အလှဆုံးမှ ဘဝတုံးရခြင်း

ဟိုး ရှေးရှေးတုန်းကပေါ့။ ငှက်တွေရဲ့ ဘုရင်ကြီး ဖြစ်တဲ့ နတ်ငှက်ဟာ ငှက်တွေ ကျင်လည် ကျက်စားတဲ့ တောတောင် အနှံ့မှာ ကြေညာချက် တခုကို ထုတ်ပြန် ပါသတဲ့။ "ဒီနှစ် နွေဦး ရောက်ရင် ငှက်အလှ ပြိုင်ပွဲ တခုကို ကြီးကြီး ကျယ်ကျယ် ကျင်းပ ပေးမယ်။ အလှဆုံး ငှက်ကို ငှက်တကာ အလှဆုံး ဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်တော် မူမယ်"

အဲဒီ သတင်းလည်း ကြားရော ရှိရှိ သမျှ ငှက်တွေဟာ သူတို့ရဲ့ အမွှေး အတောင် တွေကို အလှပဆုံး ဖြစ်အောင် ပြင်ဆင် နေကြတာ တတောလုံး ပွက်လော ရိုက် ဆူညံနေ ပါသတဲ့။ ပြိုင်ပွဲ ကျင်းပမယ့် နွေဦး ရာသီကို ရောက်တော့ အနယ်နယ် အရပ်ရပ်က ငှက်တွေ စုဝေးပြီး ရောက်ရှိ လာကြ ပါတယ်။

ပိုးသား ကတ္တီပါလို နက်ပြောင် ချောမွေ့ နေတဲ့ အမွှေး အတောင်တွေနဲ့ မကျီးကန်း၊ နှင်းပွင့်လို ဖွေးဖွေး ဖြူနေတဲ့ အတောင်ပံနဲ့ လှပ နေတဲ့ မစင်ရော်၊ ရွှေရောင် အဆင်းနဲ့ လှပနေတဲ့ စာဘုန်းကြီး၊ မျက်စိ ကျိန်းမတက် ရောင်စဉ်တွေ ဖြာသန်း နေတဲ့ မဒေါင်း၊ သူတို့ အားလုံးဟာ ပြိုင်ပွဲ ဝင်ဖို့ တက်တက် ကြွကြွနဲ့ ရောက်လာ ကြပါတယ်။

ငှက်ဘုရင်ကြီးက ဘယ်ငှက် အလှဆုံးလဲ လို့ အပြန်ပြန် အလှန်လှန် သုံးသပ်တယ်။ အတိုင်ပင်ခံငှက် မှူးမတ်တို့နဲ့ အကဲဖြတ် စေတယ်။ နောက်ဆုံးမှာတော့ ငှက်တကာ တို့ရဲ့ အလှဆုံးလို့ ကမ္ဗည်း ရေးထိုးထားတဲ့ ရွှေတံဆိပ် ဆုကြီးကို မဒေါင်းရဲ့ လည်ပင်းမှာ ချိတ်ဆွဲ ပေးလိုက် ပါတယ်။ ငှက်တွေ အားလုံး ကလည်း ကန့်ကွက်သူ မရှိ တောင်ပံတွေ ခတ်ပြီး လက်ခုပ်တီးကာ သြဘာ ပေးကြ ပါသတဲ့။

ဒီလိုနဲ့ ပြိုင်ပွဲကြီး ပြီးလို့ ရွှေတံဆိပ် ဆုရှင် မဒေါင်းလည်း ပြန်တော့မယ် ပြင်တော့ အခြား ငှက်တွေက သူ့အနားကို ဝိုင်းအုံ လာကြ ပါသတဲ့။ စာကလေးငှက် တကောင်က "ရှင့်ရဲ့ တောင်ပံ တွေက တကယ်ပဲ လှပါတယ်။ ကျမ ညီမတွေကို ပြဖို့ တောင်ပံတွေ နည်းနည်းလောက် ပေးလိုက် ပါလားရှင်" လို့ ပြောပြီး တောင်ပံ တခု ဆွဲနှုတ်ပြီး ထွက်သွားပါ သတဲ့။

"အလှဆုံး ငှက်ဘွဲ့ ရသင့် ပါပေတယ် ရှင်။ မဒေါင်းရဲ့ တောင်ပံ တွေဟာ ဆိုဖွယ်ရာ မရှိအောင် လှပါပေ ရဲ့။ ကျုပ်အိမ်သားတွေ ရင်သပ် ရှု့မော ရအောင်လို့ နည်းနည်းလောက် နှုတ်သွား ပါရစေ" ဆိုပြီး မိုးစွေ ငှက်လေး တကောင်က ပြောပြော ဆိုဆို အတောင် တချို့ကို ဆွဲနှုတ် သွားပြန် ပါတယ်။

သစ်တောက်ငှက်၊ ကျီးကန်း၊ ပျံလွှားတို့ ကလည်း ချီးမွှန်း စကား အသီးသီး ပြောပြီး အမှတ်တရ အနေနဲ့ အမွှေး အတောင် တချို့ကို တောင်းယူ သွားကြ ပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဟိုငှက်က လာလိုက် တချောင်း နှစ်ချောင်း၊ ဒီငှက်က လာလိုက် တချောင်း နှစ်ချောင်းနဲ့ နောက်ဆုံး မှာတော့ မဒေါင်း ခမျာမှာ အတောင်ပံလေး တချောင်းနဲ့ ကျိုးတို့ ကျဲတဲ ကျန်ခဲ့ ပါလေရော။

ဆောင်းရာသီ ရောက်လာတော့ အမွှေးအတောင် မစုံလင် တဲ့ မဒေါင်းဟာ သစ်ပင် ခြေရင်းမှာ ခိုပြီး ခိုက်ခိုက် တုန်အောင် ချမ်းနေ ရှာပါတယ်။ အမွှေး အတောင်တွေ ပြန်ရှည်လာ ဖို့က တော်တော် ကြာကြာ စောင့်ရဦးမှာ ဆိုတော့ ဆောင်းရာသီ တခုလုံး အအေးဒဏ်ကို ကြိတ်မှိတ် ခံနေရ ရှာတာပေါ့။

မဒေါင်း အဲဒီလို ဖြစ်နေတာ မြင်မိတဲ့ ငှက်ဘုရင်ကြီးက တအံ့တသြနဲ့ "ဟာ ငှက်တကာ တို့ရဲ့ အလှဆုံးသော ငှက်ဘွဲ့ ရထားတဲ့ မယ်မင်းက ဘယ့်နှယ် ကြောင့် အမွှေး ရိပ်ထားတဲ့ ကြက်မလို ဖြစ်နေရ တာလဲ" လို့ မေးလိုက် ပါတယ်။

အဲဒီတော့မှ မဒေါင်းက စိတ်ပျက် လက်ပျက်နဲ့ ညည်းညူပြီး ပြန်ပြော လိုက်ပါတယ်။ "မှန်လှပါ အလှဆုံး ဖြစ်မှ ဘဝ တုံးရခြင်းဟာ အလှကြိုက်သူ ငှက်တွေ ကြောင့်ပါ ဘုရား"

ဒီပုံပြင်လေးကတော့ မြှောက်ပေးကြပြီး အပေါ်ရောက်မှ ရိုက်ချ တတ်ကြတဲ့ လူ့အဖွဲ့အစည်း အကြောင်းနဲ့ အလှဘွဲ့မက်လို့ ဘဝပျက်ရတဲ့ ဒေါင်းလို မဖြစ်ကြစေဖို့ သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

Post a Comment

0 Comments