အမှားတခုကြောင့် ဘဝကို မဖျက်ဆီးလိုက်ပါနဲ့

တနေ့က သူငယ်ချင်းနှစ်ပါး အသုဘတခုကို ကြွကြတယ်။ သူတို့ ပြန်လာတဲ့ အခါ ဝမ်းနည်းစရာ အဖြစ်အပျက်လေး တခု ပြောလာပါတယ်။ "သေသွားတဲ့ သူက အသက်ငယ်ငယ်၊ မင်းသမီး အရှုံးပေး လောက်အောင် လှပတဲ့ မိန်းကလေး တယောက်ပဲ။ သူမဟာ သူ့ကိုယ်သူ အဆုံးစီရင်ပြီး သေသွားတာ" လို့ ပြောပါတယ်။

ဘာကြောင့် ဒီလို လုပ်သလဲ ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် တန်ဖိုးရှိတဲ့ လူ့ဘဝ တခုကို ခုလို ဖျက်ဆီးလိုက်တာ ကတော့ နှမြောစရာပါ။ "လူ့ပြည်က အပ်တစင်းနဲ့ ဗြဟ္မပြည်က အပ်တစင်း ထိချင်ထိမယ်။ လူဖြစ်ဖို့ရာ မလွယ်ဘူး" လို့ ဘုရားက ဟောပါတယ်။ ဒါကြောင့် လူ့ဘဝ တခုခုကို လွယ်လွယ်နဲ့ အဆုံး မစီရင် သင့်ပါဘူး။

လူအများစုဟာ အမှား တစုံတရာ ဖြစ်လာရင် စိတ်လိုက် မာန်ပါ ကြံမိကြံရာ ကြံတတ်၊ လုပ်တတ် ကြတယ်။ ဒါနဲ့ ပတ်သက်လို့ ဖတ်ဖူးတဲ့ ဥပမာလေး တခု ပြောချင်ပါတယ်။

အုတ်နံရံ တခုမှာ မကောင်းတဲ့ အုတ်နှစ်ချပ် ပါနေတော့ ပန်းရံဆရာဟာ မကောင်းတဲ့ အုတ်နှစ်ချပ်ကို ကြည့်ပြီး သူလုပ်ခဲ့တဲ့ အမှားအတွက် နောင်တ ရနေတာပေါ့။ တွေ့တိုင်း စိတ်ဆင်းရဲ နေတယ်။ အုတ်နံရံကို ပြန်ဖြိုဖို့ ခဏခဏ စိတ်ကူးမိ ပါတယ်။

တနေ့တော့ သူငယ်ချင်းတယောက် ရောက်လာတယ်။ အုတ်နံရံကို ကြည့်ပြီး "မင်းအုတ်နံရံ ကောင်းလိုက်တာ" လို့ ပြောလိုက်ပါတယ်။ ပန်ရံဆရာက "မင်းမျက်စိ ကောင်းပါတယ်နော်။ မကောင်းတဲ့ အုတ်နှစ်ချပ်ကို မင်း မမြင်ဘူးလား။ အဲနှစ်ချပ်က အုတ်နံရံကို ဖျက်ဆီးနေတာ"

ဒီတော့ သူငယ်ချင်းက "ငါမြင်တာပေါ့။ ဒါပေမယ့် မကောင်းတဲ့ အုတ်က နှစ်ချပ်ပဲ ရှိတယ်။ ကျန်တဲ့ အုတ်တွေ အကုန်လုံးက ကောင်းတယ်လေ။ ဒါကြောင့် လှတယ် လို့ ပြောတာပေါ့" လို့ ပြောတယ်။ ဒီတော့မှ ပန်ရံဆရာလည်း အသိဝင်ပြီး စိတ်သက်သာရာ ရသွားပါတယ်။

တကယ်တော့ ပန်ရံဆရာဟာ အုတ်တွေ အကုန်လုံးကို ခြုံမကြည့်ပဲ မကောင်းတဲ့ အုတ်နှစ်ချပ်ကိုပဲ ကြည့်နေတော့ သူ့ အုတ်နံရံဟာ အကြည်းတန် နေတယ်လို့ ခံစားနေရတာပါ။ အားလုံးကို ခြုံကြည့်လိုက်တဲ့ အခါမှာတော့ လှပတဲ့ နံရံကို တွေ့မြင်ရ ပါတော့တယ်။

ဒီလိုပါပဲ။ လူ့ဘဝမှာ "အမှား" ဆိုတာတော့ ရှိကြပါတယ်။ ဒါပေမယ့် "မှန်တာတွေ အများကြီး ရှိသေးတယ်" ဆိုတာ ကိုလည်း မမေ့ပါနဲ့။ အမှားကိုပဲ ပြန်စဉ်းစား နေရင်တော့ ဘဝဟာ အဓိပ္ပါယ် မဲ့နေတယ်လို့ ထင်ပြီး ကိုယ့်ကိုယ်ကို လုပ်ကြံမိတတ် ပါတယ်။

အမှန် အမှား အားလုံးကို ခြုံကြည့်လိုက် ရင်တော့ "လူ့ဘဝ ဆက်နေဖို့ သင့်သေးတယ်" ဆိုတာ သိလာ ပါလိမ့်မယ်။ ထပ်ပြီး မှန်တာတွေ များများ လုပ်ပေးခြင်းဖြင့် အမှားဟာ သေးငယ်သွားပြီး အမှန်တွေ များလာ ပါလိမ့်မယ်။ ဒါဆိုရင် လူ့ဘဝဟာ ပိုတန်ဖိုးရှိလာပါပြီ။

ဒါကြောင့် အမှား လုပ်မိလို့ ယူကြုံးမရ မဖြစ်ပါနဲ့။ မှန်တာတွေ ကိုလည်း ပြန်စဉ်းစား လိုက်ပါ။ ရခဲတဲ့ လူ့ဘဝ တခုလုံးကို အမှားလေး တခုကြောင့် မဖျက်ဆီးလိုက် ပါနဲ့။ ပိုနစ်နာ သွားပါလိမ့်မယ်။ ရှေ့ဆက် မမှားအောင် ကြိုးစားပါ။ ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ

Post a Comment

1 Comments

  1. Best Hotels near Casino Bossier City in Bossier City, NY - MapYRO
    Hotels 양산 출장샵 near Casino 공주 출장안마 Bossier City in Bossier 서귀포 출장샵 City. 1 - 12 of 62 — Hotels near Casino Bossier City 수원 출장안마 offer a unique location for business travel, 경상남도 출장마사지 the casino

    ReplyDelete