ခွန်အားနှင့် ဉာဏ်ပညာ

တခါတုန်းက မြစ်ကမ်းဘေးမှာ သစ်ပင်အိုကြီး တပင် ရှိသတဲ့။ မြစ်ရေတွေ တက်လိုက် ကျလိုက်၊ မုန်တိုင်းတွေ ထန်ခဲ့ ပေမယ့်လည်း အပင်ကြီးက လဲမသွားဘူး ဆိုတော့ မှော်သစ်ပင်ကြီး ထင်ကြသတဲ့။ အဲဒီ သစ်ပင်ကြီးရဲ့ အခေါင်းထဲမှာ ဖျံလေး တကောင် နေသတဲ့။

ဖျံလေးက ကုန်းနေ ရေနေ သတ္တဝါမို့ ရေထဲက ငါးလေးတွေကို စားသလို ပြောင်းဖူး၊ မြေပဲ၊ ဖရဲသီး ချိုချိုလေးတွေ ကြိုက်တာမို့ အနီးအနား ယာခင်းက သွားသွား ခိုးစားသတဲ့။ ယာခင်းပိုင်ရှင် အဘွားအိုနဲ့ သူ့သမီးချောလေး ကတော့ စိတ်တွေ တိုတာပေါ့။

အဘွားအိုက ဒီဖျံ ကိုလည်း ဖမ်းလို့ မမိနိုင်တာမို့ စိတ်တိုပြီး ကဲ ဖျံနေတဲ့ မှော်သစ်ပင်ကြီးကို လှဲပစ်နိုင်တဲ့ ဘယ်သူမဆို သမီးချောလေးနဲ့ ပေးစားမယ် ဆိုပြီး သတင်းလွှင့်လိုက်သတဲ့။ နောက်တနေ့ မနက်မှာတော့ ခွန်အားပြည့်စုံတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေက သစ်ပင်ကြီးနားမှာ လာစုနေကြပြီပေါ့။

ပထမဆုံး ကတော့ သူရဲကောင်း လူချောလေးပေါ့။ သူက သူ့ရဲ့ ပုဆိန်ကို တညလုံး သွေးထားခဲ့တာ မိုးကြိုးသွားလို ထက်နေပြီပေါ့။ သစ်ပင်ရှေ့မှာ မာန်ပါပါရပ် ပုဆိန်ကို အားရပါးရ လွှဲပြီး ခုတ်လိုက်တာ အပင်မှာ အရာ သေးသေးလေးတောင် မထင်ဘူးတဲ့။ ထပ်ခါထပ်ခါ ခုတ်လည်း မထူးတာမို့ လက်လျှော့ပြီး ပြန်သွားသတဲ့။

နောက်တဦးက ဆင်ကြီးပေါ့။ အပင်ကို တောင့်တင်းလှတဲ့ အစွယ်ကြီးတွေ နဲ့ထောက် နှာမောင်းနဲ့ ပါတ် သူရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ လှုပ်ပြီး နှဲ့သတဲ့။ အပင်က လှုပ်တောင် မလှုပ်ဘူးတဲ့။

တောဘုရင် ခြင်္သေ့ကြီးက ငါစမ်းကြည့်မယ်ကွာ ဆိုပြီး အသက်ပြင်းပြင်းရှူ ကြောက်စရာ အသံကြီးနဲ့ ဟိန်းဟောက်သတဲ့။ အနားက လူတွေ၊ အကောင်လေးတွေသာ လန့်သွားတာ အပင်ကတော့ ဘယ်လိုမှ မနေဘူးပေါ့။ ရေမြင်းကြီး ကလည်း လာလေ့ကွာ ဆိုပြီး အပင်ကြီးကို ပြေးပြေး တိုက်တာ၊ သူသာ ခေါင်းမူးရော အပင်က နေမြဲပဲ ပေါ့လေ။

အဲဒါတွေကို အသာကြည့်နေတဲ့ ယုန်လေးက အင်း သူတို့ လုပ်တာ တခုခုတော့ လွဲနေပြီလို့ စဉ်းစားရင်း စိတ်ကူးရပြီး အကောင်အထည် ဖော်ဖို့ အိမ်ကို ပြန်သွားသတဲ့။ နောက်တနေ့မနက် စောစောမှာတော့ သူက ခွေးရယ် ဆိတ်ရယ်၊ ငုတ်တိုင် ၂ ချောင်းရယ်၊ မြက်ကောင်းကောင်းပါတဲ့ အိတ်ရယ်၊ အသားတွေ အရိုးတွေ ပါတဲ့ အိတ်ရယ်၊ နွယ်ကြိုးတွေ ရယ်နဲ့ လာသတဲ့။

သစ်ပင်နဲ့ မလှမ်းမကမ်း မြေပေါ်မှာ ငုတ်၂ ချောင်းကို စိုက်၊ တချောင်းမှာ ခွေးကို နွယ်ကြိုးနဲ့ ချည်ထား၊ နောက်တချောင်းမှာ ဆိတ်ကို ချည်ထားတာပေါ့။ ခွေးရှေ့မှာ မြက်အိတ်ကို ချ၊ ဆိတ်ရှေ့မှာက အသားအိတ်ကို ချထားသတဲ့။ နေရာနည်းနည်း လှမ်းတော့ ခွေးကလည်း အသားအိတ်နေရာ မရောက်နိုင်၊ ဆိတ်ကလည်း မြက်အိတ်နေရာ မရောက်နိုင်ဘူးတဲ့။

ခဏနေတော့ ဆာလာတဲ့ အခါ ၂ ကောင်သား စိတ်တိုပြီး အော်နေကြတာပေါ့။ သစ်ပင်ရဲ့ အတွင်းပိုင်း အခေါင်းထဲက ကြည့်နေတဲ့ ဖျံက ဒီယုန်တော့ ငတုံးပဲကွာ၊ မြက်ကို ခွေးရှေ့ချ၊ အသားကို ဆိတ်ရှေ့ချ ရူးများနေလားမသိ ဆိုပြီး စဉ်းစားနေရင်း ကြည့်မရတော့တာ နဲ့ပဲ အပြင်ထွက်လာ မြက်အိတ်ကို ဆိတ်ရှေ့သွားချ၊ အသားအိတ်ကို ခွေးရှေ့သွားချ လုပ်ပေးသတဲ့။

အဲဒီအချိန် မှာပဲ အသင့်စောင့်နေတဲ့ အဘွားနဲ့ သမီးချောလေးက အဲဒီ အကောင်ကို ဖမ်းခေါ်သွားတာပေါ့။ ယုန်လေးက အဘွားကို သူတို့ သဘောတူ ထားတာ သတိရဖို့ ပြန် ပြောတာပေါ့။ အဘွားလည်း ယုန်လေးက ဉာဏ်အထက်ဆုံးမို့ သူ့သမီးလေးနဲ့ သဘောတူ ပေးစားလိုက်သတဲ့။ အပင်ကြီးကတော့ အရင်အတိုင်း ရှိနေပြီး အထဲမှာ ဘာအကောင်မှ မနေတော့ဘူးတဲ့။

ခွန်အားနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့ တချို့ကိစ္စတွေကို ဉာဏ်ပညာဖြင့်သာ ဖြေရှင်းနိုင်ပါတယ်။ Crd

Post a Comment

0 Comments