လေ့လာချင်တယ်" လို့ ဖြေတယ်။ သူ့ကို စာအုပ်တွေ ပေးတယ်။ ရောင်စုံကာလာ တွေနဲ့ ဆိုတော့ သဘောကျတာပေါ့။ တအုပ်ပြီး တအုပ် ဖတ်တယ်။ အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ကားတွေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း နိုင်ငံမျိုးစုံက ကားမျိုးစုံ အကြောင်း ဖတ်ခိုင်းတယ်။ နှစ်ယောက်စလုံး သဘောကျတာပေါ့။ နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။
လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ ကျောင်းစာမှာ တော်လာကြတယ်။ ပြင်ပ ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ ကျဉ်းမြောင်းသွားတယ်။ အထူးအထွေ မှတ်စရာ မလိုတော့ဘူး။ အတန်းထဲမှာ ပထမ ဖြစ်လာတယ်။ ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ စာဖတ်ရင် ကျောင်းစာ နောက်ကျတယ်လို့ ထင်ကြတယ်။ တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို မှတ်ရ လွယ်ကူလေပါ။
လူမည်းမကြီးက သူ့သားနှစ်ယောက်ကို မှာထားတယ်။ "သားတို့ ဖတ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကို ရေးပြရမယ်" ပေါ့။ သားတွေကလည်း နေ့တိုင်း ရေးပေးပါတယ်။ ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန် ဖြစ်သွားတယ်။ အငယ်ကောင်က အင်ဂျင်နီယာပေါ့။
ခရစ်စမတ်နေ့ မှာပေါ့။ သူ့တို့ သားအမိ သုံးယောက် ဆုံကြတယ်။ အငယ်ကောင်က "သားတို့ငယ်ငယ်က အမေစာတွေ ရေးခိုင်းပြီး ဘာလို့ မဝေဖန်တာလဲ" လို့ မေးတယ်။ သူ့အမေက လက်ကိုင် ပဝါနဲ့ ထုတ်ထားတဲ့ စာရွက်တွေ ယူလာတယ်။ "သားတို့ရေးထားတဲ့ စာရွက်တွေ အမေ အမြတ်တနိုး သိမ်းထားပါတယ်။ မဝေဖန်ဘူး ဆိုတာ ကတော့ သားရယ် အမေမှ စာမဖတ်တတ်တာ သားတို့ကို မှတ်မိ စေချင်လို့ပါ" လို့ မျက်ရည်ဝဲပြီး ပြောရှာတာပေါ့။
မိဘဆိုတာ သားသမီးကို စေတနာ ထားကြတာချည်း ပါပဲ။ ဒါပေမယ့် စေတနာ မလွဲကြပါစေနဲ့။ ငွေနောက်ကို လိုက်ပြီး သားသမီးကို ကျောင်းမထုတ် ပါနဲ့လေ။ စာပေနဲ့ နီးအောင် ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။ ယနေ့ခေတ် မိဘဝတ္တ ရားထဲမှာ "သားသမီးကို စာကြည့်တိုက်နဲ့ နီးအောင် ဖန်တီးပေးရမည်" လို့ ပေါင်းထည့် ချင်ပါသည်။ Crd
0 Comments