Microwave oven ကို အချိန်တိုအတွင်း လွယ်လွယ်ကူကူ သန့်ရှင်းရေးလုပ်နည်းများ

Microwave oven တွေက အရမ်းကို အသုံးဝင်တဲ့ မီးဖိုချောင်သုံးပစ္စည်း တစ်ခုပါပဲ။ လွယ်ကူမြန်ဆန်ပြီး အဆင်ပြေတာကြောင့် အသုံးများကြပါတယ်။ ဒါပေမယ့် Microwave oven တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ အခက်အခဲတွေတော့ ရှိပါတယ်။

အဲဒါကြောင့် Microwave oven တွေကို လွယ်လွယ်ကူကူ သန့်ရှင်းရေးလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ရေ

Microwave oven က အရမ်းမညစ်ပတ်သေးဘူးဆိုရင် ရေနဲ့တင် သန့်ရှင်းရေး လုပ်နိုင်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲကို ရေတစ်ခွက်ထည့်ပါ။ ပန်းကန်လုံးကို Microwave oven ထဲထည့်လိုက်ပါ။ ပြီးရင် စက်ကို အမြင့်ဆုံးပါဝါမှာ ၁၀ မိနစ်ထားပါ။ မိနစ် အနည်းငယ်ကြာပြီးမှ စက်ကို ပြန်ဖွင့်ပါ။

ပြီးရင် ပန်းကန်လုံးကို အဝတ်စတစ်ခုခုနဲ့ ခံပြီးမှ ထုတ်ပါ။ စက်ထဲက ထုတ်ထုတ်ချင်းမှာ ပန်းကန်လုံးက အရမ်းပူတတ်တာကြောင့် သတိထားဖို့ လိုပါတယ်။ အဲဒီနောက်မှာမှ Microwave oven ရဲ့မျက်နှာပြင်ကို ဖော့၊ ဆပ်ပြာရည်တို့နဲ့ သန့်ရှင်းရေးလုပ်ပါ။

ရှာလကာရည်

Microwave oven က အရမ်းကို ညစ်ပတ်နေတယ်ဆိုရင် ရှာလကာရည်နဲ့ သန့်ရှင်းရေးလုပ်လို့ရပါတယ်။ ပန်းကန်လုံးတစ်လုံးထဲကို ရေတစ်ခွက်ထည့်ပါ။ ပြီးရင် ရှာလကာရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့် ထည့်ပါ။ ပန်းကန်လုံးကို Microwave oven ထဲထည့်လိုက်ပြီး စက်ကို အမြင့်ဆုံးပါဝါမှာ ၂ မိနစ်ထားပါ။

စက်ကို မိနစ်အနည်းငယ် ကြာပြီးမှ ပြန်ဖွင့်ပါ။ စက်ထဲက ထုတ်ထုတ်ချင်းမှာ ပန်းကန်လုံးက အရမ်းပူတတ်တာကြောင့် အဝတ်စတစ်ခုနဲ့ ခံပြီးမှ ထုတ်ဖို့မမေ့ပါနဲ့နော်။ အဲဒီနောက် Microwave oven ရဲ့ မျက်နှာပြင်ကို ဖော့၊ ဆပ်ပြာရည်တို့နဲ့ သန့်ရှင်းရေးလုပ်ပါ။

လိမ္မော်သီးခွံ

လိမ္မော်သီးခွံမှာပါဝင်တဲ့ ရနံ့ဆီက ဆီနံ့တွေတွေကို သန့်စင်ပေးနိုင်ပါတယ်။ ပန်းကန်လုံးတစ်ခုထဲမှာ လိမ္မော်သီးခွံတွေနဲ့ ရေအနည်းငယ်ထည့်ပါ။ ပြီးရင် Microwave oven ထဲကို ပန်းကန်လုံးထည့်လိုက်ပြီး ၅ မိနစ်ကြာ အမြင့်ဆုံးပါဝါနဲ့ ထားပါ။ စက်ပိတ်သွားပြီး မိနစ်အနည်းငယ် ကြာမှ ဖွင့်ကြည့်ပါ။

အဲဒီနောက် ပန်းကန်လုံးကို ထုတ်လိုက်လို့ရပါပြီ။ အနည်းငယ် ညစ်ပတ်နေသေးတယ်ဆိုရင် စက်ရဲ့မျက်နှာပြင်ကို ဖော့၊ ဆပ်ပြာရည်တို့နဲ့ ပွတ်တိုက်ပြီး သန့်ရှင်းရေး လုပ်လို့ရပါတယ်။

သံပရိုသီး

သံပရိုသီးတွေကို အတုံးသေးလေးတွေ ဖြစ်အောင်လှီးပြီး ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ပါ။ ရေအနည်းငယ်ထပ်ထည့်ပြီးနောက် Microwave oven ထဲမှာ အမြင့်ဆုံးပါဝါနဲ့ ၅ မိနစ်ကြာ ထားပါ။

၇ မိနစ်လောက် ကြာပြီးမှ Microwave oven ကို ဖွင့်ပါ။ သံပရိုသီးက ကြာရှည်စွဲနေတဲ့အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။ ပြီးမှ စက်ရဲ့မျက်နှာပြင်ကို သန့်ရှင်းရေးလုပ်ပါ။

ရှာလကာရည်၊ ရေ၊ သံပရိုသီးအက်ဆစ်

ပန်းကန်လုံးတစ်လုံးထဲကို ရေတစ်ခွက်၊ သံပရိုသီးအက်ဆစ် ၃၀ ဂရမ်၊ ရှာလကာရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်း ရောထည့်ပါ။ ပြီးရင် Microwave oven ထဲမှာ အမြင့်ဆုံးပါဝါနဲ့ ၂မိနစ်ကြာထားပါ။ စက်ပိတ်သွားပြီးနောက် ၅ မိနစ်ခန့်နေမှ ဖွင့်ပါ။ အဲဒီနောက် စက်တစ်ခုလုံးကို ဖော့၊ ဆပ်ပြာရည်တို့နဲ့ ပွတ်တိုက်ပြီး သန့်ရှင်းရေး လုပ်ပေးနိုင်ပါတယ်။

သတိထားသင့်တဲ့အချက်များ

- Microwave oven ကို သန့်ရှင်းရေးလုပ်တဲ့အခါ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ သန့်ရှင်းရေးမလုပ်သင့်ပါဘူး။

- Microwave oven ထဲမှာ သန့်ရှင်းနေစေဖို့အတွက် ဟင်းတွေကို ထည့်ပြီး နွှေးမယ်ဆိုရင် ပန်းကန်ကို အဖုံးဖုံးပြီးမှ ထည့်ပါ။

- Microwave oven ရဲ့တံခါးကို သန့်ရှင်းရေးလုပ်မယ် ဆိုရင် ရေနဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူထည့်ပြီး သန့်ရှင်းရေး လုပ်နိုင်ပါတယ်။

- Microwave oven ထဲက မကောင်းတဲ့ အနံ့အသက်တွေကို ဖယ်ရှားချင်တယ်ဆိုရင် မုန့်ဖုတ်ဆိုဒါ ပန်းကန်လုံးတစ်လုံးကို ထည့်ပြီး တစ်နာရီကြာ ထားပါ။ မုန့်ဖုတ်ဆိုဒါက မကောင်းတဲ့အနံ့ဆိုးတွေကို စုပ်ယူပေးနိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments