ကြောင်လေးတွေက အမြဲတမ်း အချီခံချင်ကြတာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကြောင်လေးတွေ စိတ်မကြည်တဲ့အချိန် သွားချီမိရင် အကုတ်ခံရမှာပါ။ ကြောင်လေးတွေနဲ့ ဆော့ချင်တဲ့အခါ၊ ကြောင်လေးတွေကို ဆေးတိုက်ချင်တဲ့အခါ ကြောင်ကို ပွေ့ချီဖို့ လိုလာပါတယ်။
ဒါပေမယ့် ကြောင်အကုတ်မခံရအောင် ဘယ်လိုချီပွေ့မလဲဆိုတဲ့ နည်းလမ်းကို ကနေဒါနိုင်ငံက တိရစ္ဆာန်ဆရာဝန် Dr Uri Burstyn က ပြောပြပေးထားပါတယ်နော်။
ကြောင်လေးက အချီပွေ့ခံချင်လားဆိုတာ အရင်ဆုံး စမ်းကြည့်ပါ။
အရင်ဆုံး ကြောင်လေးနားကို ဖြည်းဖြည်းလေး ကပ်သွားပါ။ အဲဒီအခါ ကြောင်လေးက သင့်ရဲ့လက်ချောင်းကို လာနမ်းကြည့်ပါလိမ့်မယ်။ ဘာမှပြန်မလုပ်ဘူးဆိုရင် သူ့ရဲ့မေးစေ့နားနဲ့ ပါးနေရာကို ပွတ်သပ်ပေးပါ။
ကြောင်လေးက ပျော်နေတယ်ဆိုရင်၊ သင်ပွတ်သပ်ပေးတာကို သဘောကျတယ်ဆိုရင် သူ့ကို ချီပွေ့လို့ရပါပြီ။ အဲဒီလိုမဟုတ်ဘဲ ရန်လိုတဲ့ပုံစံ ဖြစ်နေတယ်ဆိုရင် ကြောင်လေးကို တစ်ကောင်တည်းထားတာ ပိုကောင်ပါတယ်။
နည်းလမ်း ၁
ကြောင်လေးတွေကို ချီပွေ့တဲ့အခါ သူတို့အတွက် စိတ်လုံခြုံမှုရစေဖို့က အဓိကပါ။ ကြောင်လေးတွေကို ပွေချီတဲ့အခါ လက်တစ်ဖက်က သူ့ရဲ့ရင်ဘတ်နားကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဗိုက်နေရာကို ကိုင်ထားပါ။ ပြီးတော့ ညင်ညင်သာသာ ပွေ့ချီပါ။ အဲဒီနည်းက ကြောင်လေးတွေအတွက်လည်း အဆင်ပြေပြီး အကုတ်လည်းမခံရနိုင်တော့ပါဘူး။
နည်းလမ်း ၂
ဒီနည်းလမ်းကတော့ ဘောလုံးကိုင်တဲ့ နည်းလမ်းလိုပါပဲ။ ကြောင်လေးကို ဗိုက်နေရာနဲ့ ခြေထောက်နေရာကို ကိုင်ပြီး ချီတာပါ။ ကြောင်ရဲ့ခေါင်းက သင့်ရဲ့လက်အောက်မှာ ရှိနေဖို့လိုပါတယ်။ ဒီနည်းလမ်းက အရေးပေါ်အခြေအနေတွေမှာ ကြောင်လေးကို မြန်မြန်ပွေ့ချီပြီး ပြေးရမယ်ဆိုရင် အရမ်းအသုံးဝင်ပါတယ်။ ကြောင်လေးတွေအတွက်လည်း စိတ်ချရတဲ့ နည်းလမ်းပါပဲ။
နည်းလမ်း ၃
နည်းလမ်း ၃ ကတော့ ကြောင်လေးကို ပုခုံးပေါ် ပွေ့ချီတဲ့နည်းလမ်းပါ။ ကြောင်လေးကို ပုခုံးပေါ်တင်ပြီး ကျန်လက်တစ်ဖက်က သူ့ကို ပွတ်သပ်ပေးပါ။ ကြောင်လေးက သင့်ပုခုံးပေါ်က ဆင်းချင်တယ်ဆိုရင် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းပေးလိုက်ရုံပါပဲ။ အဲဒီအခါ ကြောင်လေးတွေက ဆင်းရမယ်ဆိုတာကို နားလည်ပါတယ်။
နည်းလမ်း ၄
ဒီနည်းလမ်းကတော့ ကြောင်ပိုင်ရှင်တွေအားလုံးနဲ့ ရင်းနှီးပြီးသားပါပဲ။ ကြောင်လေးတွေကို ကလေးချီသလိုမျိုး ပွေ့ချီတာပါ။ လက်တစ်ဖက်ကို ကြောင်ခန္ဓာကိုယ်အောက်ကနေ ဖက်ထားပြီး ကျန်လက်တစ်ဖက်ကို ကြောင်ရဲ့ရင်ဘတ်ပေါ်မှာ တင်ထားပါ။ ဒါပေမယ့် ဒီနည်းကိုတော့ ကြောင်နဲ့ရင်းနှီးသူပဲ စမ်းကြည့်သင့်ပါတယ်။
ကြောင်ကို မချီသင့်တဲ့ပုံစံ
ကြောင်ကို ချီတဲ့ပုံစံ မမှန်တာက ကြောင်တွေအတွက် အန္တရာယ် ဖြစ်စေပါတယ်။ ဥပမာအနေနဲ့ ကြောင်ရဲ့လက်နှစ်ချောင်းအောက်နေရာကို မြှောက်ပြီး မချီသင့်ပါဘူး။ ကြောင်လေးတွေအတွက် ဒီနည်းက အရမ်းကို နေရခက်စေလို့ပါပဲ။
ပြီးတော့ လက်နှစ်ချောင်းကို မြှောက်ပြီးတော့လည်း မချီသင့်ပါဘူး။ အဲဒီနေရာက လက်နဲ့ရင်ပိုင်းကို ဆက်ထားတဲ့ ကြွက်သားဖြစ်နေလို့ပါ။ ကြောင်ရဲ့လက်ကို မြှောက်ပြီးချီရင် သူတို့အတွက် နာကျင်မှုကို ခံစားရစေပါတယ်။
Zombie (lovemedia)
0 Comments