အမေတွေရဲ့အသံမှာ ရှိနေတတ်တဲ့လျှို့ဝှက်စွမ်းအားများ

အမေတွေရဲ့အချစ်မှာ သဘာဝလွန်စွမ်းအားတွေ ပါဝင်နေသလိုပါပဲ။ တချို့ခက်ခဲတဲ့ အရာတွေကို အမေတွေရဲ့မေတ္တာက ကုသပေးနိုင်ပါတယ်။ ဒါ့အပြင် အမေတွေရဲ့အသံမှာလည်း စွမ်းအင်တွေ ရှိနေပါသေးတယ်။

အမေတွေရဲ့အသံမှာ စွမ်းအင်တွေရှိနေလား ဆိုတာကို စမ်းသပ်ဖို့အတွက် အမေ ၆၁ ယောက်ကို သုတေသနပြုခဲ့ပါတယ်။ အဲဒီအမေ ၆၁ ယောက်မှာ အသက် ၇ နှစ်ကနေ အသက် ၁၂ နှစ်ကြား ကလေးတွေ ရှိကြပါတယ်။

အဲဒီကလေးတွေကို လူအများရှေ့မှာ စကားပြောခိုင်းပြီး လူအများရှေ့မှာပဲ သင်္ချာပုစ္ဆာတွေကို အဖြေရှာခိုင်းပါတယ်။ အဲဒါကြောင့် ကလေးတွေမှာ စိတ်လှုပ်ရှားပြီး ကော်တီဇောဟော်မုန်းတွေလည်း မြင့်လာပါတယ်။ နှလုံးခုန်နှုန်းတွေကလည်း မြန်လာပါတယ်။

အဲဒီနောက်မှာတော့ ကလေးတွေကို အုပ်စု ၃ စုခွဲလိုက်ပါတယ်။ ပထမအုပ်စုကို အမေတွေနဲ့ ပေးတွေ့ပြီး ဒုတိယအုပ်စုကို အမေနဲ့ ဖုန်းပြောခိုင်းပါတယ်။ တတိယအုပ်စုကိုတော့ စိတ်ခံစားချက်မပါတဲ့ ဗွီဒီယိုကို ကြည့်ခိုင်းပါတယ်။

ပြီးတဲ့နောက်မှာတော့ ကလေးတွေကို စမ်းသပ်ကြည့်တဲ့အခါ အမေနဲ့ ဖုန်းပြောတဲ့ကလေးတွေနဲ့ အမေနဲ့တွေ့တဲ့ကလေးတွေဟာ ကော်တီဇောဟော်မုန်းအဆင့်ချင်း တူနေတာကို တွေ့ရပါတယ်။ ပြီးတော့ ပျော်ရွှင်တဲ့ဟော်မုန်း၊ ချစ်ခြင်းမေတ္တာဟော်မုန်းလို့ခေါ်တဲ့ အောက်ဆီတိုစင်ဟော်မုန်းလည်း မြင့်လာတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဗွီဒီယိုကြည့်တဲ့အုပ်စုက ကလေးတွေမှာတော့ ဟော်မုန်းတွေ တိုးလာတာကို မတွေ့ရပါဘူး။ အဲဒါကြောင့် အမေရဲ့အသံက စိတ်ခံစားချက်တွေကို ကုသပေးနိုင်တဲ့ အစွမ်းရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

နောက်ထပ်သုတေသန တစ်ခုမှတော့ အသက် ၅ နှစ်ကနေ ၁၂ နှစ်အရွယ် ရှိတဲ့ကလေးပေါင်း ၁၇၆ ယောက်ကို လေ့လာခဲ့ပါတယ်။ ပြီးတော့ ကလေးတွေအတွက် ဘယ်လိုနှိုးစက်က အဆင်အပြေဆုံးလဲ ဆိုတာကို မေးမြန်းလိုက်တဲ့အခါ ကလေး ၄ ပုံ ၃ ပုံက အမေရဲ့အသံနဲ့ နိုးထရတာကို အကြိုက်ဆုံးဖြစ်ကြောင်း ဖြေဆိုခဲ့ကြပါတယ်။ အဲဒါကြောင့် အမေရဲ့ချိုသာတဲ့အသံက အကောင်းဆုံးနှိုးစက်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

နောက်ထပ်လေ့လာမှု တစ်ခုကတော့ အမေတွေရဲ့အသံက ကိုမာရောဂါသည်တွေအပေါ် သက်ရောက်မှု ရှိနိုင်လားဆိုတာကို စမ်းသပ်ခဲ့ကြတာပါ။ Ryan Schroeder လို့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသားတစ်ယောက်ဟာ ကားမတော်တဆမှုကြောင့် ကိုမာဖြစ်သွားခဲ့ပါတယ်။

သူ့ရဲ့ဦးနှောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး တစ်လအကြာမှာ ဘာမှကို မလှုပ်ရှားနိုင်တော့ပါဘူး။ မျက်လုံးတွေက ပွင့်နေပေမယ့် ပတ်ဝန်းကျင်ကို သတိမထားနိုင်တဲ့ပုံ ဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့အမေ၊ အဖေနဲ့ အစ်မရဲ့အသံတွေကို သွင်းပြီး နားထောင်စေပါတယ်။

တစ်နှစ်ကြာပြီးနောက်မှာ Schroeder က အကူတစ်ယောက်နဲ့ လမ်းလျှောက်လာနိုင်သလို သူငယ်ချင်းတွေကိုလည်း စာပို့လာနိုင်ပါတယ်။ ကိုယ်တိုင်လည်း သွားတိုက်နိုင်လာခဲ့ပါတယ်။ အခြားမိသားစုဝင်တွေရဲ့ အသံတွေကြောင့် မဟုတ်ဘဲ အမေရဲ့အသံ၊ ပြုစုစောင့်ရှောက်ပေးမှုတွေကြောင့် တိုးတက်လာတာဟာ တိုက်ဆိုင်မှုမဟုတ်ကြောင်း Schroeder က ပြောပြပါတယ်။

အဲဒါကြောင့် အမေရဲ့အသံက ဦးနှောက်ထိခိုက်ဒဏ်ရာရသူကိုတောင် သက်သာလာစေဖို့ အကူအညီ ပေးကောင်းပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

အခက်အခဲတွေ အများကြီး ကြုံတွေ့ရချိန်မှာ သင့်အမေက ထိထိရောက်ရောက် ကုစားပေးနိုင်တဲ့ စွမ်းအားပိုင်ရှင်ပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments