လူငယ်နှင့် အဖိုးအို

တခါတုန်းက အဖိုးအိုတယောက်ဟာ တောလမ်းလေးကို ဖြတ်လို့ တဖက်ရွာကို ခရီး ထွက်လာ ခဲ့ပါတယ်။ လမ်းမှာ ခရီးသွားဖော် လူငယ်တဦးနဲ့ တွေ့ပြီး စကား တပြောပြောနဲ့ ခရီးဆက်ခဲ့ ကြတယ်။

တနေရာ ရောက်လို့ အမောဖြေ ကြတော့ အဖိုးအိုဟာ လွယ်အိတ်လေး ထဲက အရက်ပုလင်းကို ထုတ်ယူပြီး မော့လိုက်တယ်။ အဲဒီအခါ လူငယ်က ကျုပ်သာ အဖိုးအရွယ် ရောက်ရင် အရက် မသောက်တော့ဘူး၊ အဖိုးက မိုက်နေတုန်းပဲ လို့ ပြောလိုက်ပါတယ်။

အဖိုးက ဘာမှပြန်မပြောဘဲ ပြုံးရုံပြုံးပြီး ခရီးဆက်ခဲ့ ကြတယ်။ ဒီလိုနဲ့ လျှောက်လာရင်း အဖိုးဟာ လွယ်အိတ်ထဲက ပုလွေလေးကို ထုတ်ပြီး တေးသွားတပုဒ် သီးကျူးလိုက်တယ်။

ထိုအခါ လူငယ်က "အဖိုးက အသက် ကြီးနေပြီ ခုထိ ငယ်မူ မပျောက်ဘူး။ ကျုပ်သာ အဖိုးအရွယ်ဆို သီချင်း မဆိုတော့ဘူး" လို့ ပြောလိုက် ပြန်တယ်။ ဒီတခါမှာလည်း အဖိုးက ဘာမှ ပြန်မပြောဘဲ ပြုံးပဲ နေပြန်တယ်။

အဲဒီနောက် တောထဲ ရောက်လာကြတဲ့ အခါ အသီးမှည့်တွေ မြိုင်ဆိုင်နေတဲ့ သရက်ပင်ကြီးကို တွေ့လိုက်ရတယ်။ ထိုအခါလူငယ်က "သရက်သီးတွေ ဝင်းမှည့်နေတာပဲ စားချင်လိုက်တာ အဖိုးရာ" လို့ ဆိုတော့ အဖိုးက "စားချင်တာများကွာ အပင်ပေါ် တက်ခူးစားပေါ့။ ငါ မင်းတို့ အရွယ်တုန်းကဆို အဲဒီအပင်ပေါ် တက်နေကျ" လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ လူငယ်က မခံချင်စိတ်နဲ့ သစ်ပင်ပေါ်ကို တက်ပြီး သရက်သီးမှည့်တွေ ခူးစားပါတယ်။ ပြန်ဆင်းတဲ့အခါ အခက်တွေ့နေပါတော့တယ်။ မခံချင် စိတ်နဲ့သာ တက်တာ အစထဲက သူက အပင် မတက်တတ် ဘူးလေ။ အဲဒီလို တိုးလို့ တွဲလန်း ဖြစ်နေပြီး "အဖိုး ကျုပ် မဆင်းတတ်တော့ ဘူးဗျ။ ဘယ်လို လုပ်ရမလဲ" လို့ အော်မေးလိုက်တယ်။

ဒီအခါမှာ အဖိုးက "ဒါများ ခက်လို့ကွာ ငါ မင်းအရွယ် တုန်းကဆို အဲအပင်ပေါ်က ခုန်ချနေကျ" လို့ ပြောလိုက်တယ်။ လူငယ်လေးဟာ အဖိုးရဲ့ စကားအတိုင်း အပင်ပေါ်က ခုန်ချလိုက်တာ ခြေဆစ် လွဲသွားပြီး အဖိုးအိုကို အပြစ်တင် ပါတယ်။

ဒီအခါမှာတော့ အဖိုးက "တော်တော်တုံးတဲ့ လူငယ်ပဲ ငါပြောတိုင်း မင်းဘာလို့ လျှောက်လုပ်နေလဲ။ ငါ မင်း အရွယ်တုန်းက အဲဒီ သရက်ပင်က နိမ့်နိမ့်လေး ရှိသေးတာကွ" လို့ ပြောလိုက် ပါတော့တယ်။

နေရာတိုင်းမှာ မိမိဘဝရဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အပြစ်ပြောလို့ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ လူသားတိုင်းဟာ ဘဝတခုဆီ ပိုင်ဆိုင် ကြရပေမယ့် ဖြတ်သန်းလာရာ လမ်းကြောင်းတွေ မတူညီပါဘူး၊ အတွေ့အကြုံတွေ မတူကြပါဘူး။

တချို့သော သူတွေက ပန်းခင်းလမ်းကို လျှောက်ခဲ့ရတယ်၊ တချို့သောလူတွေက ခလုပ်ကသင်း အပြည့်နဲ့ ဆူခင်းလမ်းကို ဖြတ်ခဲ့ရတယ်။ ကိုယ့်အတွက် မှန်နေတဲ့ အရာက တခြားလူအတွက် မှန်ဖို့ မှားဖို့ ဆိုတာ မသေချာ လှပါဘူး။ ကာယဝါစီ အရှင်မာနိတ

Post a Comment

1 Comments

  1. ခလုတ်ကန်သင်းလို့ ရေးရ။ ကျန်သတ်ပုံတွေမှာ။ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete