ဘေးစကားတွေ နားမယောင်ပါနဲ့

တခါတုန်းက တောရွာလေး တရွာမှာ မုဆိုးငယ်တဦး ရှိလေသည်။ ထိုမုဆိုးငယ်၏ အဓိက သားကောင်ဟာ ယုန်များသာဖြစ်သည်။ မုဆိုးငယ်သည် တောလိုက်လို့ ရရှိလာသည့် ယုန်များကို မြို့ပေါ်တတ်ပြီး ရောင်းချ၍ စီးပွှားရှာရင်း အသက်မွေး ဝမ်းကြောင်း ပြုသည်။

တနေ့သောအခါ မုဆိုးငယ် ယုန်ထောင် ထားသော ပိုက်ထဲတွင် ယုန်မဟုတ်ပဲ သမင်ငယ်လေး တကောင် မိနေသည်ကို တွေ့ရလေသည်။ ဒီတော့ ထိုသမင်လေးကို ပိုက်ထဲမှ ထုတ်ယူပြီး သူ၏ ကျောကုန်းပေါ် ထမ်း၍ မြို့ထဲသို့ သွားရောင်းစဉ် လမ်းခုလပ်၌ အရက်သမား ၃ ဦးနှင့် တွေ့လေသည်။

ထိုအခါ ပထမ အရက်သမားက မုဆိုးငယ်ကို တွေ့တော့ အခုလို ပြောလေသည်။ "အသင်မုဆိုး ဘယ်အတွက်ကြောင့် ပိုင်ရှင် မသိပဲနဲ့ ရွာထဲက ဆိတ်တကောင် ကို ထမ်းပြီး ခိုးလာရသလဲ"

ဒီတော့ မုဆိုးလေးက ခုလို ပြန်ပြော လေသည်။ "ဟာ ကျွန်တော် ထမ်းလာတာ ဆိတ် မဟုတ်ပါဘူး။ တောထဲက ကျွန်တော်ထောင်လို့ ရလာတဲ့ သမင်တကောင်ပါ" စသဖြင့် ပြောရင်း ရှေ့သို့ ခရီးထွက် လာပါတယ်။

ဒီလိုနဲ့ တနေရာ အရောက်မှာ ဒုတိယ အရက်သမား ကလည်း အခုလို ပြောပြန်တယ်။ "အမောင် ဘာလို့ ပိုင်ရှင်မသိပဲ ဆိတ်တကောင်ကို ခိုးလာရ တာလဲ"

"ကျွန်တော် ထမ်းလာတာ ဆိတ် မဟုတ်ပါဘူး၊ သမင်ပါ" ဆိုပြီး ပြောရင်း ခရီးနှင်လာ ပြန်တယ်။ ဒါပေမဲ့ သူရဲ့ စိတ်ထဲမှာ "ငါထမ်းလာတာ သမင်ပါ။ ဘာလို့များ ဆိတ်လို့ လူတွေ ပြောနေကြ တာလဲ။ သူတို့ ပြောကြသလို တကယ်များ ဆိတ် ဖြစ်နေမလား မသိဘူး" ဆိုတဲ့ သံသယတွေ ဝင်လာတယ်။

ဒီလိုနဲ့ ရှေ့ မလှမ်းမကမ်း ရောက်တော့ တတိယ အရက်သမားတဦးနဲ့ တွေ့ပြန်တယ်။ ထိုလူကလည်း ပြောပြန်တယ်။ "အသင်မုဆိုး ဘယ်အတွက်ကြောင့် သူများရဲ့ ဆိတ်တွေကို ခိုးယူပြီး ရောင်းစားနေ ရတာလဲ။ ဒီကိစ္စကို ပိုင်ရှင်ကို တိုင်မှ ဖြစ်မယ်" ဆိုပြီး ပြောလေသည်။

အရက်သမား သုံးယောက် ထွက်သွား ချိန်မှာ မုတ်ဆိုးလေးဟာ အခုလို ဆုံးဖြတ်လိုက် လေသည်။ "အင်း သေချာပါပြီ သူတို့တွေ ဒီလောက် ပြောနေ မှတော့ ဒါဟာ သမင် မဟုတ်လောက် တော့ဘူး။ တကယ့် ဆိတ်တကောင် ဖြစ်ရမယ် ဆိုပြီး သူထမ်းလာသည့် သမင်လေးကို မြေပြင်ပေါ်သို့ ပြစ်ချပြီး လာလမ်းအတိုင်း အိမ်သို့ ပြန်သွားလေ တော့သည်။

ဒီတော့မှ အရက်သမား သုံးဦးဟာ ထို သမင်လေးကို ကောက်ယူ ချက်ပြုတ်၍ စားသောက် ပစ်လိုက် လေတော့သည်။

ဒီအကြောင်းအရာလေးရဲ့ ပေးချင်တဲ့ သင်ခန်းစာက ကျွန်တော်တို့ လူသားတွေဟာ မိမိတို့ ယုံယုံကြည်ကြည်နဲ့ မှန်တာတွေ ပြော မှန်တာတွေ လုပ်နေကြပေမယ့် တခါတလေ လူအများရဲ့ စကားလုံးတွေကြောင့် မိမိရဲ့ ယုံကြည်ချက်တွေကို ဇဝေဇဝါ ဖြစ်ပြီး ရပိုင်ခွင့်တွေနဲ့ လွဲချော်ပြီး အခွင့်အရေးတွေ များစွာ ဆုံးရှုံးရတတ် ပါတယ်။

ဒါကြောင့် ဘဝမှာ မိမိ ယုံကြည်ထားတဲ့ အလုပ်တွေကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ပြီး စစ်မှန်တဲ့ ဘဝ စစ်မှန်တဲ့ လောကကြီးကို တည်ဆောက် နိုင်ကြပါစေ။ Crd

Post a Comment

0 Comments