ခေါင်းလောင်းသံ မကြားလိုက်တဲ့ ကိုကျီးကန်း

တခါတုန်းက ကျီးကန်းတွေရဲ့ စာသင်ကျောင်းမှာ ဆရာမကြီးက တပည့်တွေကို ဆုံးမတယ်။ "မင်းတို့ အားလုံး ငါပြောတာကို ကြားတယ် မဟုတ်လား" "ကြားပါတယ် ဆရာမကြီး" "အေး ဒီပုံပြင်ထဲက ကျီးကန်းလို မမိုက်မဲမိ ကြစေနဲ့။ ဆင်သေကောင်ရဲ့ အသားကို စားဖို့ မက်မောရင်း ပင်လယ်ထဲမှာ ဒုက္ခ ရောက်ရတယ်။ ကမ်းမမြင် လမ်းမမြင် သေသွား ရတယ်။ ကျပ်ကျပ် သင်ခန်းစာ ယူကြ" "ဟုတ်ကဲ့ပါ ဆရာမကြီး"

အဲဒီအချိန်မှာ စာသင်ခန်းထဲကို ရောက်မလာတဲ့ ကျီးကန်းလေး တကောင်လည်း ရှိတယ်။ ကျောင်းပြေးတာ ရယ်တော့ မဟုတ်ပါဘူး။ ကျောင်းတက် ခေါင်းလောင်းသံကို သူ မကြားလိုက်တာပါ။ ရွာအပြင် မြစ်ဆုံက သစ်ပင်ကြီး တပင်ပေါ်မှာ သူ နားနေတယ်။ ကျီးကန်း မျက်စိမို့လို့ ဟိုကြည့် ဒီကြည့် ကြည့်ရင်း ရေထဲမှာ မျောပါလာတဲ့ အရာကြီး တခုကို သူမြင်လိုက်သတဲ့။ " ဟာ ဘာကြီးပါလိမ့် "

ထင်ထင် ရှားရှား တွေ့ရတော့ သူ အံ့ဩသွားတယ်။ "ဟာ ဆင်သေကောင်ကြီးပဲ" ဆင်သေကောင်က လတ်လတ် ဆတ်ဆတ်ပဲ ရှိသေးတယ်။ အကြီးကြီး၊ အကြာကြီး စားလို့ရတယ်။ သူ ဝမ်းမြောက် ဝမ်းသာနဲ့ ဆင်သေကြီးဆီ ထိုးဆင်းသွားတာပေါ့။ ဟိုတို့ ဒီဆိတ်နဲ့ မြိန်ရေရှက်ရေ စားသောက်ရင်း ဆင်သေကောင်ကြီးနဲ့ အတူ ပင်လယ်ဆီ မျောပါ သွားတော့တယ်။

အဲဒီမြင်ကွင်းကို မြင်လိုက်တဲ့ ကျီးကန်း တချို့ ရှိတယ်။ "ဟာ ဒီကောင်တော့ ဒုက္ခပါပဲ" "ဟုတ်ပါရဲ့ တော်တော် မိုက်တဲ့ကောင်ပဲ" အဲဒီသတင်းက ကျီးကန်းတွေရဲ့ ရွာထဲမှာ အုတ်အော် သောင်းတင်း ဖြစ်ကုန်တော့တယ်။ ဆင်သေနဲ့ အတူ ပါသွားတဲ့ ကျီးကန်းလေး ကတော့ ဆင်သေ အသားကို စားပြီး သူ့ဘာသာ ကျေနပ် အားရနေတယ်။ တဖြည်းဖြည်း ဆင်သေရဲ့ အသားက ကုန်ခန်းလာပြီး ကမ်းမမြင် လမ်းမမြင် အခြေအနေကို သုံးသပ်မိတော့မှ "ဟာ ပြဿနာပဲ"

ဆင်သေက မကြာခင် လုံးလုံး လျားလျား ကုန်တော့မယ်။ အဲဒီအခါမှာ သူ့မှာ စားစရာလည်း မရှိတော့ဘူး။ နားစရာလည်း မရှိတော့ဘူး။ ဒေါင်လိုက်ပဲ ဖြစ်ဖြစ် အလျားလိုက်ပဲ ဖြစ်ဖြစ် ပင်လယ်ကို ဖြတ်ပြီး သူ မကူးနိုင်ဘူး။ "ငါ ဘယ်လို လုပ်ရပါ့မလဲ" ကုသိုလ်ကံလေး နည်းနည်း ကောင်းချင်တော့ တခြား တိရစ္ဆာန် အသေကောင်တွေ မျောလာတာနဲ့ ထပ်တိုးတယ်။ တကောင်ပြီး တကောင်ပေါ် ခုန်တက်လို့ နားရင်း စားရင်း သူ့အသက်ကို ရသလောက် ဆွဲဆန့် နေရတယ်တဲ့။

ကျီးကန်းတွေရဲ့ ရွာမှာတော့ သူ့အကြောင်းကို မေ့လျော့စ ပြုလာပါပြီ။ ကျီးမိုက်များရဲ့ စာရင်းထဲမှာ နာမည်သစ် တခုအနေနဲ့ပဲ သွင်းလိုက်ကြ ပါပြီ။ ဆင်သေကောင် မက်မောမိတဲ့ ကျီးကန်း အကြောင်းကို ပြောတိုင်း ဆရာမကြီးက သူ့ကို ဥပမာပြုပြီး ဆုံးမရ တော့တာပေါ့။

အဲဒီလိုနဲ့ သုံးနှစ်လောက် အကြာမှာ "ဟင် မင်း မင်း ပြန်လာတယ်" "ဟုတ်တယ်လေ ကျွန်တော် ပြန်လာတယ်" "မင်း မင်း ဆင်သေကောင်ကြီးနဲ့ ပါသွားတာ မဟုတ်လား" "ဟုတ်တယ်လေ၊ အခု ရွာကို သတိရလို့ ပြန်လာတာ" ဆင်သေကောင်နဲ့ ပါသွားတဲ့ ကျီးကန်းလေးက ရွာကို ပြန်ရောက်လာ ပါတယ်။ အတက်ချီကေ့စ်ကို ဆွဲပြီး နိုင်ငံခြားဖြစ် အကောင်းစား မျက်မှန်နဲ့ အကောင်းစား အဝတ်အစားတွေနဲ့ တကိုယ်လုံးကို ဖိတ်ဖိတ်တောက်လို့။ "ဘယ်လိုတွေ ဖြစ်သလဲကွာ။ နည်းနည်း ရှင်းပြပါဦး"

ရွာသားကျီးကန်းတွေက သူ့ကို ဝိုင်းအုံပြီး မေးကြတယ်။ သူက စီးကရက်ကို ပါးစပ်မှာ ခဲပြီး အကောင်းစား မီးခြစ်နဲ့ ထောက်ခနဲ မီးညှိ လိုက်တယ်။ ဘောင်းဘီပေါ်မှာ တင်နေတဲ့ ဖုန်မှုန့် ကလေးကို တောက်ထုတ်လိုက်ပြီး သူ့အကြောင်းတွေကို ရှင်းပြတယ်။ "အဲဒီလိုနဲ့ဗျာ တနေ့ကျတော့ ပင်လယ်ကူး သင်္ဘောတစင်းနဲ့ ကျွန်တော် သွားတွေ့တယ်။ သူတို့က ကျွန်တော့ကို လေကြောင်း အရာရှိအဖြစ် ခန့်အပ် လိုက်တယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်လည်း ကမ္ဘာပတ်နေ လိုက်တယ်။ ရွာကိုလည်း သတိရတာနဲ့ ဒီတခေါက်တော့ ဝင်ဖြစ်အောင် လှည့်ဝင်လာတာ မနက်ကပဲ လေယာဉ် ဆိုက်တာလေ"

နောက်တော့ သူ့ဆီမှာ ပါတဲ့ နိုင်ငံတကာ အသုံးအဆောင် ပစ္စည်းတွေကို လက်ဆောင် လိုက်ပေးတယ်။ ကျေးဇူးတင်စကား ပြန်ပြောကြ၊ လက်ဆောင် ပစ္စည်းတွေကို ပိုက်ပြီး အူမြူးကြနဲ့ အဲဒီညကဆို ကျီးကန်းတွေ တရွာလုံး အိပ်လို့တောင် မရဘူးတဲ့။ မနက် မိုးလင်းတော့ ဆရာမကြီးက ကျောင်းကို ဖွင့်တယ်။ "ဂလောင် ဂလောင် ဂလောင်"

ခေါင်းလောင်း ခေါက်ပေမယ့် တပည့်တွေက ရောက်မလာဘူး။ "ဘယ်လိုဖြစ်တာပါလိမ့်" ဆရာမကြီးဟာ ကြိမ်လုံး ဆွဲပြီး သူ့တပည့်တွေကို ရွာထဲမှာ လိုက်ရှာတယ်။ မတွေ့ဘူး။ တွေ့မယ် တွေ့တော့ ရွာအပြင် မြစ်ဆုံက သစ်ပင်ကြီးပေါ်မှာ သူ့တပည့်တွေ အားလုံး စီစီရီရီ နားလို့။ ဆရာမကြီးက ဒေါသတကြီး မေးလိုက်တယ်။ "မင်းတို့ ခေါင်းလောင်းခေါက်တာကို မကြားဘူးလား"

အားလုံးက ပြန်ဖြေတယ်။ "မကြားလိုက်ပါဘူး" "နေပါဦး မင်းတို့က အဲဒီမှာ ဘာလုပ်နေကြတာလဲ" ဒီတခါ ပြန်ဖြေတော့လည်း ညီတူညာတူ ပါပဲ။ "ဆင်သေကောင်ကို စောင့်နေတာ" တဲ့။ တာရာမင်းဝေ

Post a Comment

0 Comments