မရိုက်မိသော သံတချက်

တခါတုန်းက ကုန်သည်တယောက်ဟာ ဈေးပွဲကို ပစ္စည်းတချို့ ရောင်းဖို့ သွားခဲ့တယ်။ ပစ္စည်းအားလုံးက ဈေးကောင်း ရလိုက်တော့ သူ့ငွေအိတ်ထဲမှာ ရွှေစ ငွေစ အပြည့် ရလိုက်တာနဲ့ သူအတော် ပျော်သွားတယ်။ "ဒီနေ့ ငါအတော် ကံကောင်းပါလားနော်။ ပြန်ရမယ့် ခရီးက ရှည်တော့ အခုပဲ အိမ်ပြန်မှ တော်တော့မယ်" လို့ သူ့ကိုယ်သူ ပြောတယ်။

ဒါနဲ့ ထမင်းဆိုင်ထဲ မြင်းယူဖို့ သူဝင်သွားတယ်။ အဲ့ဒီမှာ မိတ်ဆွေတချို့နဲ့ တွေ့တယ်။ "မပြန်ခင် ကျုပ်တို့နဲ့ လက်ဖက်ရည် သောက်ပါဦး။ ခင်ဗျားက အတော်လေး ရလိုက်တော့ ပျော်ဖို့ အချိန်လေး တခုအတွက်တော့ တတ်နိုင်မှာပါ" လို့ သူတို့က ပြောတယ်။

"အင်း၊ ကျုပ် ကြာကြာတော့ မနေနိုင်ဘူး။ အပြန်လမ်းက ညဆိုရင် ဓားပြ မကြာခဏတွေ့ရတတ်တော့ မမှောင်ခင် အိမ်ပြန်ရောက်မှ သင့်မယ်။ လက်ဖက်ရည်ပဲ သောက်တော့မယ်" လို့ ကုန်သည်က ပြောတယ်။

ဘာပဲပြောပြော သူ အတော် ပျော်လိုက်တာ သူတို့တတွေနဲ့ စကားပြောရင်း အချိန်အတော် ကုန်သွားတယ်။ နောက်မှ သူက ထခုန်လိုက်ရင်း "အလိုလေး ဒီလောက် နောက်ကျသွားမှန်း မသိဘူး။ ချက်ချင်း ပြန်မှ ဖြစ်တော့မယ်" လို့ ပြောလိုက်တယ်။

သူ့မြင်းကို ဆွဲလာတယ်။ ဒါပေမယ့် ဆွဲလာတုန်း သူ့မိတ်ဆွေ တယောက်က သူ့မြင်းရဲ့ ခွာတွေကို ကြည့်ရင်း "မြင်းခွာမှာ သံတချက် ပြုတ်နေတယ်။ ခဏစောင့်ပြီး ရိုက်ထည့်လိုက်ရင် ကောင်းမယ်" လို့ ပြောတယ်။

"မဖြစ်ဘူး မဖြစ်ဘူး တမိနစ်တောင် မစောင့်နိုင်ဘူး။ ချက်ချင်း ထွက်ရမယ်။ သံတချောင်းက အကြောင်း မဟုတ်ဘူး" လို့ ကုန်သည်က ပြောတယ်။ အဲဒါနဲ့ သူ့မြင်းပေါ် တက်ပြီး မြို့ပြင်ကို ကဆုန်စိုင်း ထွက်သွားတယ်။

နာရီ အတန်ကြာ ခရီးနှင်လာ ခဲ့ပြီးနောက် ထမင်းဆိုင် တဆိုင်မှာ တခုခု စားဖို့ ရပ်လိုက်တယ်။ နောက်တခါ ပြန်ထွက်မယ် လုပ်တော့ မြင်းဇောင်းက ကောင်လေးက "ခင်ဗျားမြင်းမှာ သံခွာတခု ပြုတ်နေတယ်။ မြင်းကို ပန်းပဲဆရာဆီ လှည့်ခေါ်ဖို့ ကျွန်တော့်ကို ခွင့်ပြုပါ" လို့ ပြောတယ်။

"မဖြစ်ဘူး ငါမစောင့်နိုင်ဘူး အခုကိုပဲ နောက်ကျနေပြီ။ မိုင်နည်းနည်းပဲ သွားရတော့မှာ ခွာတခု မပါလည်း မြင်းက ဒီလောက်အဝေးကို သွားနိုင်မှာပါ" လို့ ကုန်သည်က ပြောလိုက်တယ်။ နောက်တခါ မြင်းပေါ် တက်ပြီး ဆက်စီး သွားတယ်။

ဒါပေမယ့် မိုင်နည်းနည်း ရောက်တော့ မြင်းက ထော့နင်းထော့နင်း ဖြစ်လာတယ်။ သွားတာ တဖြည်းဖြည်း နှေးသွားတယ်။ ချက်ချင်းဆိုသလို ခလုတ် တိုက်မိပြီး ကုန်သည်လည်း လိမ့်ကျလုမတတ် ဖြစ်သွားတယ်။

သူအောက်ဆင်းပြီး မြင်းခွာကို ကြည့်လိုက်တယ်။ "အတော် ဆိုးပါလား။ မြင်းရဲ့ ခြေထောက်က လုံးဝ ကျိုးသွားပြီ။ လမ်းလျှောက်ပြီး မြင်းကို ဆွဲသွား ရတော့မှာပဲ" လို့ သူ့ကိုယ်သူ ပြောတယ်။ သူနည်းနည်း ထပ်လျှောက်သွားတယ်။

နောက်ဆုံးမှာတော့ မှောင်လာနေပြီ။ အိမ်နဲ့ အလှမ်းဝေးတဲ့ ခရီးမှာပဲ ရှိသေးတယ်။ ချက်ချင်း ဆိုသလို ဓားပြ ၂ ယောက် ခြုံတွေကြားက ခုန်ထွက်လာတယ်။ ကုန်သည်လည်း အံ့အား သင့်သွားတယ်။ မောလည်းမော တိုက်ဖို့လည်း မတတ်နိုင်တော့ဘူး။

အဲဒီလိုနဲ့ ဓားပြတွေက သူ့ပိုက်ဆံတွေကို မြန်မြန်ဆန်ဆန် လုယူပြီး သူ့ကို မြင်းကျိုးဘေးမှာ ထိုင်လျက်သား ထားခဲ့ကြတယ်။ အမှောင်ထဲမှာ အညိုအမည်း စွဲပြီး မောလည်းမော ယူကျုံးမရလည်း ဖြစ်သွားတယ်။

"အမယ်လေးဗျ၊ မြင်းခွာတချက် မနှက်မိလိုက်တာနဲ့ ကျုပ်ငွေတွေ ဆုံးပါပေါ့။ ဒီလောက်မိုက်တဲ့လူ သံရိုက်ဖို့ အချိန်နည်းနည်းပေးခဲ့ရင် ကျုပ်မြင်းလည်း ခွာကျွတ်ပြီး ကျိုးမှာ မဟုတ်ဘူး။ ဒီအချိန်လောက်ဆို ကျုပ်ရှိတဲ့ ငွေတွေနဲ့ ကျုပ်အိမ်မှာ ဘေးကင်းရန်ကင်း ရောက်နေရမှာဗျ" လို့ ဆိုပြီး နောင်တ ကြီးစွာ ရသွားခဲ့ပါတယ်။ Crd

Post a Comment

0 Comments