ကျေးဇူးကန်းတဲ့ ခြင်္သေ့

တခါတုန်းက တောထဲကို လမ်းလျှောက်လာတဲ့ ခရီးသွား တယောက်ဟာ ခြင်္သေ့တကောင်ရဲ့ နာနာကျင်ကျင် အော်ဟစ်သံကို ကြားလိုက်ရ ပါတယ်။ အော်သံဟာ သူလျှောက်လာတဲ့ လမ်းနဲ့ တဖြည်းဖြည်း နီးကပ်လာပြီး မကြာခင် မှာတော့ ခြင်္သေ့တကောင် ထောက်ချောက်ထဲ မိနေတာကို မြင်လိုက်ရ ပါတော့တယ်။

အဲဒီအခါမှာ ခြင်္သေ့က ခရီးသွားကို တောင်းပန်ပါတယ်။ "အသင်ခရီးသွား ငါ့ကို တချက်လောက် ထောင်ချောက်ထဲ ကနေ လွတ်အောင် ကူညီပေးပါလား။ မကြာခင်မှာ မုဆိုး‌ ရောက်လာပြီး ငါ့ကို သတ်လိမ့်မယ်၊ အဲဒါကြောင့် ငါ့ကိုကယ်ပါ" လို့ တောင်းဆိုပါတော့တယ်။

ခရီးသွားဟာ အသက်တချောင်းကို ကယ်ချင်ပေမယ့် ခြင်္သေ့ အစားခံရမှာ ကိုလည်းကြောက်တာကြောင့် ခြင်္သေ့ကို ကတိတောင်းပါတယ်။ "ကယ်တာက ကယ်လို့ ရပါတယ်၊ ဒါပေမယ့် မင်းကို ကယ်ပြီး လွတ်မြောက်တဲ့ အခါ ငါ့ကို သတ်မစားပါဘူး၊ အန္တရာယ် မပေးပါဘူးလို့ ကတိပေးရင်တော့ ကယ်ပေးပါမယ်" လို့ ပြန်ပြောလိုက် ပါတယ်။

အဲဒီအခါ ခြင်္သေ့ဟာ အလွယ်တကူပဲ ကတိပေး ပါတယ်။ ဒါနဲ့ ခရီးသွားဟာလည်း ခြင်္သေ့ကို ထောက်ချောက်ကနေ လွတ်အောင် ကူညီပေးပြီး ကယ်ဆယ်ပေးလိုက် ပါတော့တယ်။ ထောက်ချောက် ကနေ လွတ်သွားတဲ့ ခြင်္သေ့ဟာ အားရဝမ်းသာ အော်ဟစ်လိုက်ပြီး ခရီးသွားကို ပြောလိုက်ပါတယ်။

"ဟယ် အသင်ခရီးသွား သင့်ကို အရမ်း ကျေးဇူးတင် မိပါတယ်။ ငါ့မှာ ထောက်ချောက်ထဲ ၂ ရက်လောက် အမိခံနေ ရတဲ့အတွက် ဘာမှလည်း မစားရသေးလို့ အင်မတန် ဆာလောင် နေပါတယ်။ သင့်ကို ကျေးဇူးတင် လက်စနဲ့ ငါ့ရဲ့ ဟာနေတဲ့ ဗိုက်ကိုပါ ဖြည့်ပေးလိုက်ပါ" ဆိုပြီး ကျေးဇူးကန်းတဲ့ ခြင်္သေ့ဟာ ပေးထားတဲ့ ကတိကို ဖျက်ပြီး ခရီးသွားကို စားမလို လုပ်ပါတော့တယ်။

အဲဒီ အခါ ခရီးသွားဟာလည်း "ဟုတ်ပြီ၊ အဲဒါဆို စားခွင့် ပေးရမှာပေါ့။ ဒါပေမယ့် ခဏလောက် စောင့်ပါအုံး။ နောက်ထပ်ခရီးသွား တယောက် လာတဲ့အထိ ခဏလေး စောင့်ပြီး သင်လုပ်တဲ့ အလုပ်က မှန်ကန်လား၊ တရားရဲ့လား ဆိုတာ ဆုံးဖြတ်ခိုင်းရအောင်၊ ဒါလေးတော့ သဘောတူ ပေးလိုက်ပါ။ ငါက သင့်ကို အကုန် သဘောတူပေး ထားတာပဲ" လို့ ပြန်ပြောလိုက် ပါတယ်။ အဲဒါနဲ့ပဲ ခြင်္သေ့ဟာ ခဏပဲ စောင့်နိုင်မယ် လို့ ပြန်ပြောလိုက် ပါတယ်။

မကြာခင်မှာ ယုန်တကောင်ဟာ သူတို့ ရှေ့ကနေ ဖြတ်သွားပါတယ်။ ခရီးသွား ဟာလည်း ယုန်ကို ခေါ်လိုက်ပြီး အကူအညီ တောင်းပါတယ်။ "အသင် ယုန်ပညာရှိရေ ခဏလောက် ငါတို့ ကိစ္စကို ဆုံးဖြတ်ပေး ပါအုံး။ ကိစ္စကတော့ ဒီလိုပါ" ဆိုပြီး အဖြစ်အပျက်ကို ပြောပြ လိုက်ပါတယ်။ ထိုအခါ ယုန်ပညာရှိဟာ အကျင့်မကောင်းတဲ့ ခြင်္သေ့ကို ပညာပေးဖို့ စဉ်းစားလိုက် ပါတယ်။

"ဟုတ်ပြီလေ အဲဒါဆိုရင် ဒီပြဿနာက အပြောနဲ့ချည်း ပြောလို့ မဖြစ်ဘူး။ ငါ့ကို လက်တွေ့ပြတဲ့ အနေနဲ့ အသင်ခြင်္သေ့ဟာ ဘယ်လိုမျိုး ထောက်ချောက်ထဲမှာ မိနေခဲ့သလဲ။ သက်သေ ပြပါအုံး။ အဲဒါမှပဲ အစကနေ ဖြစ်ရပ်ကို သုံးသပ်နိုင် မှာပေါ့” လို့ ယုန်ပညာရှိဟာ ခြင်္သေ့ကို ပြောလိုက်ပါတယ်။ အဲဒါနဲ့ ခြင်္သေ့ဟာ "ဒီလိုမျိုးပါပဲ" ဆိုပြီး ထောက်ချောက်ထဲကို ပြန်ဝင်ပြပြီး သူ့ခြေထောက်ကို ကျော့ကွင်းနဲ့ ပြန်စွပ်ပြလိုက် ပါတော့တယ်။

အဲဒီအခါ ကျတော့မှ ယုန်ပညာရှိဟာ ခြင်္သေ့ကို "ကောင်းပြီလေ အဲဒီလို ထောက်ချောက် မိခဲ့တယ် ဆိုရင်လည်း အဲဒီအတိုင်းသာ နေခဲ့ပေတော့ ခြင်္သေ့ရေ၊ ကျေးဇူး မသိတတ်တဲ့ သင့်အတွက် ထိုက်တန်တာက ဒီအရာပဲ၊ ငါတို့တော့ သွားပြီ" လို့ ပြောပြီး ခြင်္သေ့ကို ထောက်ချောက်ထဲမှာ ဒီအတိုင်း ပြန်ထားခဲ့လိုက် ပါတော့တယ်။

ဘဝမှာလည်း အဲဒီလို ကျေးဇူး မသိတတ် သူမျိုးကို ကြုံရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူတွေကို ဘာမှလုပ်စရာ မလိုဘဲ အချိန်တန် သူ့တို့ စိတ်ဓာတ်က သူတို့ကို ပြန်အကျိုးပေး မှာပါပဲ။ သူတို့လို စိတ်ဓာတ် ရှိသူနဲ့ သူတို့ ပြန်ကြုံရတဲ့ အခါ သူတို့အတွက် ဝဋ်က အလိုလို ပြန်လည်လာ ပါလိမ့်မယ်။ Crd

Post a Comment

0 Comments