မထုမိသော တူတချက်

တခါတုန်းက လူသွားလူလာ များတဲ့ တောလမ်း တနေရာမှာ ကျောက်တုံးကြီး တတုံး ရှိသတဲ့။ အဲဒီကျောက်တုံး ပေါ်မှာလည်း စာတချို့ ရေးထွင်း ထားပါတယ်။ ကျောက်တုံး ပေါ်မှာ ရေးထားတဲ့ စာကတော့ "ဤကျောက်တုံးကြီးကို ဆယ်ပေါင်တူနှင့် အချက် တထောင် ပြည့်အောင် ထုခွဲလျှင် တသက်စာ ချမ်းသာသော ရတနာများ ရလိမ့်မည်" တဲ့။ လမ်းသွားလမ်းလာ တွေက အဲဒီစာကို မြင်တော့ ပြုံးကြတာပေါ့။

အရူးတယောက် လက်ဆော့သွားတာ နေမယ် လို့ထင်ကြေးပေးတဲ့ သူတွေလည်း ရှိပါတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ ကျောက်တုံးကြီး ထုခွဲရုံနဲ့ တသက်စာ ချမ်းသာဖို့ ဆိုတာ စိတ်ကူးယဉ် ဆန်လွန်းတယ်လေ။ နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တထောင် ထုဖို့ဆိုတာ တော်ရုံ ဇွဲသတ္တိ နဲ့လည်း မဖြစ်ဘူး မဟုတ်လား။ ဒီလိုနဲ့ ခရီးသွား တွေဟာ အဲဒီ ကျောက်တုံးကြီးကို ခဏတဖြုတ် နားစရာ အနေနဲ့ပဲ ထိုင်ကြ မှီကြပြီး ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စား ကြဘူးတဲ့။

တနေ့မှာတော့ လူတယောက်ဟာ ဆယ်ပေါင်တူနဲ့ သောက်ရေဗူးနဲ့ ရောက်လာပြီး အဲဒီ ကျောက်တုံးကြီးကို ထုခွဲ ပါတော့တယ်။ဖြတ်သွားဖြတ်လာ တွေကတော့ သူ့ကို လှောင်တဲ့သူက လှောင်၊ ပြုံးတဲ့သူက ပြုံး၊ ချီးမွမ်းတဲ့ သူက ချီးမွမ်း၊ အရူးလို့ ပြောတဲ့သူက ပြောပေါ့လေ။ ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီးနဲ့ ထုလိုက်၊ ရေသောက်လိုက်နဲ့ ကြိုးစားနေဆဲပဲ။

လူတွေကလည်း တယောက်ပြီး တယောက် လာပြီးတော့ မဖြစ်နိုင်တဲ့ အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော၊ တကယ် ချမ်းသာမယ်ဆို ရှေးလူတွေက ထုခွဲခဲ့ ကြမှာပေါ့။ တကယ် မဟုတ်လို့သာ အရင်လူတွေက ဒီအတိုင်း ပစ်ထားခဲ့ ကြတာလို့ မှတ်ချက် ပေးသူကပေး စသည်ဖြင့် အမျိုးမျိုး ပြောဆို ကြတယ်။

အချက် ၅၀၀ ကျော်လာတဲ့ အခါ သူလည်း တဖြည်းဖြည်း ပင်ပန်းလာသလို တယောက်ပြီး တယောက် လာတားကြတဲ့ စကား တွေကြောင့် အားနည်းနည်း လျော့ချင်သလို ဖြစ်လာပါတယ်။ ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာပါ တော့တယ်။ တဖက်က အချက်ပေါင်း ငါးရာတောင် ကျော်လာခဲ့ပြီပဲ ဒီကျောက်တုံးကို ဆက်ခွဲမယ်လို့ တွေးမိသလို၊ တဖက်ကလည်း ကျောက်တုံးကြီး ကွဲလို့ အထဲမှာ ဘာမှ မရှိရင်ရော ဆိုတာမျိုးလည်း တွေးနေမိတယ်တဲ့။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံးကြီးကို ဆက်ခွဲလာလိုက်တာ ဘယ်နှစ်ချက် ရှိသွားပြီ ဆိုတာကို သူမေ့သွားခဲ့တယ်။အချက် ၇၀၀ လား၊ ၈၀၀ လား သူမသိတော့ဘူး။ အဲဒီအချိန်မှာပဲ နောက်ထပ် လူတယောက် ရောက်လာခဲ့ပါတယ်။ လာသမျှလူတွေလို ဆက်မလုပ်ဖို့ တားမယ်လို့ ထင်ခဲ့ပေမယ့် ဒီလူကတော့ ပူးပေါင်းဖို့ လာတာ ဖြစ်ပါတယ်။

"ကျွန်တော် ပါဝင်ပါရစေ။ တကယ်လို့ ရလာလျှင် ခင်ဗျားက အရင် အားစိုက်ထုတ်ပြီး ဖြစ်တဲ့အတွက် ဝေစုရဲ့ နှစ်ပုံကို ယူပါ။ကျွန်တော်က နောက်မှ လာပူးပေါင်းတဲ့ အတွက် ကျွန်တော့်ကို ဝေစု တပုံပဲ ပေးပါ" လို့ တောင်းဆိုသတဲ့။ အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့။ ဟုတ်တယ်လေ။ သူကြိုးစားလာတာ အချက်တထောင် ပြည့်ခါနီးနေမှ လာပူးပေါင်းတာကိုး။ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံတစ်ပုံပေးပါတဲ့။

နောက်တော့ အို ကိုယ်က အပင်ပန်း ခံထားတာပဲ၊ မပေးနိုင်ပါဘူး လို့ တွေးလိုက်ပြီး ဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့။ ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။ ဒုတိယလူ ကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲ ထိုင်စောင့်နေခဲ့တယ်။

သူအချက်ပေါင်း များစွာ ကြိုးစား ခွဲပေမယ့် ကျောက်တုံးကြီး ကတော့ တုတ်တုတ်မှ မလှုပ်သေးဘူးတဲ့။ နောက်ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီး လက်လျှော့လိုက် ပါတော့တယ်။ ပြီးတော့ ဒုတိယလူကိုလည်း "ကျွန်တော် ဒီကျောက်တုံးကြီးကို ထုခွဲလာတာ အချက်ပေါင်း တထောင် ကျော်လောက်ပြီဗျ၊။ ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။ အမှန်က ကျွန်တော် ရူးတာပါဗျာ။အစကတည်းက မလုပ်ပဲ နေခဲ့ရမှာ" ဆိုပြီး ပြောပါတယ်။

ဒုတိယလူက "ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ်မယ် ဆိုရင်ကျွန်တော် ဆက်ထုခွဲပါရစေ" လို့ ခွင့်တောင်းသတဲ့။ ပထမလူက "ခင်ဗျားလည်း အပင်ပန်း ခံမနေပါနဲ့ဗျာ။ ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ စွန့်လွှတ်လိုက်ပြီ" လို့ ပြောပြီးထွက်သွားလေသတဲ့။ သူထွက်သွားလို့ ခပ်လှမ်းလှမ်း အရောက်မှာပဲ ဝုန်းဆိုတဲ့ အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိလိုက်တော့ ကျောက်တုံးကြီး ကွဲနေတာကို အံ့သြဖွယ်ရာ မြင်လိုက်ရပါတော့တယ်။

ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက် တောက်ပနေတဲ့ ရတနာ တွေပေါ့။ ဒုတိယလူက ရတနာတွေ ရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေတဲ့ပုံနဲ့။ သူဟာ အံ့လည်း အံ့သြသလို နောင်တလည်း ရသွားပါတယ်။ အမှန်တော့ သူကြိုးစားပြီး ကျောက်တုံးကြီး ကို ဆယ်ပေါင်တူနဲ့ ထုခဲ့တဲ့ အချက်ပေါင်းဟာ ၉၉၉ ချက်ပဲ ရှိသေးတာကို သူ မသိခဲ့တာလေ။ ဒီတော့ ဒုတိယလူ ဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက် တချက်ပဲ ထုလိုက်ရတော့ တာပေါ့။

တခါတလေ ကိုယ်တို့ ဘဝတွေမှာလည်း သူများတွေ ကြိုးစားနေချိန် ပူးပေါင်းပါဝင်ဖို့ရော ကြိုးစားဘူးပါသလား၊ ဘေးကနေ ဖြတ်သွားဖြတ်လာ လုပ်ပြီး ကြိုးစားနေသူကို မဖြစ်နိုင်ဘူးလို့ တားမြစ်ဘူးပါသလား၊ ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့် အားလျော့ စိတ်ပျက်သွားတာမျိုး ဖြစ်ဘူးပါသလား၊ တွေဝေမိတဲ့ ဒွိဟ စိတ်တွေကြောင့် ထားလက်စရည်မှန်းချက် ပျောက်သွားတာမျိုးရော ဖြစ်ဘူးပါသလား။

ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင် မထုမိ လိုက်တဲ့ တူ တချက်ကြောင့် ဘဝကို ပြောင်းလဲပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်တာကို မမေ့ပါနဲ့နော်။ လူတွေက ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေ၊ ကဲ့ရဲ့သည် ဖြစ်စေ၊ လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ၊ စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှု နဲ့ ကြိုးစားအားထုတ်မှု ကိုတော့ ဘယ်တော့မှ မဖျက်ဆီးလိုက်ပါနဲ့။ Crd

Post a Comment

0 Comments