ကြွက်ပြေးလမ်း

"ရုန်းကန်ပြေးလွှား လှုပ်ရှားနေရတဲ့ဘဝ" ကို တင်စားထား တာပါ။ ဘွဲ့နှင်းသဘင် ခန်းမကြီးရဲ့ စင်မြင့်ပေါ်မှာ ဇာတ်လိုက် ဖြစ်တဲ့ ကြွက်ကလေးဟာ ဘွဲ့ဝတ်စုံလေး ဝတ်ထားပြီး သူ့ရဲ့ ဘွဲ့လက်မှတ်လေးကို ဝှေ့ယမ်းကာ နှုတ်ဆက်ရင်း ပျော်ရွှင်နေပါတယ်။ ဒီအချိန်မှာပဲ ဘွဲ့ဝတ်စုံလေးက အလုပ်သမား ယူနီဖောင်း ဝတ်စုံလေး အဖြစ် အသွင်ပြောင်းသွားပြီး သူ့လက်ထဲက ဘွဲ့လက်မှတ်လေး ကလည်း လုပ်ငန်းခွင်ဝင် လက်ဆွဲအိတ်လေး တလုံး ဖြစ်သွားပါတယ်။

အဓိပ္ပါယ် ကတော့ ကြွက်ကလေးဟာ ဘွဲ့ရတာနဲ့ လုပ်ငန်းခွင်ဝင် အလုပ် လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါနဲ့ ကြွက်ကလေးဟာ ကုမ္ပဏီကြီး တခုကိုသွားပြီး အလုပ် သွားလျှောက်တာပေါ့။ ကုမ္ပဏီကြီးထဲမှာ သူ့လို ကြွက်ကလေးတွေ အများကြီးပဲ အလုပ်စားပွဲရှေ့မှာ တကုပ်ကုပ် အလုပ် လုပ်နေ ကြတာကို တွေ့ရပါတယ်။ အလုပ်ခန့်စာ ရတော့ ဒီကြွက်ကလေးတွေ လိုပဲ သူလည်း စတင် အလုပ် လုပ်ရ ပါတော့မယ်။

ဒီအချိန်မှာပဲ မိုးပေါ်ကနေ စက်ဝိုင်းကြီးတခု အောက်ကို ပြုတ်ကျ လာပြီး လည်နေပါတယ်။ ကြွက်ကလေးဟာ လည်နေတဲ့ ဒီစက်ဝိုင်းကြီး ပေါ်ကို စမ်းတဝါးဝါး တက်ပြီး တလှမ်းချင်း လျှောက်နေပါတယ်။ တကယ်တော့ ဒီစက်ဝိုင်းကြီးဟာ ကြွက်ပြေးလမ်း (Rat Race) ဆိုတဲ့ ဝင်္ကပါ စက်ဝိုင်းကြီးပါ။ စက်ဝိုင်းပေါ်က ကြွက်ကလေးရဲ့ ပြေးလမ်း သံသရာ ကတော့ "အလုပ်သွားလိုက်၊ အိမ်ပြန်လိုက်၊ အလုပ်လုပ်လိုက်၊ လစာထုတ်လိုက်၊ သုံးစွဲလိုက်၊ ကုန်သွားလိုက်၊ အလုပ်ပြန် လုပ်လိုက်" နဲ့ စက်ဝိုင်းကြီးပေါ်မှာ တဝဲလည်လည် ဖြစ်နေပါတယ်။

ဒီလို တဝဲ လည်လည် လျှောက်လှမ်းနေတဲ့ ကြွက်ကလေးရဲ့ ခန္ဓာကိုယ်မှာ လုပ်ဆောင်ရန် စာရင်းတွေ၊ တာဝန်တွေ၊ စာရွက် စာတမ်းတွေ တရွက်ပြီး တရွက် ကပ်လာတာက တွေ့ရပါတယ်။ ကြွက်ကလေးရဲ့ မျက်နှာဟာလည်း တက်ကြွ လန်းဆန်းမှုတွေပျောက်ပြီး ဖြူဖတ်ဖြူရော် ဖြစ်နေ ပါတယ်။ အလုပ်တာဝန်တွေ ပိလာတော့ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေ ကလည်း နှေးကွေး လေးလံ လာပါတယ်။ စိတ်ဖိစီးမှုတွေများပြီး မပျော်နိုင် မရွှင်နိုင် ဖြစ်နေရ ပါတယ်။

မကြာခင်မှာပဲ ကြွက်ကလေးဟာ အိမ်ထောင်ပြုပြီး သားသမီးတွေ ရရှိလာတော့ ဝင်ငွေ ပိုမို လိုအပ် လာပါတယ်။ ဒီအတွက် အလုပ်တွေကို ဖိလုပ်ရာက လူဟာ ခြေကုန်လက်ပန်း ကျတဲ့အထိ ဖြစ်လာပါတယ်။ ကျန်းမာရေး ဟာလည်း ထိခိုက်လာတယ် လို့ ထင်ရပါတယ်။ တနှစ်ပြီး တနှစ် အချိန်တွေ ကြာလာတော့ ကြွက်ပြေးလမ်း ဘဝစက်ဝိုင်းကြီး ထဲမှာ ရုန်းကန်ရှာဖွေ လှုပ်ရှား နေရတာကို မောပန်းငြီးငွေ့ပြီး ဆက်မလျှောက်နိုင် တော့ဘဲ လက်မှိုင်ချ လိုက်ပါတယ်။

ဘဝစက်ဝိုင်းကြီး ထဲမှာ လက်မှိုင်ချ လိုက်တဲ့ ကြွက်ကလေးကို စိတ်မကောင်းစွာ ကြည့်နေတဲ့ ကြွက်သူဌေးကြီး တကောင်က သူ့နားကပ်ပြီး ကြွက်ပြေးလမ်းက လွတ်မြောက်မယ့် နည်းလမ်းကောင်း တွေကို ပြောပြလိုက် ပါတယ်။ ဒီလိုနဲ့ ကြွက်ကလေးဟာ အားတက်လာပြီး ကြိုးကြိုးစားစားနဲ့ စက်ဝိုင်းကြီးထဲမှာ တက်ကြွစွာ ပြန်လျှောက် လှမ်းပါတယ်။

အရင်လို မနှေးကွေး တော့ဘဲ တဖြည်းဖြည်း မြန်ဆန်လာပြီး နောက်ဆုံးမှာ ကြွက်ပြေးလမ်း စက်ဝိုင်းကြီးထဲက လွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့ ကြွက်ကလေးဟာ ဇိမ်ခံကားတစီး ပေါ်ကို ရောက်ရှိသွားပါတယ်။ အလုပ်သမား ယူနီဖောင်းလေး ကလည်း ဝတ်ကောင်းစားလှတွေ အဖြစ် အသွင်ပြောင်း သွားပါတယ်။

ဇိမ်ခံကားပေါ်က ကြွက်ကလေးဟာ နေကာမျက်မှန် တလက်ကို ကောက်တပ်ပြီး မြို့အနှံပတ်ကာ သူဝါသနာပါရာ အလုပ်တွေကို လွတ်လပ်ပျော်စွာ လုပ်ကိုင်နေပါတော့တယ်။ ငါးမျှားတယ်၊ ဂေါက်ရိုက်တယ်၊ လုပ်ငန်းတွေဝယ်တယ်၊ ရင်းနှီးမြုပ်နှံမှုတွေလုပ်တယ်။ ဒီလိုနဲ့ပဲ ကြွက်ကလေးဟာ ရုန်းကန် ပြေးလွှားနေရတဲ့ ကြွက်ပြေးလမ်း သံသရာကနေ လွတ်မြောက်ခဲ့ပြီး ငွေကြေး အပူအပင်ကင်းတဲ့ ဘဝမှာ ချမ်းချမ်းသာသာနဲ့ နေထိုင်နေ ပါတော့တယ်။

ကျွန်တော်တို့တွေဟာ လက်ရှိဘဝထဲမှာ ကြွက်ပြေးလမ်း ပေါ်ကို ရောက်နေပြီး နေ့မအား ညမနား တကုပ်ကုပ်နဲ့ ရုန်းကန်လည်ပတ် နေရတယ် ဆိုရင် ဒီကြွက်ပြေးလမ်း သံသရာက လွတ်မြောက်အောင် အရင်ဆုံး လုပ်ရပါမယ်။ ကြွက်ပြေးလမ်းက ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲ။ (How to get out of the Rat Race)

ကြွက်သူဌေးကြီးက ကြွက်ကလေးကို တိုးတိုးလေး ကပ်ပြီး ပြောပြလိုက်တဲ့ ကြွက်ပြေးလမ်းက လွတ်မြောက်နည်း တွေကို သင်သိချင်နေပြီ မဟုတ်လား။ သင်ဟာ ကြွက်ပြေးလမ်းပေါ်က ကြွက်ကလေးလို ပင်ပန်းနွမ်းနယ်ပြီး ခြေကုန်လက်ပန်း ကျနေပြီ ဆိုရင်တော့ စိတ်ဓါတ် မကျပါနဲ့။ ရုန်းကန်နေရတဲ့ ဘဝကနေ ရုန်းထွက်ဖို့ အချိန်ကို အခုပဲ ရောက်ပါပြီ။ သင့်ခွန်အားတွေကို နှစ်ဆ မြှင့်တင်လိုက်ပြီး သင်ယူလေ့လာမှု တွေကို အခုပဲ ချက်ချင်း အမြန် လုပ်ဆောင်လိုက်ပါ။

ဘဝဆိုတာ တိုတိုလေး ဖြစ်တဲ့ အတွက် ရတဲ့အချိန်လေး အတွင်းမှာ ကိုယ့်အတွက်နဲ့ အများအကျိုး အတွက် အမှန်တကယ် အကျိုးရှိတာတွေ လုပ်ဆောင်ရင်း ကုန်ဆုံးလိုက်ကြပါစို့။ Crd

Post a Comment

0 Comments