နှာနု ဖြတ်ရိုက်နည်း

ဂျပန်သူရဲကောင်းခေတ်က ရှိုဂန်း ဓားသမားကြီး တယောက်ရှိတယ်။ အသိုင်းအဝိုင်း အဖွဲ့အစည်း အင်အားကလည်း ကြီးတယ်။ ဓားရေးကလည်း ထက် သတ္တိကလည်း ရှိတော့ နာမည်ကျော်ပေါ့။ သူလိုလူ ဒီနယ်မှာ မရှိဘူးလို့ ဆိုရလောက် အောင်ပဲ။ ယူထားတဲ့ ရာထူးကလည်း မြို့စားကြီးတဲ့။

တောနယ်က တက်လာတဲ့ ဓားသမား တယောက်က ပြိုင်ပွဲကို လာပြိုင်တယ်။ နှစ်စဉ် ပြိုင်ပွဲကလည်း ကြီးကျယ်စွာ ကျင်းပတာကိုး။ ဒါပေမဲ့ မြို့စားကြီးကို ယှဉ်နိုင်တဲ့ သူကတော့ ဒီနယ်မှာ မရှိဘူး။ ထူးခြားတာက တောသားက မြို့စားကြီးကို စိန်ခေါ်နေ တာပဲ။

မြို့စားကြီး - "မင်းလို တောသား ကတော့ လက်ရည် မမီလောက်ပါဘူး။ မသေချင် ပါနဲ့ကွာ"

တောသား - "ပြိုင်ပွဲဆိုတာ ပွဲပြီးချိန်ကို အဆုံးအဖြတ် ပေးရတာ။ နှုတ်တိုက်ပွဲမှ မဟုတ်တာ"

မြို့စားကြီး - "မင်းဘယ်လို တိုက်ချင်သလဲ"

တောသား - "ခင်ဗျား ကြိုက်သလို တိုက်မယ်"

မြို့စားကြီး - "မြင်းနဲ့ ဓားရေး ယှဉ်မယ် ဆိုရင်ရော"

တောသား - "ရတယ်လေ"

တောသားက ပြောသာ ပြောတာ ဓားလည်း ပါမလာဘူး။ မြင်းလည်း မပါလာဘူး။ ဒါကြောင့် ကြိုက်တဲ့ ဓားနဲ့ ကြိုက်တဲ့ မြင်းကို ရွေးခိုင်းတယ်။ မြို့စားက သူ့ရဲ့ အကောင်းဆုံး ဓားနဲ့ အကောင်းဆုံးမြင်းကို ထုတ်လာတယ်။ တောသားကတော့ "မြင်းကောင်း တစီးပဲ လိုချင်ပါတယ်။ ဓားကတော့ သစ်သားဓားပဲ ပေးပါ"

အားလုံး အံ့အားသင့် သွားကြတယ်။ နာမည်ကျော် ဓားသမားကြီးကို သစ်သားဓားနဲ့ တိုက်မယ် ဆိုတာ တဘက် မြို့စားကြီး စိတ်ဓာတ်ကို ရိုက်ချိုးလိုက် သလိုလည်း ဖြစ်သွားတယ်။ "ငါ့လို သူရဲကောင်းကို သစ်သားဓားနဲ့ တိုက်မယ် တဲ့လား" "ဘယ်လို တိုက်တိုက်ပါ မြင်းပေါ်က ကျတဲ့သူ အရှုံးပါ။ ဇက်ပြတ်ပြီး ရှုံမလား၊ လက်ပြတ်ပြီး ရှုံးမလား တခုခုတော့ ရွေးကြရမှာပါ"

တိုက်ပွဲနေ့ ရောက်လာပြီ။ ကွင်းပြင် အစွန်း နှစ်ဘက်မှာ မြင်းနှစ်စီးနဲ့ သူရဲကောင်း နှစ်ယောက် နေရာယူလိုက်တယ်။ အချက်ပြခရာ မှုတ်လိုက်တော့ မြင်းတွေကို အပြင်း စီးနင်းလာ ကြတယ်။ သူရဲကောင်း ဓားက နေရောင်ထဲမှာ လက်လက် ထနေတယ်။ တောသားရဲ့ ဓားက သစ်သားဓား ဆိုတော့ လူတွေက ရယ်ကြတယ်။

မြင်းနှစ်ကောင် နီးသည်ထက် နီးလာတယ်။ သူရဲကောင်းက သူ့ ဆာမူရိုင်း ဓားကြီးကို ဝင့်လိုက်တယ်။ သစ်သား ဓားကိုင်လာတဲ့ တောသားက နှာတဖြား စွန်းထွက်လာတဲ့ သူရဲကောင်းရဲ့ မြင်းနှာသီးကို သစ်သားဓားနဲ့ ရိုက်ထည့် ပစ်လိုက်တယ်။ မထင်မှတ်တဲ့ တိုက်ကွက်ကြောင့် မွှန်ထွန်ပြီး မြင်းက တုံ့ခနဲ ရပ်လိုက်တာ သူရဲကောင်းလည်း မြင်းပေါ်ကနေ လွင့်ကျ သွားတော့တယ်။

တိုက်ပွဲမှာ တခါတလေ လူတွေပဲ အာရုံစိုက် မနေသင့်ဘူး။ အဲဒီလူတွေကို ကြိုးကိုင်ထားတဲ့ ကောင်တွေကို နှာသီး ဖြတ်ရိုက်လိုက်တာ ဟာလည်း အဓိကကျတဲ့ လူတွေကို ကျဆုံးစေတဲ့ အချက် ဆိုတာ တောသားက ကောင်းကောင်း ပညာပြသွားတယ်။

ဘာဖြစ်ဖြစ် ဘယ်လောက်ထက်တဲ့ ဓားကိုင်ကိုင် ဘယ်လောက်ကောင်းတဲ့ မြင်းစီးစီး နှာနုကို ဖြတ်ရိုက်နိုင်အောင် ကြိုးစားကြည့်တာ ကလည်း ဂျပန် ရှိုဂန်းခေတ်ရဲ့ ဗျူဟာတခု ဆိုတာ ကောင်းစွာ မှတ်သားလိုက် ရပါတယ်။ တင်ညွန့် (The Folk Sword Man)

Post a Comment

0 Comments