စားမှာလား ဖတ်မှာလား

တခါတုန်းက ဘုရင်တပါး ရှိတယ်တဲ့။ အဲဒီဘုရင်ကြီးမှာ တော်တော် လှပတဲ့ သမီးတော်တပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးက ကျန်တဲ့ သားသမီး မထွန်းကားဘူးတဲ့။ ဒီတော့ ဘုရင်က ရှေးရေးကို ကြိုပြီး စဉ်းစားတယ်။ သမီးလေးကို ယောကျ်ား ပေးစားချင်တယ်။

ဘုရင်ဆိုတာ ပိုက်ဆံ ရှိပြီးသား စည်းစိမ် ရှိပြီးသား။ ဒီတော့ သူက သူ့သမီးနဲ့ ပေးစားမယ့် ယောကျ်ားကို သူဌေး မလိုချင်ဘူး။ ပညာရှိပဲ လိုချင်တယ်။ အဲဒီတော့ ပညာရှိကို ရှာမယ် ဆိုပြီး သူ့မှာ စိတ်ကူးရှိတဲ့ အတိုင်း မောင်းကြေးနန်း ခတ်စေသတဲ့။ မောင်းကြေးနန်း လည်ခတ်စေတဲ့ အခါ ပြောတဲ့ စကားက သိပ်ဆန်းကျယ် တာပဲ။

"အမိန့်တော်ပါတယ် အားလုံးနားထောင်ကြ။ ဘုရင်ကြီး၏ သမီးတော်သည် သက်တော် (၁၈) နှစ် ပြည့်ပြီ ဖြစ်သောကြောင့် ဘုရင်ကြီး၏ သမီးတော် အတွက် လက်ဆက်မည့် သတိုးသားလောင်းအား ရှာဖွေလို သဖြင့် စာချွန်တော်အား အားလုံးနားထောင်ကြ။ ချီး၏ အရသာကို သိသူ လုလင်ပျိုနဲ့ ဘုရင်ကြီး၏ သမီးတော်နဲ့ ပေးစားမည် ဖြစ်ကြောင်း မှတ်စေ"

ချီး၏ အရသာကို သိရမှာတဲ့။ အဲဒီတော့ ဘုရင့်ရဲ့ သားမတ်လည်း ဖြစ်မယ် သူဌေးလည်း ဖြစ်မယ်။ အချိန်တန်ရင် ဘုရင်လည်းဖြစ်မယ် ဆိုတော့ လုလင်ပျိုတွေက ချီးကို လျှာနဲ့ ယက်ကြသတဲ့ ဗျာ။ သတ်မှတ်ထားတဲ့ ရက်လည်း ပြည့်ရော ကွင်းကြီးလေးကွင်းစာ လောက်မှာ ချီးစားဖူးတဲ့ လုလင်ပျိုတွေ တပုံတထောင်ကြီး ပဲတဲ့။

အဲဒီတော့ ဘုရင်ကြီးက အဲဒီ ချီးစားဖူးတဲ့ လုလင်တွေကို တယောက်ချင်းစီ အင်တာဗျူး လုပ်တယ်။ တယောက်က လက်အုပ်ချီ ဝင်လာတယ်။ "မှန်လှပါ အရှင်ဘုရား ချီးဟာ ချဉ်တဲ့ အရသာ ရှိပါတယ် ဘုရား" လို့ လျှောက်တယ်။ ဘုရင်က "ဟေ့ကောင် မင်းဘာကြောင့် သိတာလဲ" "တပည့်တော် စမ်းသပ် စားသောက်ပြီးမှ လာပြောတာပါ အရှင်ဘုရား"

ဘေးနားလေးက သမီးတော်က အော့ အွပ် ဖြစ်နေပြီ။ နောက်တယောက် လာပြန်တယ်။ "ချီးက စပ်ပါတယ် ဘုရား၊ ချီးက ငံပါတယ်ဘုရား။ ချီးက ချဉ်ပါတယ် ဘုရား။ ချီးက ချိုပါတယ် ဘုရား။ ချီးက ခါးပါတယ် ဘုရား လို့ အရသာ အမျိုးမျိုး ပြောကြတာ ဘုရင်ကြီးလည်း မူးသွားတယ်။

အော် ငါ့သားမတ်တွေ အကုန် ချီးစားဖူးတဲ့ ကောင်တွေချည်းပဲ၊ ချီးအရသာ သိချင်ကြတာကို။ လူပေါင်း ၈ ထောင် ၉ ထောင် တသောင်းလောက်က ချီးစားဖူးတဲ့ လူတွေကြီးပဲ။ ဘုရင့် သမီးတော် အပျိုချောချောလေးက ဒီလို ချီးစားဖူးတဲ့ အကောင်နဲ့ လက်ထပ်ရမယ့် အပျိုချောချောလေး နေရာ ကိုယ်ချင်းသာ စာကြည့်ကြ ပေတော့။

အဲဒီအချိန်မှာ နောက်ဆုံး ပိန်ပိန် ငယ်ငယ် စုပ်စုပ်ပြတ်ပြတ် လူငယ်လေး တယောက် လက်အုပ်ချီ ဝင်လာတယ်။ "မှန်လှပါ အရှင်ဘုရား တကယ်တော့ ချီးဟာ အရသာ အမျိုးမျိုး ရှိပါတယ် ဘုရား။ ချီးဟာ လတ်လတ် ဆတ်ဆတ် အခြေအနေမှာ ချဉ်သော ချိုသော အရသာရှိပါတယ်။ ချီးဟာ ခြောက်သွေ့ သွားတဲ့ အချိန်မှာ ခါးသက်သော အရသာ ရှိပါတယ် ဘုရား"

"မောင်မင်း မင်းဘယ်လိုလုပ် သိတာတုန်း" လို့ ဘုရင်မေးတော့ လူငယ်က "တပည့်တော် စားသုံးခြင်းဖြင့် သိခြင်း မဟုတ်ပါ၊ စာဖတ်ခြင်းဖြင့် သိခြင်း ဖြစ်ပါတယ် ဘုရား"လို့ လူငယ်က လျှောက်တယ်။ ဘုရင်က "မောင်မင်း ငါ့ကို သေချာရှင်းစမ်း။ ရှေးကကောင်တွေ အကုန်လုံး ချီးစားပြီးမှ သိတယ်။ မင်းဘယ်လိုလုပ် သိတုန်း"

"ဒီကိစ္စ မခက်ပါဘူး ဘုရား။ အရှင်ဘုရားကြီးပဲ စဉ်းစားကြည့်ပါ လတ်လတ်ဆတ်ဆတ်ချီးကို ယင်ကောင်တွေပဲ အုံလေ့ အုံထ ရှိပါတယ်။ ယင်ကောင်တွေဟာ သရက်သီးလို ချိုတဲ့ ချဉ်တဲ့ အသီးအနှံတွေ ပေါ်မှာ အုံလေ့အုံထ ရှိတာကြောင့် လတ်ဆတ်သော ချီးပေါ်မှာ ယင်ကောင်များ အုံလေ့အုံထ ရှိတာကို နှိုင်းယှဉ် ကြည့်ခြင်းဖြင့် ချီးသည် ချိုသော ချဉ်သော အရသာ ရှိကြောင်းကို တထစ်ကျ မှတ်ယူလို့ ရပါသည် ဘုရား"

ဘုရင်ကြီး ပြုံးသွားတယ်။ "မှန်လှပါ ဘုရား၊ ချီးဟာ ခြောက်သွေ့သွားပြီ ဆိုရင်ဖြင့် ကင်းလိပ်ချောတို့ ပိုးဟပ်တို့ အစရှိတဲ့ အင်းဆက်ပိုးတွေ တွားသွား သတ္တဝါတွေဟာ စားသုံးလေ့ စားသုံးထ ရှိပါတယ်။ ဒါကြောင့် ချီးဟာ ခြောက်သွေ့ သွားသောအခါ ခါးသက်သော အရသာ ရှိကြောင်းပါ ဘုရား"

ဘုရင်ကြီးလည်း ပြုံးတော် မှုပြီးတော့ သမီးတော်ကို အဲဒီ ပညာရှိလေးနဲ့ ပေးစားလိုက်တယ်။ ဒါဟာ ဘာလဲ။ စာကို ချစ်လို့ ပေါ့။ စာမဖတ်ရင် ချီးစားရမယ်။ ဒါပါပဲ။ ဒီခေတ် လူငယ်တွေကို စာဖတ်ပါလို့ ပြောချင်ပါတယ်။ ချီး မစားစေချင် လို့ပါ။ Broken Heart

Post a Comment

0 Comments